Friday 4 October 2019

ငါးပြေမဟင်း


ဒီနေ့တော့ အရိုးများပေမဲ့ စားလို့ အရမ်းကောင်းတဲ့ ငါးပြေမ အချဉ်ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် အရိုးများပေမဲ့ အရမ်းစားလို့ကောင်းတဲ့ ငါးဟင်းတစ်မျိုးပါ ငါးပြေမ ချက်တော့မယ်ဆိုရင် ပါးဟက်အောက်ဖက်မှ အဆူးများနှင့် ဘေးဆူးတောင်တွေကို သတိထားပြီး ခုတ်ပေးပါ။

အခုနောက်ပိုင်းတော့ ငါးပြေမ အဆင်သင့်ချက်ရုံ ဗူးလေးတွေနဲ့လာတာမို့ ကိုင်ရခုတ်ရတာ သက်သာတဲ့အတွက် အချဉ်ဆီပြန်ဟင်းလေး ချက်ဖြစ်သွားတာနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

ငါးပြေမ- 500 g
ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ
ကြက်သွန်နီ - အနေတော် တစ်ခြမ်း
ချင်း - လက်တစ်ဆစ်ခန့်
ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငရုတ်သီးစိမ်း - ၁၀ တောင့်
နံနံပင် - နှစ်သက်သလောက်
ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
ဆီ - ထမင်းစားဇွန်း လေးဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ငါးအရသာနယ်ရန်
သန့်စင်ပြီး ရေစင်အောင် ဆေးထားသော ငါးပြေမကို ဇလုံကျယ်ကျယ်ထဲ ထဲ့ထားပါ
ဆားလက်ဖက်ရည်ဇွန်း တစ်၀က်သာသာနှင့် ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းတို့ထဲ့ပေးပါ
နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံနှင့် အရသာမှုန့် ငရုတ်ကောင်းမှုန့်တို့ကို ထဲ့ပေးပါ
အားလုံးထဲ့ပြီးပါက အရသာ၀င်စေရန် ငါးကိုဆုတ်ပြီး နယ်ပေးပါ
ဟင်းချက်ရန်
ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
ဒယ်အိုးထဲမှာ ဆီထဲ့ပြီး အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
ဆီပူလာပါက နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့ကိုအရင်ထဲ့ပြီး ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို ၂မိနစ်လောက် မွှေးလာတဲ့ထိ ထဲ့မွှေပါ
ဆီသတ်နံ့မွှေးလာတာနဲ့ အရသာ နယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသား မာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
ငါးအသား မာတာနဲ့ရေမြုပ်အောင်ထဲ့ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထဲ့ပြီး အိုးအဖုံးအုပ်ပြီး တည်ပေးပါ
ရေဆူလာတာနဲ့မကျီးမှည့်အနှစ် ငရုတ်သီးစိမ်းတောင့်တို့ကိုထဲ့ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
ဆီပြန်လာပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် ပြင်ပေးကာ နံနံပင်အုပ် မီးပိတ်ပေးပါ
နံနံပင်နံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ် အရသာ ကောင်းလွန်းတဲ့ ငါးပြေမ ဆီပြန်ဟင်းလေး ရပါပြီ။

No comments:

Post a Comment