Tuesday 29 November 2022

ဂ‌ဏန်းကြော်


 









နေ့လည်နေ့ခင်းဆို အိမ်မှာ အိမ်မှာတစ်ယောက်ထဲ ရှိနေတာက များတတ်တော့ အပင်လေးတွေ စိုက်ချင်စိုက် အပင်လေးတွေ မစိုက်ဖြစ်တဲ့နေ့ဆို ဘာလေးလုပ်စားရရင် ကောင်းမလဲလို့ တွေးနေမိသူကြီးပါ။

ဒီနေ့တော့ blue crabs လေးတွေ ဝယ်ထားတာ အဆင်သင့် ရှိနေတာနဲ့ တန်ပူရာမှုန့်လေးနဲ့ ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Blue Crabs - အကောင်ကြီးကြီး နှစ်ကောင်
  2. တန်ပူရာမှုန့် - ထမင်းစားဇွန်း ခြောက်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - လိုသလောက် သုံးပေးပါ
  5. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆီ - လိုသလောက် သုံးပေးပါ
  12. ပျဉ်းတော်သိမ်းရွက် - မိမိနှစ်သက်သလောက်
ဂဏန်းသန့်စင်ပုံ
  • ဂဏန်းများကို ရေစင်အောင်ဆေးပြီး ဂဏန်းအပေါ်ခွံကို ခွာပေးပါ
  • ဂဏန်းမှ ပါးဟက်များနှင့် အစာအိတ်များကို ဖယ်ပေးပါ
  • ​ပြီးတာနဲ့ ဂဏန်းတစ်ကောင်ကို လေးပိုင်းပိုင်းပေးထားပါ
ဂဏန်းကြော်ရန်ပြင်ဆင်ပုံ
  • ပျဉ်းတော်သိမ်းရွက်များကို ရေဆေးပြီး အရွက်ခြွေကာ ရေစစ်ထားပါ
  • ဂဏန်းကြော်ရန် အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ နနွင်းမှုန့် တန်ပူရာမှုန့် ဆား အရသာမှုန့် ချင်းမှုန့် ကြက်သွန်ဖြူမှုန့် ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ သမအောင် မွှေပေးပါ
  • ထိုအမှုန့်များထဲကို ရေနည်းနည်းချင်း ထည့်ပေးကာ မုန့်နှစ်ခပ်ပျစ်ပျစ် အနေအထား ရလာအောင် မွှေပေးပါ
  • မုန့်နှစ် ခပ်ပျစ်ပျစ် အနေအထား ရလာတာနဲ့ သန့်စင်ထားသော ဂဏန်းကို မုန့်နှစ်နှင့် လူးပေးပါ
  • ဇောက်အနည်းငယ် နက်သော ဒယ်အိုးထဲမှာ ဆီကိုခပ်များများလေးထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်လူးထားသော ဂဏန်းများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ဂဏန်းကြော်နေစဉ် တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • နှစ်ဖက်လုံး ကျက်သွားအောင် ကြော်ပေးပြီးတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ထိုဆီထဲမှာဘဲ ပျဉ်းတော်သိမ်း ရွက်များကို ကြွတ်ရွလာအောင် ကြော်ပေးပြီး ဆီစစ်ထားပါ
  • ဆီစစ်သွားတာနဲ့ ကြော်ထားသော ပျဉ်းတော်သိမ်းရွက်ကို ဂဏန်းကြော် အပေါ်မှာ ဖြူးပေးပြီး စားသုံးနိူင်ပါပြီ။

Tuesday 22 November 2022

မုံလာဥနီ ချဉ်ရည်ဟင်း

 




ဒီနေ့တော့ အရင်တစ်ပါတ်က ဝယ်ထားပြီး မစားဖြစ်သေးတဲ့ မုန့်လာဥနီ သေးသေးလေးတွေကို ငါးသေတ္တာငါးဗူးလေး ဖောက်ထည့်ကာ ချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ်။

ထမင်းစားတဲ့အခါ အရည်သောက် ဟင်းလေးပါမှ ထမင်းက စားလို့အရမ်း ကောင်းပါတယ်  ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငါးသေတ္တာငါး - ဗူးအသေး တစ်ဗူး
  2. မုံလာဥနီ - အလုံးငါးဆယ်ခန့်
  3. ခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  4. ရှမ်းနံနံရွက် - ၇ ရွက်ခန့်
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  7. ချင်း - လက်တဆစ်ခန့်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • မုံလာဥကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ  ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော မုံလာဥများ ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့ ငါးသေတ္တာငါးနှင့်  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရုံးပတေသီးနှင့် ရှမ်းနံနံရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့  မုံလာဥနီ ငါးသေတ္တာ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။

Monday 21 November 2022

အမဲရိုးပြုပ်

 


ဒီနေ့တော့ အမဲရိုးလေးတွေ ဝယ်လာပြီး အမဲရိုး ပြုပ်လေး ပြုပ်ဖြစ်ပါတယ် မာမာ့အတွက်တော့ အမဲသားနဲ့ဝက်သားက တစ်ခုတ်တရ စားတဲ့အသားမျိုး မဟုတ်ပါဘူး။

ဒါပေမဲ့လဲ အသက်အရွယ်အရ အသားအရည်လေးတွေ လျော့တွဲလာတတ်တဲ့အတွက် အသားအရည် တင်းတင်းရင်းရင်းလေး ဖြစ်ရလေအောင် အမဲရိုးလေးတွေကို ပြုပ်သောက်ရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး အမဲရိုး ပြုပ်ထားတဲ့ ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အရိုးအသားပါဝင်သော အမဲရိုး  - 1 kg
  2. မုံလာဥဖြူ - အနေတော် တစ်ဥ
  3. ချင်း -  တစ်လက်မခန့် 
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်နှစ်မွှာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • အမဲရိုးကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • မုံလာဥကို အခွံခွာပြီး ရေဆေးကာ အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ရေခပ်များများထည့်ပြီး အမဲရိုးထည့်ကာ ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ သုံးမိနစ်လောက် ပြုပ်ပေးကာ ရေများကို သွန်ပေးပါ
  • ပြီးတော့မှ အိုးထဲမှာ ချင်း ဆား အချိုမှုန့် ရေနှင့် မုံလာဥများထည့်ကာ အမဲရိုး နူးတဲ့အထိ ပြုပ်ပေးပါ
  • အမဲရိုး ချင်း ဆား နှင့် ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေကိုပွက်ပွက် ဆူအောင်တည်ပေးရင်း ရေလိုအပ်ပါက ထပ်ထပ်ထည့်ပေးပါ 
  • ရေပွက်ပွက် ဆူလာပြီး အပေါ်ယံမှာ အမြှပ်များ တက်လာပါက အပေါ်ယံ အမြှုပ်များ ခပ်ပြီးသွန်သွန်ပေးပါ
  • အမဲရိုးအနံ့ ပျောက်လာအောင် နာရီ၀က်လောက် အရင်ပြုပ်ပေးပြီး တက်လာသမျှ အမြုပ်များကို ခပ်ပြီးသွန်ပေးပါ
  • အမဲရိုးပြုပ်ရည် အမွှေးနံ့သင်းလာတာနဲ့ ဆား အချိုမှုန့်နှင့် ရေလိုသလောက်ထည့်ကာ ဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည်အရသာကို မြည်းပြီး မိမိစိတ်ပြိုက် အရသာ ရလာအောင် ပြင်ပေးပြီး  ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ထည့်ပေးကာ မီးမျှင်းမျှင်းနှင့် တည်ထားပါ
  • ဟင်းရည်သောက်ခါနီး ပူနေပါမှ အရသာရှိပြီး မွှေးရနံ့သင်းပျံ့တဲ့ အမဲရိုး အရသာကို ရမှာ ဖြစ်ပါတယ်။
  • ဟင်းရည် အဆင်သင့် ဖြစ်တာနဲ့ မိမိနှစ်သက်တာလေးနဲ့ တွဲဘက်ပြီး သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။

Sunday 20 November 2022

သိုးသားကင်သုပ်

 


ဒီနေ့တော့ အသီးအရွက်တွေနဲ့ ရောပြီး salad လုပ်ရလေအောင် သိုးသားကို ကင်ပါတယ် အရင်တုန်းကလို အကင်အိုးနဲ့ မကင်ဘဲ air fryer အိုးနဲ့ ကင်ဖြစ်တဲ့အတွက် အိမ်ထဲမှာ ဆီညှော်နံ့တွေလဲ ကင်းသလို မီးဖိုခန်းလေးလဲ သန့်သန့်ပျံ့ပျံ့ သုံးလို့ရသွားပါတယ်။

နေက်တစ်ခုက အသားထဲက အဆီတွေ အကုန်နီးပါး ထွက်ကုန်တဲ့အတွက် ကျန်းမာရေးနဲ့လဲ ပိုပြီးတော့ ညီပါတယ် ဒါကြောင့်မို့လို့ air fryer အိုးနဲ့ မာမာကင်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ကင်တဲ့ အခါမှာတော့ မိမိအသုံးပြုမဲ့ အသားတုံး အထူအပါး အပေါ်မူတည်ပြီး အသားကို ကင်တဲ့အချိန် မိနစ်အနည်း အများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. သိုးသား - နှစ်တုံး (500 g)
  2. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း ( ဆိတ်သားဆေးရန်)
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း  ငါးပုံတစ်ပုံ
  5. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  • သိုးသားကို ပဲအစိမ်းမှုန့်နှင့်နယ်ကာ နာရီဝက်လောက် နှပ်ထားပါ
  • နှပ်ထားချိန် ပြည့်တာနဲ့ ရေ ငါးထပ်လောက်ဆေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသော သိုးသားကို ဆီ ချင်းမှုန့် ကြက်သွန်ဖြူမှုန့် နနွင်းမှုန့် ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် ခပ်ဖွဖွ နယ်ပေးပါ
  • အသား ကင်အရန်သားအတွက် အရသာ နယ်ထားသော သိုးသားကို air fryer အိုးထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ 160*c နှင့် ပထမတစ်ကြိမ် ၁၅မိနစ် ထည့်ပေးပါ
  • ၁၅မိနစ်ပြည့်တာနဲ့ သိုးသားကို နောက်တစ်ဖက်ကို လှန်ပေးကာ ၁၅မိနစ် ထပ်ထည့်ပေးပါ
  • ကင်ချိန် ပြည့်တာနဲ့ အိုးထဲမှ ထုတ်ပေးကာ မိမိနှစ်သက်သလို စားသုံးရန် သိုးသားကင် မွှေးမွှေးလေး ရပါပြီ။

Friday 4 November 2022

မန်ကျည်းရွက် ငပိချက်

 





 ဒီနေ့တော့ ပုဇွန်န်ခြောက်မှုန့်နဲ့  ပေါင်းပြီးသား မန်ကျည်းရွက်လေးတွေနဲ့ ငပိချက်လေး ချက်ဖြစ်ပါတယ် ချဉ်ငံစပ်လေး ဖြစ်တဲ့အတွက် ထမင်းစားလို့ အရမ်းကို မြိန်စေလို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ မန်ကျည်းရွက် ငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ဆယ်ဇွန်း
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ 
  3. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  4. ငရုတ်သီး လုံးကြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  5. မန်ကျည်းရွက် - တစ်ပုလင်း
  6. ကြက်သွန်နီ - အနေတော် တစ်လုံး (ငရုတ်သီးနှင့် ထောင်းရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ငရုတ်သီးနှင့် ထောင်းရန်)
  8. ငပိရည် ကျိုပြီးသား - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဟင်းအိုးထဲထည့်ရန်)
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲ ထည့်ရန်)
  11. ဆီ - ထမင်းစားဇွန်း လေးဇွန်း
ဟင်းချက်ရန် ပြင်ဆင်ပုံ
  • မန်ကျည်းရွက်ကို အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ငရုတ်သီး အရောင်တင်မှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ တို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီး ထောင်းပြီးသားကို ထည့်ကြော်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ ငပိရည်ကျိုပြီးသားကို ထည့်မွှေပေးပါ
  • ငပိနံ့လေး သင်းလာတာနဲ့ ရေအနည်းငယ် ထည့်ပေးကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ဆား အရသာမှုန့်နှင့် ရေအနည်းငယ် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နောက်ဆုံးမှ မန်ကျည်းရွက်များ ထည့်ပေးကာ မွှေပေးပါ
  • ​ရေမခမ်းခင် ဆီလည်ရေလည် အနေအထားလေး ရသွားတာနဲ့  ငပိချက် ချဉ်ငံစပ်လေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါ။

မုံလာဥ သီးရွက်စုံ ချဉ်ရည်ဟင်း


 

ဈေးကိုသွားဖြစ်တိုင်း ကိုယ်စားချင်တဲ့ အသီးအရွက်လေးတွ ဝယ်ဖြစ်ပါတယ် ဒီနေ့တော့ မုံလာဥ အနီနဲ့ မုံလာဥ အဖြူတို့ကို ရောကာ ပုဇွန်ထုတ်လေးတွေနဲ့ ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့  မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. မုံလာဥ အဖြူ - အနေတော် ငါးပင် (အပင်နဲ့ဥတွဲရက်)p
  2. မုံလာဥနီ - ဆယ်ပင်ခန့်
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - လက်တဆစ်ခန့်
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. မန်ကျည်းသီးမှည့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ပုဇွန်ထုတ် - ၁၅ကောင်ခန့်
  14. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ရှမ်းနံနံရွက်ကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ
  • မုံလာဥဖြူ နှင့် မုံလာဥနီတို့ကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  • ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော မုံလာပင်နှင့် မုန်လာဥများ ပုဇွန်ထုတ် နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥနှင့် မုန်လာရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ  မုန့်လာရွက်နှင့် မုံလာဥများ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး  ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  • ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ မုံလာဥ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။