Friday 4 November 2022

မန်ကျည်းရွက် ငပိချက်

 





 ဒီနေ့တော့ ပုဇွန်န်ခြောက်မှုန့်နဲ့  ပေါင်းပြီးသား မန်ကျည်းရွက်လေးတွေနဲ့ ငပိချက်လေး ချက်ဖြစ်ပါတယ် ချဉ်ငံစပ်လေး ဖြစ်တဲ့အတွက် ထမင်းစားလို့ အရမ်းကို မြိန်စေလို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ မန်ကျည်းရွက် ငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ဆယ်ဇွန်း
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ 
  3. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  4. ငရုတ်သီး လုံးကြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  5. မန်ကျည်းရွက် - တစ်ပုလင်း
  6. ကြက်သွန်နီ - အနေတော် တစ်လုံး (ငရုတ်သီးနှင့် ထောင်းရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ငရုတ်သီးနှင့် ထောင်းရန်)
  8. ငပိရည် ကျိုပြီးသား - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဟင်းအိုးထဲထည့်ရန်)
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲ ထည့်ရန်)
  11. ဆီ - ထမင်းစားဇွန်း လေးဇွန်း
ဟင်းချက်ရန် ပြင်ဆင်ပုံ
  • မန်ကျည်းရွက်ကို အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ငရုတ်သီး အရောင်တင်မှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ တို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီး ထောင်းပြီးသားကို ထည့်ကြော်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ ငပိရည်ကျိုပြီးသားကို ထည့်မွှေပေးပါ
  • ငပိနံ့လေး သင်းလာတာနဲ့ ရေအနည်းငယ် ထည့်ပေးကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ဆား အရသာမှုန့်နှင့် ရေအနည်းငယ် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နောက်ဆုံးမှ မန်ကျည်းရွက်များ ထည့်ပေးကာ မွှေပေးပါ
  • ​ရေမခမ်းခင် ဆီလည်ရေလည် အနေအထားလေး ရသွားတာနဲ့  ငပိချက် ချဉ်ငံစပ်လေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါ။

No comments:

Post a Comment