Tuesday 28 February 2017

ကြက်သား သရက်သီးဆားရည်စိမ်ထောင်း


နေပူပူ ရာသီဥတုပူပူမှာ စားချင်နေတဲ့ ချဉ်ငံစပ်အသုပ်လေး သုပ်စားဖြစ်လို့ လွယ်ကူမြန်ဆန် အရံဟင်းတပွဲ ဖြစ်စေမဲ့ နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သရက်သီး ဆားရည်စိမ် - အနေတော် ၂လုံး
  2. ကြော်ပြီးသား ကြက်ရင်ပုံသား  - ၂တုံးခန့်
  3. ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  4. နံနံပင် - စားနိုင်သလောက်
  5. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • သရက်သီး ဆားရည်စိမ်ပြီးသားကို ရေဆေးပြီး ဓါးပြတ်ပြတ်နှင့် လိုက်ပေါက်ပေးပါ
  • သရက်သီး တစ်လုံးလုံး အပြည့်လိုက်ပေါက် ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးချပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ကြက်ကြော်ကို အသားထွင်ပြီး မွှထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံ သို့မဟုတ် ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပြီး ထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးရင် ရပါပြီ
  • သရက်သီး ဆားရည်စိမ်က အငံပါပြီးသားဖြစ်တဲ့အတွက် အငံထည့်စရာမလိုပါ
  • ပန်းကန်တခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ်အရသာပါဝင်တဲ့ သရက်သီးဆားရည်စိမ် ကြက်ကြော်ထောင်းလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Monday 27 February 2017

လယ်တောဟင်းရည် သောက်ဆမ်းဟင်း



ဒီနေ့တော့ ခြံထဲက ပန်းအိုးလေးတွေနဲ့ စိုက်ထားတဲ့ အသီးအရွက်တွေခူးပြီး ချဉ်ရည်ဟင်းလေး တစ်မယ်ချက်ပါမယ် ငယ်ငယ်က မိသားစုတွေ ခြံထဲသွားတိုင်း ချက်စားဖြစ်တဲ့ ဟင်းလေးဖြစ်ပြီး အသားမပါပေမဲ့ စားမြိန်ဟင်းလေးဖြစ်လို့ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မုန်​ညှင်းစိမ်း - ငါးပင်ခန့် 
  2. ရုံးပတေသီး - ၁၅တောင့်ခန့် 
  3. ပန်းဂေါ်ဖီ - အနေတော် သုံးခက်
  4. ကြက်​သွန်​နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - ခပ်ကြီးကြီး တစ်မွှာ
  6. ချင်း​ - လက်တစ်ဆစ်ခန့်
  7. ငရုတ်​သီးစိမ်း - စားနိုင်လောက်
  8. နံနံပင်​ - အနည်းငယ်
  9. မန်ကျည်းမှည့် - ကွမ်းသီးဆံလုံးသာသာ
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်းနှစ်ဇွန်း
ပြင်ဆင်ပုံ
  • မုန်​ညှင်းရွက်​​တွေကို နုတဲ့အပိုင်း​လေး​တွေကို အရင်ရွေးပြီး အနေတော် လှီးဖြတ်ပေးထားပါ
  • အနည်းငယ်ရင့်သော အရိုးတံရဲ့ အ​ပေါ်​ကြော​တွေကို ခွာပလိုက်ပြီး နုတဲ့အပိုင်း​လေး​တွေကို ရွေးယူပြီး လှီးပေးပါ ပြီးတာနဲ့ ရေ​ဆေးပြီး ရေစစ်​ထားပေးပါ
  • ပန်းဂေါ်ဖီကိုအခက်လေးတွေရအောင် လှီးပေးပြီး ရေဆေးထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာငရုတ်သီးမှုန့်နှင့် ရောပြီး  ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေစိမ်ထားပါ
  • ချင်းကို အခွံခွာပြီး ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
  • ရုံးပတေသီးကို အတောင့်လိုက် ရေဆေးကာ ထက်ဝက်ပိုင်းပြီး လှီးထားပါ
  • နံနံပင်ကို ရေဆေးထားကာ အနေတော် လှီးထားပါ
  • ငရုပ်သီးစိမ်းကို ရေဆေးပြီး အညှာချွေကာ အတောင့်လိုက်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးထဲမှာ ပန်းဂေါ်ဖီ မုန်​ညှင်းရွက်​​နှင့်အတူ ထောင်းထားသော ငရုတ်သီးထောင်း ဆား အရသာမှုန့်တို့ကို ထည့်နယ်ပေးပါ 
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး အပူ​ပေးပါ
  • အဖုံးကို မဖွင့်​ဘဲ အပူငွေ့နဲ့ ပန်းဂေါ်ဖီနှင့် မုန်​ညှင်း​တွေကို နူးအိ​အောင်​ လုံးချက်​ပေးပါ
  • အိုးထဲမှ မုန်​ညှင်း​များ အ​ရောင်​​ပြောင်းပြီး နူးအိ​လာတာနဲ့ ငရုတ်သီးစိမ်းနှင့် ရေအနည်းငယ် ထည့်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော မန်ကျည်းသီးမှည့်ကို အရည်ကိုဘဲ ထည့်ပေးပါ
  • ရေကို အနေတော် ထည့်ပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပြီး လှီးထားသော ရုံးပတေသီးများကို ထည့်ပေးပါ
  • ရုံးပတေသီး ထည့်ပေးပြီး ဟင်းရည်အိုးကို ၃မိနစ်လောက် ပွက်ပွက်ဆူစေပြီး မီးပိတ်ပေးပါ
  • စားခါနီး ဟင်းပွဲမပြင်ခင် ပူနေသော ဟင်းရည်ထဲသို့ နံနံပင် ထည့်မွှေပေးကာ ချိုချို ချဉ်ချဉ်​ စပ်စပ် ပူပူရှိန်း​ရှိန်းလေးနဲ့ မွှေးပြီးအရသာကောင်းလွန်းတဲ့ လယ်တောဟင်း  အရည်သောက်ဆမ်းကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Sunday 26 February 2017

ကြက်သား လယ်တောချက် မွှေးမွှေးလေး



ဒီတစ်ခါတော့ ကြက်သားကို လယ်တောထဲမှာ အလွယ်တကူ ရနိုင်တဲ့ စပါးလင်လေးနဲ့ တောချက်လေး ချက်ပါမယ် အိမ်ကြက်ဆိုရင်တော့ ပိုမွှေးပြီး စားရတာ ပိုကောင်းပါတယ် မာမာကတော့ အိမ်ကြက်မရှိတဲ့အတွက် မွေးမြူရေး ကြက်ကိုဘဲ ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား - အနေတော် ၁ခြမ်း
  • ကြက်သွန်နီ - အနေတော် ၃လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • စပါးလင် - အရွက်များပါသော အပင်၂ပင်
  • ငရုတ်သီး အခြောက်တောင့် - ၇တောင့်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးများ တုံးပေးပါ
  • တုံးထားသော ကြက်သားကို ငံပြာရည် ဆား ဟင်းခတ်မှုန့် နနွင်းမှုန့် ငရုတ်သီး အရောင်တင်မှုန်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီး အခြောက်တောင့်ကို အညှာခြွေပြီး ပျော့သွားအောင် ရေစိမ်ထားပါ
  • ကြက်သွန်နီ  ကြက်သွန်ဖြူ ငရုတ်သီး အခြောက်တောင့်တို့ကို ညက်နေအောင် ထောင်းထားပါ
  • စပါးလင်ကို ရေဆေးပြီး ဓါးပြားရိုက်ကာ ထုံးထားပါ

ချက်ပြုပ်ပုံ

  • ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထုံးထားသော စပါးလင်ကို ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက ထောင်းထားသော ကြက်သွန်နှင့် ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက အရသာနယ်ထားသော ကြက်သားများကို ထည့်ပြီးမွှေပေးပါ
  • ကြက်သား အပေါ်ယံကြောတွေ မာတင်းလာအောင် ဆီသတ်ပေးပြီးမှ အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
  • ဆီသံလေး ကြားလာတာနဲ့ ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ 
  • ထည့်ထားသော ရေခမ်းတာနဲ့ ကြက်သားနူးအောင် ရေအနည်းငယ်စီ ထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • ကြက်သားနှုးအိလာပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီလည်ရေလည်ရအောင် တည်ပေးပါ
  • ဆီလည်ရေလည် အနေတော် ရသွားပြီဆိုမှ စပါးလင်ထုံးကိုဖယ်ကာ အရသာရှိသော ကြက်သား လယ်တောချက် မွှေးမွှေးလေးကို စားပွဲပြင်ပေးပါ။

Saturday 25 February 2017

ဂျူး ပဲပုတ်ထောင်း



ထမင်းများ ဆာလာတဲ့အခါ အသားဟင်းမပါဘဲ အခုလို ပဲပုတ်ထောင်းလေးနဲ့လဲ မြိန်တတ်တာပါဘဲ ဒါကြောင့်မို့ လွယ်ကူမြန်ဆန်ပြီး စားလို့ကောင်းလွန်းတဲ့ ပဲပုတ်ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပဲပုတ်ပြား - ၅ချပ်
  2. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ 
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. နံနံပင် - နှစ်သက်သလောက်
  6. သရက်သီးအစိမ်း - အနေတော် တစ်လုံး
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၅မွှာ

ပြင်ဆင်ပုံ
  • ပဲပုတ်ကို ကြွတ်သွားတယ် ဆိုရုံလေး ကင်ပေးပါ
  • ငရုတ်သီးစိမ်းကို အညှာဖြုတ်ပြီး ရေဆေးကာ မွှေးသွားအောင် လှော်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • သရက်သီးကို အခွံခွာပြီး ရေဆေးကာ ဓါးနှင့် ပေါက်ပြီး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ငရုတ်ဆုံထဲမှာ ပဲပုတ်ကိုထည့်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ပေါက်ထားသော သရက်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ထည့်ထောင်းပေးပါ
  • အားလုံးညက်ပြီ ဆိုတာနှင့် ဆား အချိုမှုန့်နှင့် နံနံပင်တို့ထည့်မွှေပေးကာ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ ထမင်းပူပူလေးနှင့် စားသုံးရန် ချဉ်ငံစပ် ပဲပုတ်ထောင်း မွှေးမွှေးလေးကို ပြင်ပေးနိုင်ပါပြီ။

Friday 24 February 2017

သုန့်ယမ် ဟင်းချို



တစ်ခါတစ်လေတော့လဲ စားနေကျ ပုံစံတွေထဲက ခွဲထွက်ပြီး ချဉ်ချဉ်စပ်စပ်လေးတွေ စားချင်လာပြန်ပါတယ် ဒါကြောင့်မို့လို့ ဒီတစ်ခါမှာတော့ အိမ်ချက်အလွယ် သုန့်ယမ်းဟင်းချို ချက်ပြီးသောက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရိုးပြုပ်ရည်  - တစ်လီတာခွဲ
  2. စပါးလင် - သုံးပင် 
  3. တောရှောက်ခါးရွက် - လေးရွက်
  4. ပဒဲကော - နှစ်လက်မခန့် 
  5. ငရုတ်စိမ်းတောင့် - အနီရောင် နှစ်တောင့် 
  6. တရုတ်မုန့်ညှင်းဖြူ  - လေးရွက်ခန့်
  7. မုန်လာဥနီ - အနေတော် တစ်ဥ
  8. ဘရိုကိုလီ - လေးခက်ခန့်
  9. ငါးငံပြာရည် - ထမင်းစားဇွန်း၂ ဇွန်း 
  10. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  11. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. မှို  - ငါးခု 
  13. ပုစွန်ထုတ် - ၁၅ကောင်
  14. ဂဏန်းအသား - အနည်းငယ်
  15. သံပုရာရည်  - ထမင်းစားဇွန်း၂ဇွန်း
  16. အုန်းနို့ - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  17. သုန့်ယမ်းပာင်းအနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  18. ကြက်သွန်နီ - အနေတော် တစ်လုံး
  19. ဆား - လိုသလောက်
  20. ငါးငံပြာရည် - လိုသလောက်
  21. ကြာဇံ - အနည်းငယ်

ပြင်ဆင်ပုံ
  • ကြက်ရိုးကို ရေများများထည့်ပြီး တစ်လီတာ ခွဲလောက်ကျန်အောင် ပြုပ်ပေးပြီး ပြုပ်ရည်ကို ပြင်ထားပါ
  • စပါးလင်ကို အပင်လိုက်ရေဆေးပြီး ခပ်စောင်းစောင်း ခပ်ထူထူလေး လှီးထားပါ
  • ပဒဲကောကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးထားပါ
  • ပုဇွန်ကို ရေဆေးပြီး အခွံခွာထားပါ
  • ဂဏန်းသားကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ၈စိတ် စိတ်ထားပါ
  • တရုတ်မုန့်ညှင်း မုံလာဥနီ ဘရိုကိုလီနှင့် မှိုကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြာဇံကို ရေစိမ်ထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ကြက်သားပြုတ်ရည်ထည့်ပါ 
  • ထိုအိုးထဲကို စပါးလင် ပဒဲကော သုန့်ယမ်းပာင်းအနှစ် ငရုတ်သီးစိမ်း အနီတောင့် တောရှောက်ခါးရွက် ကြက်သွန်နီတို့ကို ထည့်ကာ ဆူပွက်အောင် တည်ပေးပါ
  • ဟင်းရည်ဆူလာတာနဲ့ ငါးငံပြာရည် သံပုရာရည် ပာင်းခတ်မှုန့် သကြားတို့နှင့် ချဉ်စပ်အရသာရအောင် ပြင်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ လှီးထားသော အသီးအရွက်များ ဂဏန်းသားနှင့် ပုစွန် တို့ကို ထည့်ပေးပါ
  • လိုချင်သော အရသာ ရလာတာနဲ့ အုန်းနို့ထည့်ပေးပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • စားခါနီး အချိန်ကျမှ ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲ ကြာဇံ ထည့်ကာ ဟင်းပွဲကို ပြင်ပေးပါ
  • အိမ်ချက် အလွယ်ချက်နည်းဖြစ်တဲ့အတွက် မိမိနှစ်သက်မည့် အရသာကို ဖြည့်စွက်ပြီး ချက်နိုင်ပါတယ်။

Thursday 23 February 2017

သတ်သတ်လွတ် ကညွှတ်ကင်


သမီးငယ်အတွက် ကင်ပေးရတဲ့ သတ်သတ်လွတ် ကညွှတ်ကင် ဟင်းတစ်မယ်ပါ ဆီနည်းနည်းနဲ့ အိုးပူတိုက်ပြီးမှ ရေအနည်းငယ်နဲ့အရသာ သွင်းထားတာပါ  လွယ်ကူမြန်ဆန် သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် အိုးပူတိုက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကညွှတ် - ဆယ်ပင်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂နှစ်မွှာ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  7. ငရုတ်ကောင်းမှုန့် - အနည်းငယ်

ပြင်ဆင်ပုံ
  1. ကညွှတ်အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  4. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  5. ပြီးတာနဲ့ ကညွှတ်များထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  6. နှစ်မိနစ်လောက် အိုးပူတိုက် ပြီးတာနဲ့ငရုတ်ကောင်းမှုန့်ထည့်မွှေကာ ကညွှတ်ကင်ကို ပူနေတုန်းလေး နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Wednesday 22 February 2017

ကညွှတ်ကြော်


မာမာ့အိမ်က ထမင်းဝိုင်းလေးမှာ အသီးအရွက်လေး တစ်မယ်ပါမှ ထမင်းစားလို့ မြိန်တတ်လေတော့ ဒီနေ့တော့ လွယ်ကူမြန်ဆန် ကညွှတ်ကြော်လေး ကြော်ဖြစ်လို့ မာမာကြော်တဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကညွှတ် - ဆယ်ပင်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
    ပုဇွန်ခြောက် - အကောင်နှစ်ဆယ်ခန့်

ပြင်ဆင်ပုံ
  1. ကညွှတ်အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ပုဇွန်ခြောက်ကို ရေဆေးထားပါ
  4. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  5. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  6. ပြီးတာနဲ့ ပုဇွန်ခြောက်နှင့် ကညွှတ်များထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  7. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ကညွှတ်ကြော်ကို ပူပူနွေးနွေးလေး စားသုံးနိုင်ပါပြီ။

Tuesday 21 February 2017

မုံလာဥနီကြော်





နွေရာသီရဲ့ အပူတွေကို အံတုရင်း နေ့လည်နေ့ခင်း အပြင်းပြေ မုံလာဥနီ ကြွတ်ကြွတ်လေး ကြော်စားဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥနီ  - ခပ်ကြီးကြီး တစ်လုံး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံး

ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေကာ ခပ်ပျစ်ပျစ်ဖျော်ထားပါ
  • မုန်လာဥနီကို အခွံခွာပြီး အလုံးလိုက် ရေဆေးပြီး ပါးပါးလှီးပေးထားပါ
  • အရသာနယ်ထားသော မုန့်နှစ်ထဲမှာ မုန်လာဥနီကိုထည့်ပြီး နယ်ထားပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော မုန်လာဥနီမုန့်နှစ်လူးကို ဇွန်းနှင့်တခုခြင်းဆယ်ကာ ဆီပူအိုးထဲ ထည့်ပြီး ပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက မီးကိုအနေတော် လျှော့ပေးကာ မုန်လာဥနီကို အသာတွန်းချပြီး ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မုန်လာဥနီကြော် မွှေးမွှေး ကြွတ်ကြွတ်လေး ရပါပြီ။

Monday 20 February 2017

ကြက်ဆီထမင်း








အိမ်မှာ မကြာမကြာ ဆိုသလို ချက်စားဖြစ်တဲ့ ကြက်ဆီထမင်း အိမ်ချက်လေး ချက်ဖြစ်ပါတယ် အရင်တုန်းကလဲ ကြက်ဆီထမင်း ချက်နည်းလေးတွေ တင်ဖူးပါတယ်။

ဒါပေမဲ့ တင်ဖူးတဲ့ ပို့စ်အဟောင်းတွေက နောက်မှာ ကျန်ခဲ့လေတော့ ချက်နည်းလေးတွေ ပြန်ရှာရခက်သလို နေ့စဉ် မြင်နေရရင်တော့ စိတ်ထဲမှာ စားချင်စိတ်လေး ပေါ်လာရင် ချက်နိုင်အောင် မာမာပြင်ဆင်ပြီး ချက်ဖြစ်တဲ့  ချက်နည်းလေးကို ပြန်လည်ပြီး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ပေါင် - တစ်ကီလိုခန့်
  2. ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
  3. ကြက်အဆီဖတ် - ငါးခုခန့် (သို့မဟုတ်) ကြက်အရည်ခွံ - ငါးခုခန့်
  4. စပါးလင် - ရှစ်လက်မခန့်
  5. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး အမွှာ နှစ်ဆယ်ခန့် (အချဉ်စပ်ရန် ကြက်ပြုပ်ရန်နှင့် ဆန်ဆီသတ်ရန်  ခွဲသုံးပါ)
  7. ကြက်သွန်မိတ် - သုံးပင်
  8. ချင်း - နှစ်လက်မခန့် (အချဉ်စပ်ရန် ကြက်ပြုပ်နှင့် ဆန်ဆီသတ်ရန် ခွဲသုံးပါ )
  9. နံနံပင် - အနည်းငယ်
  10. ငရုတ်သီးစိမ်း - ငါးတောင့်
  11. သံပုရာသီး - တစ်ခြမ်း
  12. ပျားရည် - ထမင်းစားဇွန်း တစ်ဇွန်း ပျားရည်မရှိက သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း သုံးဇွန်း
  14. သခွားသီး - အနည်းငယ်
  15. အချိုမှုန့် - လက်ဖက်ရည်ဇွန်း  နှစ်ဇွန်းခွဲ (ဟင်းချိုနှင့် ကြက်ပြုပ်တွင်သုံးရန်)
  16. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ ( ကြက်ပြုပ်ထဲနှစ်ဇွန်းထည့်ရန်နှင့် ပိုတာကို ဟင်းချိုရည်ထဲ ထည့်ရန်)
  17. ရေ - လိုသလောက် သုံးပေးပါ
  18. ကြက်ပြုပ်ရည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ရှစ်ဗူး (ထမင်းချက်ရန်)
ကြက်သားပြုပ်ရန် ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သားကို သန့်စင်အောင် ဆေးပေးထားပါ
  • ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ  
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးခြမ်း စိတ်ထားပါ
  • ချင်းခပ်ပါးပါး ၇ပြားခန့်ကို အခွံခွာပြီး ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ထားပါ
  • ကြက်သွန်မိတ်ကို တစ်လက်မ အရှည်ခန့် လှီးထားပါ
  • စပါးလင်ကို ၂လက်မအရွယ် လေးပိုင်းပိုင်း၍ အနည်းငယ် ထုပေးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ကြက်သား ချင်း ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ ၄မွှာ ကြက်သွန်နီ ကြက်သွန်မိတ်တို့နှင့် ရေမြုပ်အောင်ထည့်ကာ ဟင်းရည်များ ဝေမကျစေရန် အဖုံးမဖုံးဘဲ မီးအားကောင်းကောင်းနဲ့ ပြုပ်ပေးပါ
  • ဟင်းရည်များ ဆူလာပြီ ဆိုတာနဲ့ မီးကိုအနေတော်သို့ လျှော့ကာ အဖုံးဖုံးပြီး ပြုပ်ပေးပါ
  • စုစုပေါင်း နာရီဝက်ခန့်ပြုပ်ပေးပါ
  • ပြီးတာနဲ့ အအေးခံပြီး မိမိနှစ်သက်သည့်ပုံစံ ခုတ်ပေးထားပါ
ထမင်းချက်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေဆေးပြီး စစ်ထားပါ
  • ချင်း လက်တစ်ဆစ်လောက်ကို အခွံခွာပြီး ထောင်းထားပါ
  • ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ထောင်းထားပါ
  • ဆား အနည်းငယ်ကို ပြင်ထားပါ
  • ကြက်အဆီဖတ်ကို ရေဆေးထားပါ
  • ဆီ ထမင်းစားဇွန်း ၂ဇွန်း
  • ဒယ်အိုးတစ်လုံးကို အပူပေးပါ
  • ပူလာတာနဲ့ ဆီ ကြက်ဆီဖတ် ကြက်သွန်ဖြူနှင့် ချင်းတို့ကို ထည့်ပြီးကြော်ပေးပါ
  • ကြက်ဆီဖတ်များ ပျော်လာပြီး ကြက်သွန်ဖြူနှင့် ချင်းတို့မွှေးလာပါက မပျော်သေးတဲ့ ကြက်ဆီဖတ်များကို ဖယ်ပေးပြီး လွှင့်ပလိုက်ပါ
  • ပြီးတာနဲ့ ရေဆေးပြီး စစ်ထားသော ဆန်ကို ထည့်ကြော်ပေးပါ
  • ၂မိနစ်လောက် ကြော်ပေးပြီး ဆန်သားကြည်လာတာနဲ့ ကြော်ထားသောဆန်နှင့် ကြက်ပြုပ်ရည်ကို ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူးထည့်ပြီး ချက်ပေးပါ
  • မိမိသုံးသော ဆန်အနေအထားပေါ် မူတည်ပြီး ရေကိုထည့်ပါ 
  • ဆန်ပျော့ကို ချက်ပါက ပုံမှန်အတိုင်း ရေကိုထည့်ပြီး  ဆန်မာကို သုံးပါက ရေပိုထည့်ပါ
  • ဆန်အမာ သုံးထားသည့်အတွက် ရေကိုပိုပြီး သုံးထားပါတယ်
  • ထမင်းအိုး ရေဆူလာပါက အထက်အောက် သမအောင် နှစ်ချက် သုံးချက်လောက် မွှေပေးပါ
  • ထမင်းအိုး ခလုပ်တက်ပါက ကြက်ဆီထမင်း ကျက်ပါပြီ
  • ထမင်းနှင့် တွဲစားရန် သခွားသီးကို လှီးပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ နှစ်သက်သလို ပြင်ဆင်ပေးပြီး စားသုံးနိုင်ပါပြီ။
ကြက်ဆီထမင်းနှင့် တွဲစားရန် sauce စပ်ရန်
  • ချင်း လက်တဆစ်ခန့်ကို ညက်နေအောင် ထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပါ
  • နံနံပင်ကို မညက်တညက် ထောင်းထားပါ
  • ပဲငံပြာရည် သံပုရာရည် ပျားရည်တို့ကိုပြင်ထားပါ
  • ပျားရည် သို့မဟုတ် သကြားကို ပြင်ထားပါ
  • ရေနွေး အအေးခံပြီးသား ထမင်းစားဇွန်း သုံးဇွန်းကို ပြင်ပေးထားပါ
  • ဇလုံထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပြီး ဖျော်ပေးပါ

ဟင်းချိုရည်ချက်ရန်

  • ကြက်ဆီထမင်း ချက်ရာတွင် ပိုနေသော ကြက်ရိုးများကို ရေသင့်ရုံထည့်ပြီး ဆားနှင့်အချိုမှုန့်ထည့်ကာ ရေဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက အရသာမြည်းပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းကို အနည်းငယ် ခပ်ပေးပါ
ကြက်ဆီထမင်း စားရန် မိသားစု နည်းတဲ့အတွက် ကြက်သားနှင့်ဆန်ကို သင့်ရုံလေးဘဲ ချက်ထားပါတယ် မိသားစု ၅ငါးယောက်စာအတွက် အထက်ပါ နူံးထားအတိုင်း ချက်ပေးပါ။

Sunday 19 February 2017

ငရုတ်ကောင်း မုန့်ဟင်းရည်ကျဲ











ဒီနေ့တော့ ရာသီဥတု ပူပူမှာ ငရုတ်ကောင်း ပူပူလေးနဲ့ မုန့်ဟင်းခါး ဟင်းရည်ကျဲလေး စားချင်စိတ်က ပေါ်လာခဲ့ပါတယ် ပူပူလူလူ ချွေးတလုံးလုံးနဲ့ စားရလေအောင် ငရုတ်ကောင်း နိုင်နိုင်နဲ့ ဒီနေ့ချက်ဖြစ်တဲ့ မုန့်ဟင်းခါး ဟင်းရည်ကျဲ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုန့်ဖတ် - 1000 g
  2. ငါးခူ သို့မဟုတ် ဘာဆာငါး - 200 g
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  4. ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  5. စပါးလင် - ၃ချောင်း
  6. ချင်း -၂လက်မခန့်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ငါးပြုပ် တစ်ဝက်ငါးဆီသတ် )
  9. ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  10. ကြက်သွန်နီ အ- လုံးသေး အလုံး ၂၀ခန့်
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂၀ခန့် (တ၀စ်က်ဆီချက် တစ်ဝက်ငါးဆီသတ်ရန် )
  12. ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  13. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက် တစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  15. ပဲပင်ပေါက် - လိုသလောက်
  16. ပဲသီး - လိုသလောက်
  17. ပူစီနံ - လိုသလောက်
  18. ခရမ်းချဉ်သီးအစိမ်းနှင့်အမှည့် - လိုသလောက်
  19. ငြုပ်သီးအလှော်မှုန့် - လိုသလောက်
  20. ကြက်ဥ - လိုသလောက် 
  21. သံပုရာသီး - လိုသလောက်
ငါးပြုပ်ရန် ပြင်ဆင်ပုံ

  • ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ မလိုသော ကလီစာများ ထုတ်ပေးပါ
  • ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
  • ငါးအရည်ခွံ တော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင် ဆေးပေးပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေဆေးထားသော ငါးခူကိုဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငံကြာရည် ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့်  စပါးလင်၂ချောင်းနှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ငါးအသား နူးလာတာနဲ့ အရိုးအသား သတ်သတ်စီ နွှင်ပေးထားပါ
  • အသားနွှင် ထားသော အရိုးနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် ငင်ထားပါ
ငါးဆီသတ်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက်ေ ရဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • ကြက်သွန်နီ အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  • စပါးလင်ကို ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းထောင်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ 
  • ကြက်သွန်ဆီသတ်နံ့ မွှေးလာတာနဲ့ အရိုးထွင်ထားသော ငါးနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်ကို ထည့်မွှေပေးပါ
  • ဆီသတ်နံ့ သင်းလာပြီဆိုတာနဲ့ မီးပိတ်ပေးပါ။
ဟင်းရည်ချက်ရန်
  • ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပြုပ်ရည် ငါးအရိုးကိုထောင်းပြီး အရည်ငင်ထားသော ငါးရိုးအရည် ငါးဆီသတ်များနှင့် ရေ ၃လီတာခန့်ထည့်ပြီး ပြုပ်ပြီးအခွံခွာထားသော ကြက်ဥသုံးလုံးကို အလုံးလိုက် ထည့်ပေးပြီး တည်ပေးပါ
  • ဆန်လှော်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ကြက်ဥအစိမ်း တစ်လုံးကို ပန်းကန်ထဲထည့်ပြီး ခလောက်က်ထားပါ
  • ကြက်ဥ ၆လုံးကို ပြုပ်ပြီး အခွံခွာထားပါ
  • ရေဆူလာတာနဲ့ ကြက်သွန်နီ ဥအသေးများကို ထည့်ပေးပါ
  • ကြက်သွန်နီဥထည့်ပြီး ရေပွက်ပွက် ဆူလာတာနဲ့ ဆန်လှော်မှုန့် အရည်ဖျော်ကိုထည့်ပြီး ဆား ငံပြာရည် အရသာမှုန့်တို့ကို သင့်သလိုထည့်ပြီး သမအောင် မွှေပေးပါ
  • ဆန်လှော်မှုန့်ထည့်ပြီး ဟင်းရည်အိုး ပွက်ပွက်ဆူလာကာ ကြက်သွန်များ နူးလာပြီဆိုတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်မွှေပါ
  • ကြက်ဥအမျှင်လေးများ ရအောင် ကြက်ဥထည့်ပြီးတာနဲ့ တစ်ဖက်သတ်ထဲ အချက်၂၀လောက် မွှေပေးပါ
  •  မွှေပေးပြီးတာနဲ့ငရုတ်ကောင်းမှုန့် ခတ်ပေးပါ
  • ပြီးတာနဲ့ အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပြီးပါက  ငရုတ်ကောင်း မုန့်ဟင်းခါး ဟင်းရည်ကျဲ ပူပူလေး ရပါပြီ။

မုန့်ဟင်းခါးနှင့် တွဲဖက်စားရန်
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပူစီနံနှင့် ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ပဲတောင့်ရှည်ကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • ငရုတ်သီး အလှော်မှုန့် ပြင်ထားပါ
  • မုန့်ဖတ်ကို ပြင်ထားပါ
  • ဘဲဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • သံပုရာသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ဟင်းရည်ကို ပြင်ထားပေးပါ
  • လိုအပ်သော ပစ္စည်းများ ပြင်စဉ်ပြီးပါက မိမိနှစ်သက်သလို စားသုံးနိုင်မည့် ငရုတ်ကောင်း မုန့်ဟင်းခါး ဟင်းရည်ကျဲ မွှေးမွှေးလေး ရပါပြီ။

Saturday 18 February 2017

သရက်သီးဆားရည်စိမ် ပုဇွန်ထောင်း





ဒီတစ်ခါတော့ ထမင်းစား မိန်စေမဲ့ သရက်သီး ဆားရည်စိမ်ကို ပုဇွန်ထုတ်နဲ့ ခပ်စပ်စပ်လေး ထောင်းဖြစ်လို့မာမာပြင်ဆင်ပြီး ထောင်းထားတဲ့  ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သရက်သီး ဆားရည်စိမ် - အနေတော် ၂လုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပုဇွန်ပြုပ်ပြီးသား - ၇ကောင်ခန့်
  4. ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • သရက်သီး ဆားရည်စိမ်ပြီးသားကို ရေဆေးပြီး ဓါးပြတ်ပြတ်နှင့် လိုက်ပေါက်ပေးပါ
  • သရက်သီး တစ်လုံးလုံး အပြည့်လိုက်ပေါက် ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးချပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ပုဇွန်ထုတ်ကို ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် ပြုပ်ပေးကာ အခွံခွာထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံ သို့မဟုတ် ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပြီး ထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာ မလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးရင် ရပါပြီ
  • သရက်သီး ဆားရည်စိမ်က အငံပါပြီးသား ဖြစ်တဲ့အတွက် အငံထည့်စရာ မလိုပါ
  • ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ် အရသာ ပါဝင်တဲ့ သရက်သီး ဆားရည်စိမ် ထောင်းလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Friday 17 February 2017

အိန္ဒိယစတိုင်လ် ကြက်သားဟင်း


ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ အိန္ဒိယစတိုင်လ် ကြက်သားဟင်း မွှေးမွှေးလေး ချက်ဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ဖြစ်တဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ပေါင်သား - 500 g 
  2. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. လေးညှင်း  -နှစ်ပွင့်
  10. နံနံစေ့ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. စမုံစပါး - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ဖာလာ - တစ်ခု
  13. ကရဝေးရွက် - သုံးရွက်
  14. သစ်ဂျပိုးခေါက် - အနေတော် တစ်ခု
  15. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  16. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  17. နံနံပင် - အနေတော် သုံးပင်

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

လိုသောပစ္စည်းများ ပြင်ဆင်ပုံ

  1. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  2. ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  4. ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  5. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • မဆလာကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကရဝေးရွက် နံနံစေ့ ဖာလာ သစ်ဂျပိုးခေါက် စမုံစပါး လေးညှင်း နံနံစေ့တို့ကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူ နီ နှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ရေခမ်းပြီး ဆီလည်ရေလည် ဖြစ်လာပါက နံနံပင်နှင့် မဆလာအုပ်ပေးပြီး သမအောင် မွှေပေးပါ
  • ရအနေတော် ဖြစ်လာပါက မွှေးလွန်းတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

Thursday 16 February 2017

ကြက်ဥ ပဲကုလားဟင်း


အခုရက်ထဲတော့ ရာသီဥတုက ကိုယ့်နောက်မပါဘဲ နေပြင်းပြင်းနဲ့ ထမင်းစားတွေလဲ ပျက်ပါတယ် ဒါကြောင့်မို့ စားမြိန်ဟင်းလေးတွေ ဖြစ်ရလေအောင် ဒီနေ့တော့ ကြက်ဥပဲဟင်း အရည်သောက်ဆမ်းလေး ချက်ဖြစ်တာမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဥ - ၆လုံး
  2. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ 
  3. အာလူး - အနေတော် သုံးလုံး
  4. ခရမ်းသီး အရှည်သီး - ငါးတောင့်
  5. ရုံးပတေသီး - ၇တောင့်
  6. ကြက်သွန်နီ - အနေတော် တစ်ဥ
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီးသုံးမွှာ
  8. ချင်း - လက်တစ်ဆစ်
  9. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  10. ပျဉ်းတော်သိမ်းရွက် - အနေတော် သုံးခက်
  11. နံနံစေ့ - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  13. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  15. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  16. ငရုတ်သီး အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  17. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  18. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ

  • အိုးထဲမှာ ကြက်ဥကို ရေမြုပ်အောင်ထည့်ပြီး ကျက်အောင်ပြုပ်ပေးကာ အခွံခွာထားပါ
  • ကုလားပဲခြမ်းကို ရေနှစ်ထပ်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ နူးနေအောင် ပြုပ်ပေးပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ  တစ်လုံးကို လေးစိတ်စိတ်ထားပါ
  • ခရမ်းသီးကို အညှာဖယ်ပြီး ခပ်ထူထူ လှီးပေးကာ ရေစိမ်ထားပါ
  • ရုံးပတေသီးကို ရေဆေးပြီး အညှာဖက်မှ ဖြတ်ပေးကာ ထက်ဝက်လှီးထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ နံနံစေ့ ငရုတ်သီးမှုန်တို့နှင့်ရောပြီး ညက်နေအောင် ထောင်းပေးထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ပေးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ကို ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရတ်သီးထောင်းကိုထည့်ကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီး ဆီသတ်နံ့မွှေးလာတာနဲ့ အာလူးနှင့် ခရမ်းသီးကိုထဲ့ပြီး ငါးငံပြာရည်ကို တစ်ခါထည့်ကာ ဆီသတ်ပေးပါ
  • ငံပြာရည်နံ့သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ပြုပ်ထားသောပဲ အခွံခွာထားသော ကြက်ဥတို့ကို ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာမှုန့်နှင့် ဆားထဲ့ကာ ခရမ်းသီးနှင့် အာလူးနူးအောင် တည်ပေးပါ
  • ခရမ်းသီးနှင့် အာလူးနူးလာတာနဲ့ မကျည်းသီးမှည့်ကို အဖတ်များဖယ်ပြီး အရည်ကိုဘဲထည့်ကာ ရေဆူအောင် ဆက်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာမြည်း၍ လိုသလို ပြင်ပေးပြီး ရုံးပတေသီး ပျဉ်းတော်သိမ်းရွက်နှင့် မဆလာအုပ်ကာ မီးပိတ်ပေးပြီး စားသုံးနိုင်ပါပြီ။

Wednesday 15 February 2017

ပုဇွန်အချိုကြော်


အခုရက်ထဲ ပုဇွန်သားလေးတွေ ၂ကီလိုဝယ်ထားပြီး ချိုချဉ်ငံစပ် လှည့်ပါတ်ပြီး ချက်နေမိပါတယ် ဒီနေ့တော့ ကလေးလူကြီး စားနိုင်မဲ့ ပုဇွန်အချိုကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခေါင်းချိုး အမြှီးဖြုတ်ထားသေ ပုဇွန်ခေါင်းချိုး - ၂ဆယ်သား
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - ထမင်းစားဇွန်း ၇ဇွန်းခန့်
  7. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  8. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေဆေးပြီး ခေါင်း အမြှီးဖြုတ်ကာ သန့်စင်ထားပါ
  • သန့်စင်ထားသော ပုဇွန်ကို ဆား ငံပြာရည် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်နီ နွမ်းအောင် ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ အရသာနယ်ထားသော ပုဇွန်ကို ထည့်ကြော်ပါ
  • သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ ပဲငံပြာရည် ထည့်မွှေပေးပြီး အရသာမြည်း၍ လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ။

Tuesday 14 February 2017

ပုဇွန်ငရုတ်သီးစိမ်း အစပ်ချက်


ဒီနေ့တော့ မကုန်နိုင်သေးတဲ့ ပုဇွန်သားလေးတွေကို ခေါင်းချိုးပြီး ငရုတ်သီးစိမ်းနဲ့ ဖိုးသတ်ဖတ်သတ် ချက်ပါတယ် ထမင်းစားလို့တော့ ဘာကောင်းသလဲ မမေးပါနဲ့တော့ အရမ်းကို မြိန်ပါတယ် ဒါကြောင့်မို့ ဖိုးသိုးဖတ်သတ် ကြော်ချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သန့်စင်ပြီးသား ပုဇွန်ခေါင်းချိုး - ၂ဆယ်သား
  2. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  3. ကြက်သွန်နီ - ခပ်သေးသေး တစ်လုံး
  4. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • သန့်စင်ပြီးသား ပုဇွန်ကို ဆား နနွင်း အရသာမှုန့် နယ်ထားပါ
  • ငရုတ်သီးစိမ်းကို အရမ်းမညက်စေဘဲ ဖိုးသိုးဖတ်သတ် ထောင်းထားပါ
  • ကြက်သွန်နီကို ခပ်ပါးပါး လှီးထားပါ
  • ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းရုံလေး ထည့်ကြော်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ငရုတ်သီးထောင်းကို ထည့်ကြော်ပါ
  • မွှေးလာတာနဲ့ ပုဇွန်နဲ့ငံပြာရည်ကို ထည့်မွှေပါ
  • ပြီးတာနဲ့ ရေမြုပ်ရုံလေးထည့်ပြီး ရေခမ်းအောင် တည်ပေးပါ
  • ရေခမ်းတာနဲ့ စပ်ပြီးမွှေးနေတဲ့ ငရုတ်သီးစိမ်း ပုဇွန်ဖိုးသိုးသတ် ကြော်ချက်လေး ရပါပြီ။

Monday 13 February 2017

ပုဇွန်ပဲငပိ အစပ်ကြော်




ပုဇွန် ၂ကီလို ၀ယ်ထားတာ လက်စသပ်သင့်ပြီလို့ ထင်ကြမှာဘဲနော် မြန်မာပြည်ကလာတဲ့ ရေချိုပုဇွန်လေးတွေ ရခဲသလို စားရခဲတာမို့လို့ တနေ့တမျိုး မရိုးရအောင် စားပါရစေ ။

ဒီနေ့တော့ ပဲငပိနဲ့ ချဉ်ငံစပ်လေး ကြော်ပါမယ် ထမင်းကတော့ စားလို့မိန်ကြအုံးမှာ ပါဝင်ပစ္စည်းလေးတွေ အဆင်သင့်ရှိရင်တော့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သန့်စင်ပြီးသား ပုဇွန်ခေါင်းချိုး -၂ဆယ်သား
  2. ပဲငပိ အချို - ထမင်းစားဇွန်း ၇ဇွန်း
  3. ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  6. ဆီ - ထမင်းစားဇွန်း ၇ဇွန်းခန့်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  11. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃ဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်ကို မလိုတာတွေဖယ်ပြီး သန့်စင်ကာ ဆား နနွင်း လက်ဖက်ရည်ဇွန်း သုံးပုံ တပုံနှင့် အရသာမှုန့်တို့ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ပါးပါးရိတ်ရိတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာထားပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီး အကြမ်းမှုန့်ကို ပြင်ထားပါ
  • ဆီကိုအပူပေးပြီး ဆီပူလာပါက နနွင်းမှုန့် အနည်းငယ်ထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ထည့်ကြော်ပါ 
  • ကြက်သွန်များ နွမ်းလာတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်ကြော်ပါ 
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးများကို နွမ်းကျေသွားအောင် ထည့်ချက်ပေးပါ
  • ခရမ်းချဉ်သီးများ နွမ်းကျေပြီး အခွံများ လိပ်လာတာနဲ့ ငံပြာရည် ပဲငပိနှင့် ပုဇွန်တို့ထည့်မွှေပါ
  • ခရမ်းချဉ်သီးမှ အရည်များ ထွက်လာပြီး ပွက်ပွက်ဆူနေချိန်မှာ အရသာကို မြည်ပြီး လိုသလိုပြင်ပေးပါ
  • အရည်များ ခမ်းလာပါက ထမင်းစားလို့ မိန်စေမဲ့ ပုဇွန်ပဲငပိ ချဉ်ငံစပ် ဟင်းလေး ရပါပြီ။

Sunday 12 February 2017

ငရုတ်သီးစိမ်း ပုဇွန်အစပ်ချက်


ကျမနေတဲ့ Rockhampton မြို့လေးက ပူပူလိုက်တာဆိုတာ မပြောပါနဲ့တော့ ထိုင်နေရင်းနဲ့တောင် ချွေးတွေ တစ်ပြိုက်ပြိုက် ကျလာပြီး အလိုလိုနေရင်း လူက အရမ်းပင်ပန်းလာပါတယ် ဒီတော့ အစားစားချင်စိတ်ကိုလဲ ပျောက်စေခဲ့ပါတယ်။

ဒီတော့ကာ ခံတွင်းလိုက်စေမဲ့ အပူကို အပူနဲ့ငြိမ်းရလေအောင် သိပ်စပ်လွန်းတဲ့ ဟင်းလေးတွေ စားချင်လာတော့ ငရုတ်သီးစိမ်းနဲ့ ပုဇွန်ကို ခပ်စပ်စပ်လေး ချက်မိပြန်ပါတယ် ဒီဟင်းလေး ချက်မိတိုင်း ထမင်းမိန်တတ်လွန်း တာကြောင့် ထမင်းကို အရင်ရက်တွေကထက်စာရင် ပိုပြီးချက်မိတာတော့ အမှန်ပါဘဲ။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခေါင်းချိုး - 300 g
  2. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း ၂ဇွန်းခန့်
  8. ကြက်သွန်နီ - အနေတော် တစ်လုံး

ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေဆေးပြီး အမြှီးနှင့်ခေါင်းဖြတ်ကာ ကြောဖက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • သန့်စင်ပြီးသော ပုဇွန်ကို နနွင်းမှုန့်အနည်းငယ် ဆားအနည်းငယ်နှင့် နယ်ထားပါ
  • ငရုတ်သီးစိမ်းကို အတောင့်လိုက် ရေဆေးပြီး မထူမပါး လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သွန်နီကို ထည့်ကြောာပါ
  • နွမ်းရုံလေး ကြော်ပြီးတာနဲ့ ငရုတ်သီးစိမ်းကို တမိနစ်လောက် ထည့်မွှေပါ
  • ပြီးတာနဲ့ ပုဇွန်ကို အရောင်ပြောင်းသွားတဲ့အထိ ထည့်ကြော်ပါ
  • ပုဇွန်အရောင်ပြောင်းတာနဲ့ အရသာမှုန့်နှင့် ငံပြာရည်ကို ထည့်ကြော်ပြီး ရေမြုပ်အောင် ထည့်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက အရသာမြည်း လိုသလို ပြင်ပေးကာ ရေအနေတော်လောက် ရပြီဆို မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ ရှူးရှူးရှဲရှဲ စားသုံးနိုင်ပါပြီ။

Saturday 11 February 2017

ပဲကြာဇံသုပ်



ဒီနေ့တော့ ချဉ်ငံပြီး စပ်နေတဲ့ အလွန်အရသာရှိသော ပဲကြာဇံသုပ်ကို သုပ်စားဖြစ်လို့ လူတိုင်း ကြိုက်နှစ်သက်ကြမယ် ထင်တဲ့အတွက် ဆီမပါဘဲ သုပ်လိုက်တဲ့ ပဲကြာဇံသုပ် အရိုင်းသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပဲကြာဇံအခြောက် - လက်တစ်ဆုတ်စာ သာသာ
  2. ကြက်ရင်ပုံသား - အနေတော် တစ်ခု
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်
  5. ကြက်သွန်မိတ် - အနေတော် တစ်ပင်
  6. မုံလာဥနီ - အနေတော် တစ်ဥ
  7. သံပုရာသီး - လိုသလောက်
  8. ငါးငံပြာရည် - လိုသလောက်
  9. အရသာမှုန့် -လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ
  • ပြီးတာနဲ့ ဇောက်နက်သော အိုးအနေတော် တစ်လုံးထဲမှာ ကြက်သားကို ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
  • ကြက်သားပြုပ်အို ရေခမ်းပါက အအေးခံကာ ပုံပါအတိုင်း ကြက်သားကို မွှထားပေးပါ
  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ရေစိမ်ပြီးသော ပဲကြာဇံကို ရေစစ်ပြီး ရေနွေးဆူဆူ လောင်းထည့်ပေးပြီး သုံးမိနစ်လောက်ထားကာ ရေအေးနှင့်ဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးက ခပ်ပါးပါး လှီးပေးထားပါ
  • မုံလာဥနီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ရှည်ရှည်လေးတွေ ခြစ်ထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးပေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး လိုသလောက် စိတ်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဇလုံတစ်ခုထဲမှာ ပါဝင်ပစ္စည်းများထည့်ကာ သံပုရာရည်ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အားလုံး သမသွားပြီ ဆိုတာနဲ့ အရသာမြည်း၍ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးကာ ကြက်သားပဲကြာဇံသုပ် ချဉ်ငံစပ်လေးကို စားသုံးနိုင်ပါပြီ။

Wednesday 8 February 2017

အာလူးကတ်တလိတ်


အာလူးကတ်တလိတ်ဆိုရင် အရသာ အမျိုးမျိုးထည့်၍တစ်မျိုး သတ်သတ်လွတ်တစ်သွယ် အသားများ ထည့်ပြီးသော်၎င်း မျိုးစုံအောင် ကြော်တတ်ကြပါတယ် မာမာကတော့ ဒီတစ်ခါ ကြက်ဥအကာထဲ နှစ်ပြီး မဆလာနံ့ သင်းသင်းလေးနဲ့ ကြော်ထားတာဖြစ်လို့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အားလူး - 700 g 
  2. တန်ပူရာမှုန့် - 100 g
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ကြက်ဥအကာ - တစ်လုံး
  8. ဆီ - လိုသလောက်

ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် မဆလာ နနွင်းမှုန့်တို့ထည့်ပြီး အာလူးကို ကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး လက်နှင့်ဆုတ်လုံးပေးပါ
  • အားလုံးကို အလုံးလေးများ ဆုတ်လုံးပေးပြီးပါက လက်ကိုဆီသုတ်ပေးပါ
  • ပြီးတာနဲ့ တစ်လုံးချင်းကိုယူကာ လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ၀ိုင်းသွားအောင် လုံးပေးကာ ခပ်ပြားပြားလေး ဖိပေးပါ
  • ကြက်ဥအကာကို ဇလုံတစ်ခုထဲမှာ ခက်ရင်းဖြင့် ပွလာအောင် ခလောက်ထားပေးပါ
  • အာလူးလုံးများ အဆင်သင့် ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးမထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တစ်လုံးချင်းယူပြီး ကြက်ဥအကာထဲမှာ လူးပေးပြီးမှ ထည့်ပြီးကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • အာလူးကတ်တလိတ်ကြော် တစ်လုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မဆလာနံ့ မွှေးမွှေးလေးနဲ့ အာလူးကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။