Friday, 3 February 2017

ချဉ်ငံစပ် ကြာဇံ ဖိုးသိုးဖတ်သတ်သုပ်


အခုရက်ထဲ အသုပ်လေးတွေဘဲ စားချင်မိလေတော့ အစာပလာတွေကို အလုပ်အားတုံး အဆင်သင့် ပြင်ထားပြီး စိတ်ထဲပေါ်လာတဲ့ အသုပ်လေးတွေကို လွယ်ကူမြန်ဆန်စွာ သုပ်စားဖြစ်ပါတယ်။

ဒီနေ့တော့ ကြာဇံသုပ်ကို ဖိုးသိုးဖတ်သတ်လေး သုပ်စားဖြစ်လေတော့ သုပ်စားတိုင်း ငယ်ဘ၀အလွမ်းလေးတော့ ပြေမိပါတယ် ကျောင်းမုန့်ဈေးမှာ တိုးကာဝှေ့ကာ စားရတဲ့ ဘ၀လေးက အမှတ်တရလေးတော့ အခုထိ ရှိနေဆဲပါဘဲ။

ပါဝင်ပစ္စည်းများ

  • ဆန်ကြာဇံအခြောက် - 100g
  • ပဲအကျက်မှုန့် - လိုသလောက်
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • အရသာမှုန့် - လိုသလောက်
  • ကြက်သွန်ဖြူ  ဆီချက် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးသာသာ
  • မကျည်းသီးအမှည့် - ကွမ်းသီးဆံလုံး ၂လုံးစာ
  • ငံပြာရည် - လိုသလောက်
  • နံနံပင် - လိုသလောက်

ကြာဇံပြုပ်ရန်
  1. ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ုပြီး အနည်းဆုံး ၃နာရီလောက် ရေစိမ်ထားပါ
  2. ရေစိမ်ပြီးတာနဲ့ ရေများကို သွန်ပလိုက်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး ထည့်ထားလိုက်ပါ
  3. ရေကို ပွက်ပွက်ဆူအောင်တည်ပြီး ကြာဇံဇလုံထဲကို လောင်းထည့်ပေးပါ
  4. ရေနွေးထည့်ပြီးတာနဲ့ ၃မိနစ်လောက် စိမ်ထားပြီး ရေနွေးကို သွန်ကာ ရေစစ်ထားပါ

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  • ဆီချက်
  • ငံပြာရည်
  • ပုဇွန်ခြောက်မှုန့်
  • ပဲအကျက်မှုန့်
  • အချိုမှုန့်
  • ငရုတ်သီး အလှော်မှုန့်
  • ကြက်သားမှုန့်
  • မကျည်းသီးမှည့်ရည်
  • လှီးထားသော နံနံပင်

ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါးလှီးထားပါ
  • ဒယ်အိုးတလုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
  • ကြက်သွန်ဖြူများ အ၀ါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ
  • ဆီကိုအအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်များကို ရောပေးပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ
တပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာ ကြာဇံတပွဲစာနှင့် နံနံပင်ကိုထည့်ပါ  
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • စားပွဲပြင်ပြီးတာနဲ့ စားပွဲပြင်ရန် ပန်းကန်ပြားထဲ  ပြောင်းထည့်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ

No comments:

Post a Comment