Thursday, 16 February 2017

ကြက်ဥ သီးစုံပဲကုလားဟင်း


အခုရက်ထဲတော့ ရာသီဥတုက ကိုယ့်နောက်မပါဘဲ နေပြင်းပြင်းနဲ့ ထမင်းစားတွေလဲ ပျက်ပါတယ် ဒါကြောင့်မို့ စားမြိန်ဟင်းလေးတွေ ဖြစ်ရလေအောင် ဒီနေ့တော့ ကြက်ဥပဲဟင်း အရည်သောက်ဆမ်းလေး ချက်ဖြစ်တာမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ

  • ကျက်အောင်ပြုပ်ပြီး အခွံခွာထားသော ကြက်ဥ - ၆လုံး
  • နူးနေအောင် ပြုပ်ထားသော ကုလားပဲခြမ်း - တရုတ်ဟင်းပြင်ပန်းကန် အသေး တလုံးစာ
  • အခွံခွာပြီး ရှစ်စိတ်စိတ်ကာ ရေဆေးထားသောအာလူး - အနေတော် ၃လုံး
  • ခပ်ထူထူလှီးကာ ရေမြုပ်အောင် စိမ်ထားသော ခရမ်းသီး - ခပ်ကြီးကြီး တလုံး
  • ရေဆေးပြီး အနေတော် လှီးထားသော ရုံးပတေသီး - ၇တောင့်
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  • ညက်နေအောင် ထောင်းထားသော ချင်း - လက်တဆစ်
  • ရေစိမ်ထားသော မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  • ပျဉ်းတော်သိမ်းရွက် - အနေတော် ၃ခက်
  • နံနံစေ့ - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • မဆလာ - ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  • ဆီကိုနနွင်းမှုန့်ထဲ့ကာအပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်နီ နံနံစေ့ ချင်းနှင့် ငရတ်သီးမှုန့်တို့ကို ထည့်ကာမွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ အာလူးနှင့် ခရမ်းသီးကိုထဲ့ပြီး ငါးငံပြာရည် တခါထဲထဲ့ပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ပြုပ်ထားသောပဲ အခွံခွာထားသော ကြက်ဥနှင့် ရေမြုပ်အောင်ထဲ့ပြီး အရသာမှုန့်နှင့် ဆားထဲ့ကာ ခရမ်းသီးနှင့် အာလူးနူးအောင်တည်ပေးပါ
  • ခရမ်းသီးနှင့် အာလူးနူးလာတာနဲ့ မကျည်းသီးမှည့် အရည်ထဲ့ကာ ရေဆူအောင် ဆက်တည်ပြီး  ရုံးပတေသီးထည့်ကာ အရသာမြည်း၍ လိုသလို ပြင်ပေးပြီး ပျဉ်းတော်သိမ်းရွက်နှင့် မဆလာအုပ်ကာ မီးပိတ်ပေးပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment