Wednesday, 8 February 2017

အာလူး ကတ်တလိတ်


အာလူးကတ်တလိတ်ဆိုရင် အရသာ အမျိုးမျိုးထည့်၍တမျိုး သတ်သတ်လွတ်တသွယ် အသားများ ထည့်ပြီးသော်၎င်း မျိုးစုံအောင် ကြော်တတ်ကြပါတယ် မာမာကတော့ ဒီတခါ ကြက်ဥအကာထဲ နှစ်ပြီး မဆလာနံ့ သင်းသင်းလေးနဲ့ ကြော်ထားတာဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အားလူး - 500g 
  • တန်ပူရာမှုန့် - ထမင်းစားဇွန်းမောက်မောက် ၃ဇွန်းမောက်မောက် (မည်သည့်အကြော်မှုန့်မဆို ထည့်နိုင်ပါတယ်)
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်ဥအကာ -၂ခု
  • ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တလုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် မဆလာ နနွင်းမှုန့်တို့ထည့်ပြီး အာလူးကို ကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက ထမင်းစားဇွန်း တဇွန်းစာယူပြီး လက်နှင့်ဆုတ်ပေးပါ
  • အားလုံးကို အဆုတ်လေးများ ဆုတ်ပေးပြီးပါက လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ၀ိုင်းသွားအောင် လုံးပေးကာ ခပ်ပြားပြားလေး ဖိပေးပါ
  • ကြက်ဥအကာကို ဇလုံတခုထဲမှာ ခက်ရင်းဖြင့် ပွလာအောင် ခလောက်ထားပေးပါ
  • အာလူးများ အဆင်သင့်ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးမထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တခုခြင်းယူပြီး ကြက်ဥအကာထဲမှာ လူးပေးပြီးမှ ထည့်ပြီးကြော်ပေးပါ
  • တဖက်ရွှေဝါရောင် သန်းလာပါက နောက်တဖက်ကို လှန်ပေးပါ
  • တလုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မဆလာနံ့ မွှေးမွှေးလေးနဲ့ အာလူးကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment