Sunday 26 February 2017

ကြက်သား လယ်တောချက် မွှေးမွှေးလေး



ဒီတစ်ခါတော့ ကြက်သားကို လယ်တောထဲမှာ အလွယ်တကူ ရနိုင်တဲ့ စပါးလင်လေးနဲ့ တောချက်လေး ချက်ပါမယ် အိမ်ကြက်ဆိုရင်တော့ ပိုမွှေးပြီး စားရတာ ပိုကောင်းပါတယ် မာမာကတော့ အိမ်ကြက်မရှိတဲ့အတွက် မွေးမြူရေး ကြက်ကိုဘဲ ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား - အနေတော် ၁ခြမ်း
  • ကြက်သွန်နီ - အနေတော် ၃လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • စပါးလင် - အရွက်များပါသော အပင်၂ပင်
  • ငရုတ်သီး အခြောက်တောင့် - ၇တောင့်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးများ တုံးပေးပါ
  • တုံးထားသော ကြက်သားကို ငံပြာရည် ဆား ဟင်းခတ်မှုန့် နနွင်းမှုန့် ငရုတ်သီး အရောင်တင်မှုန်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီး အခြောက်တောင့်ကို အညှာခြွေပြီး ပျော့သွားအောင် ရေစိမ်ထားပါ
  • ကြက်သွန်နီ  ကြက်သွန်ဖြူ ငရုတ်သီး အခြောက်တောင့်တို့ကို ညက်နေအောင် ထောင်းထားပါ
  • စပါးလင်ကို ရေဆေးပြီး ဓါးပြားရိုက်ကာ ထုံးထားပါ

ချက်ပြုပ်ပုံ

  • ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထုံးထားသော စပါးလင်ကို ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက ထောင်းထားသော ကြက်သွန်နှင့် ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက အရသာနယ်ထားသော ကြက်သားများကို ထည့်ပြီးမွှေပေးပါ
  • ကြက်သား အပေါ်ယံကြောတွေ မာတင်းလာအောင် ဆီသတ်ပေးပြီးမှ အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
  • ဆီသံလေး ကြားလာတာနဲ့ ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ 
  • ထည့်ထားသော ရေခမ်းတာနဲ့ ကြက်သားနူးအောင် ရေအနည်းငယ်စီ ထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • ကြက်သားနှုးအိလာပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီလည်ရေလည်ရအောင် တည်ပေးပါ
  • ဆီလည်ရေလည် အနေတော် ရသွားပြီဆိုမှ စပါးလင်ထုံးကိုဖယ်ကာ အရသာရှိသော ကြက်သား လယ်တောချက် မွှေးမွှေးလေးကို စားပွဲပြင်ပေးပါ။

No comments:

Post a Comment