Sunday, 31 August 2014

ကြက်သားလိပ်ကြော် မွှေးမွှေးလေး


ဒီနေ့တော့ ကြက်သားကော်ပြန်လိပ်ကြော်လေး ကြော်ပါမယ် ၀က်သားအစား ကြက်သားနဲ့ကြော်တာပါ ၀က်သားဆိုရင် မာမာတို့အိမ်မှာ လူမညီပါဘူး မစားတဲ့သူက များတဲ့အတွက် ကြက်သားနဲ့ဘဲကြော်တာပါ။

စိတ်ဝင်စားလို့ကြော်စားကြည့်မယ် ဆိုရင်တော့ ကော်ပြန့်ရွက် ၇ရွက်အတွက် လိုအပ်တာလေးတွေ ပြောပါမယ်။

ပါဝင်ပစ္စည်းများ

  1. ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ထားသော ကြက်ရင်ပုံသား - 200 g
  2. ကော်ပြန့်ရွက် - ၇ရွက်
  3. အနေတော် လှီးထားသော တရုတ်နံနံ - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  4. အနေတော် လှီးထားသော ကြက်သွန်မိတ်ပင် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  5. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. Cornflour - ထမင်းစားဇွန်း တစ်ဇွန်းခွဲ ( ကြက်သားမှာနယ်ထားပေးပါ )
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  11. ဆီ - လိုသလောက် သုံးပေးပါ

အစာကြော်ပြီး လိပ်ရန်နှင့် ဂျုံအရည်ဖျော်ရန်
  • ဆီကို မီးအပူပေးပြီး ကြက်သွန်နီကို အရင်ကြော်ပါ
  • နွမ်းလာပါက ကြက်သားကိုထဲ့ပြီး ဆား အရသာမှုန့် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်တို့ထဲ့ပြီး ၆မိနစ်လောက်ကြော်ပေးပါ
  • အသားအရောင်ပြောင်းလာပြီး မာလာတာနဲ့ ကြက်သွန်မိတ် တရုတ်နံနံတို့ထဲ့ပြီး၂မိနစ်လောက် မွှေပေးပါ ကျက်သွားရင် အအေးခံထားပါ
  • ကော်ပြန့်ရွက်လိပ်ပြီး ထိပ်စကိုကပ်ရန် ဂျုံထမင်းစားဇွန်း တစ်ဇွန်းသာသာကို ရေထမင်းစားဇွန်း ၂ဇွန်းနဲ့ ဖျော်ထားပါ
  • ကော်ပြန့်ရွက်ကိုထောင့်ချွန်းခင်းပြီး  ထောင့်ချွန်းအပေါ်မှာ အစာကိုထမင်းစားဇွန်း ၂ဇွန်းကျောာကျော်ထဲ့ပါ
  • ထောင့်ချွန်းဖက်မှ စပြီးလိပ်ပေးပြီး ဘေး၂ဖက်ကိုခေါက်ပြီး ဆက်လိပ်ပေးပါ
  • အလိပ်ဆုံးကာနီးမှာ ဖျော်ထားသော ဂျုံအရည်စွတ်ပြီး လိပ်လိုက်ပါ
  • ၇လိပ်လုံးလိပ်ပေးပါ
ကော်ပြန့်လိပ်၇လိပ်စာအတွက် အပြင်အကာခွံအနှစ်စပ်ရန်
  • ကြက်ဥကြီးကြီး - တစ်လုံး
  • အကြော်မှုန့်-  ထမင်းစားဇွန်း ၅ဇွန်း
  • ရေ. - ထမင်းစားဇွန်း ၂ဇွန်းတို့နဲ့ အားလုံးကျေအောင်ဖျော်ထားပါ
ကြော်ရန်
  • ဆီကိုအပူပေးပြီး ဆီပူလာပါက မီးကိုအလယ် အလတ်လောက် လျော့ပြီးမှ ကြက်သားလိပ်ကို ဖျော်ထားသော အပြင်အကာခွံအတွက် စပ်ထားသော အနှစ်ထဲမှာလူးပြီး ဆီအိုးထဲသို့ တစ်လိပ်ခြင်းနှစ်ပေးပြီး ထဲ့ကြော်ပေးပါ
  • မီးအရမ်း မပြင်းအောင် သတိထားပြီး ကြော်ပေးပါ
  • တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး၂ဖက်လုံး ရွှေဝါရောင်သန်းပြီး ကြွတ်ရွလာလျှင် ဆယ်ပြီးဆီစစ်ထားပေးပါ။
အချဉ်ရည်စပ်ရန်
  • Chili sauce ထမင်းစားဇွန်း နှစ်ဇွန်း 
  • ငရုတ်သီးအလှော်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
  • သကြား ထမင်းစားဇွန်း တစ်ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
  • အနေတော်လှီးထားသော နံနံပင် အပင်ကြီးကြီး သုံးပင်
  • မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ အမွှာကြီးကြီး ၇မွှာ
  • ရေ ထမင်းစားဇွန်း ၅ဇွန်း အားလုံးရောပြီး ဖျော်ပေးပါ။

Friday, 29 August 2014

ကြက်သား ဆန်လှော်ဆန်ပြုပ်


ဒီနေ့ပြုပ်သောက်ဖြစ်တဲ့ ဆန်လှော်ဆန်ပြုပ်လေးပါ ရိုးရိုးဆန်ပြုပ်ထက် ပိုပြီးသောက်လို့ကောင်းသလို ဆန်လှော်မွှေးမွှေးလေးကြောင့် သောက်ရတဲ့ ဆန်လှော်အနံ့လေးကလဲ စွဲမက်စရာပါ။

ရိုးရိုးဆန်ပြုပ်လို ပျစ်ခဲခဲကြီးမနေဘဲ ဆန်စေ့လေးတွေက ပြုပ်ပြီးသည့်တိုင်အောင် ခပ်ကျဲကျဲလေးနဲ့ကျက်တဲ့ ဆန်လှော်ဆန်ပြုပ်လေးပါ။

မာမာတို့တော့ မိသားစုလေးယောက် တစ်နေကုန် ဆာရင်ဆာသလိုသောက်နိုင်ဖို့ ထမင်းပေါင်းအိုး ဆန်ချင်ဗူး၂ဗူးကို လှော်ပြီးပြုပ်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ကြက်သား - အနေတော် တစ်ခြမ်း
  3. ကြက်သွန်နီ - ဥအသေး ၁၀လုံး (ဆန်ပြုပ်ထဲထည့်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း ၄ဇွန်း ( ဇွန်းတစ်ဝက်ကို ဘဲသားပြုပ်ထဲထည့်ရန်)
  5. နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်ဥ (ငါးဆီသတ်ရန်)
  8. ကြက်သွန်ဖြူ  - အမွှာကြီးကြီး၂မွှာ (ငါးဆီသတ်ရန်)
  9. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၃ဇွန်းခွဲ (တစ်ဝက်ကို ဘဲသားပြုပ်ထဲ့ထည့်ရန်)
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး၎မွှာ (ဆန်ပြုပ်ထဲထည့်ရန်)
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  13. ကြက်သွန်ဖြူ ဆီချက် - လိုသလောက် ပြင်ထားပါ
ဆန်လှော်ပုံ
  1. ဒယ်အိုးထဲမှာ ဆန်ထည့်ပြီး မီးအနေတော်နဲ့ လှော်ပေးပါ
  2. ဆန်လှော် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  3. ဆန်လှော်များ ညိုရောင်သန်းလာပြီး မွှေးလာပါက မီးပိတ်ပေးထားပါ
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမှာ ဆန်လှော်ကို ရေများများထဲ့ပြီး နူးအောင်ပြုပ်ထားပါ
  • ဆန်လုံးများကျေလာအောင် ပြုပ်ပေးပါ
  • ကြက်သားကို အခြမ်းလိုက် ရေဆေးပေးပါ
  • ရေဆေးထားသောကြက်သားကို အိုးထဲမှာထည့်ပြီး အရသာမှုန့်နှင့် ဆားတို့နှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ရေခမ်းတာနဲ့ ဘဲသားကို အသားမျှင်လေးတွေ ရအောင် ထွင်ထားပါ
  • ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီ အနေတော် တစ်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူ  အမွှာကြီးကြီး နှစ်မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူ  အမွှာကြီးကြီး လေးမွှာကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောပြီးထောင်းထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ  ဆီချက်ကို ပြင်ထားပါ
  • ဆန်ပြုပ်နေတုံး ဆီကို နနွင်းမှုန့်ထဲ့ကာ အပူပေးပြီး လှီးထားသော ကြက်သွန်နီ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ
  • ကြက်သွန်များပျော့ပြီး မွှေးလာပါက ကြက်သားများကိုထည့်ပြီး ၅မိနစ်လောက် ဆီသတ်ပေးထားပါ
  • ဆန်ပြုပ်များ မနူးသေးပါက ဆန်နူးတဲ့ထိ ရေထပ်ထပ်ထဲ့ပြီး ပြုပ်ပေးပါ
  • ပြုပ်နေစဉ် အိုးမကပ်အောင် မကြာမကြာ မွှေမွှေပေးပါ
  • ဆန်နူးပြီ ဆိုပါက ရေကိုတရုတ်ဟင်းပြင်ပန်းကန် ၆လုံးစာလောက်ထဲ့ပေးပြီး ကြက်သွန်ဥလေးများနှင့် ငါးဆီသတ်ကို ထဲ့ပြုပ်ပေးပါ
  • ဆားနှင့်အရသာမှုန့်၂ဇွန်းကိုထဲ့ပြီး အရသာမြည်းပေးပါ
  • လိုအပ်သော အရသာ ရလာအောင် ပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက ထောင်းထားသော ကြက်သွန်ဖြူ  ငရုတ်ကောင်းတို့ကိုထဲ့ပြီး မီးနွေးနွေးနဲ့တည်ထားပါ
  • ပန်းကန်လုံးထဲမှာ ကြက်သားဆန်ပြုပ်ကို မိမိ လိုသလောက် ထဲ့ပေးကာ သောက်ကာနီးမှ ကြက်သွန်ဖြူဆီချက်နှင့် ကြက်သွန်မိတ်ဖြူးပြီး သောက်နိုင်ပါပြီ။

Sunday, 24 August 2014

ဂဏန်းဆီပြန် မွှေးမွှေးလေး




စားသုံးသူအားလုံးနှစ်သက်မယ်လို့ထင်ပါတယ် ဒီဟင်းကတော့ မာမာအရမ်းကြိုက်တဲ့ဟင်းလေးပါ ဂဏန်းဆိုရင် လယ်ဂဏန်း ပင်လယ်ဂဏန်း ချောင်းဂဏန်းအကုန်ကြိုက်ပါတယ်။

ဂဏန်းကိုချက်တော့မယ်ဆိုရင် မချက်ခင်သူ့ကိုအရင်ဆုံး အပြင်ခွံတွေပြောင်အောင်ဆေးရပါတယ် ပြီးတော့ အခွံကိုခွာ အခွံမှာကပ်နေတဲ့ အဆီတွေကို ပန်းကန်တစ်ခုမှာ ထဲ့ထားပေးပါ ခွာလိုက်တဲ့အသားခြမ်းမှာကပ်နေတဲ့ ပါးဟပ်ကလေးတွေကို ဖယ်ပြစ်ရပါတယ် အဲဒီပါးဟပ်လေးတွေကို စားမိရင်ဗိုက်နာတတ်ပါတယ်။

အခုချက်ထားတဲ့ဂဏန်းဟင်းက မြန်မာပြည်ခနပြန်တုံး ချက်ထားတာလေးပါ ဒီမှာဂဏန်းကဈေးကြီးလွန်းလို့ ချက်စားခဲပါတယ် ဂဏန်းအရသာကိုထိမ်းတာက ချင်းနဲ့မဆလာမို့ ထဲ့ဖို့မမေ့ပါနဲ့နော်။

ပါးဟပ်ဖက်အခြမ်းမှာကပ်နေတဲ့ အစာလမ်းကြောင်းကိုလဲဖယ်ပေးပါ သန့်စင်သွားပြီဆိုရင်တော့ ချက်ဖို့ပြင်ပါမယ်။

ပါဝင်ရမှာလေးတွေကိုပြင်ပါမယ်

  • ရေဆေးသန့်စင်ပြီး အခွံချွတ်ထားသောဂဏန်းအကောင်ကြီးကြီး - ၆ကောင်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - တစ်လက်မမရှိတရှိ
  • မဆလာ - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • မကျီးအနှစ် - ထမင်းစားဇွန်း တ၀က်သာသာ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တ၀က်သာသာ
အရသာနယ်ရန်
  • ဂဏန်းအသားကိုမချက်ခင် ဆား နနွင်း ငံပြာရည် ဟင်းချိုမှုန့် မဆလာတို့နဲ့ဆယ်မိနစ်လောက်ကြိုပြီးနယ်ထားပေးပါ
  • မဆလာကို အသားမှာနယ်ပြီးဆီသတ်ပါက ပိုပြီးမွှေးကြိုင်စေပါတယ်
ဟင်းချက်ရန်ပြင်ပါမယ်
  • ဒယ်အိုးဇောက်နက်နက်တစ်လုံးကို အပူပေးပြီးဆီထဲ့ပါ
  • ဆီပူလာတာနဲ့ထောင်းထားသော ကြက်သွန်ဖြူ နီ ချင်းတို့ကို ငရုတ်သီးနဲ့အတူဆီသတ်ပါ
  • ငရုတ်သီးနံ့သင်းလာတာနဲ့ အရသာနယ်ထားသော ဂဏန်းကိုထဲ့ပြီးဆီသတ်ပေးပါ
  • ဖယ်ထားသော ဂဏန်းဆီကိုထဲ့ပြီး ဆီဆက်သတ်ပေးပါ
  • ဂဏန်းသား ရဲလာပြီဆိုတာနဲ့ရေမြုပ်အောင်ထဲ့ပြီးအဖုံးအုပ်ကာတည်ပေးပါ
  • ရေခမ်းကာနီးပြီဆိုရင် မကျီးအနှစ်ကိုထဲ့မွှေပြီး ရေနဲနဲထပ်ထဲ့ကာ ဆီပြန်အောင်တည်ပေးပါ
  • ဆီပြန်ပြီဆိုတာနဲ့ အရသာမြည်းပြီးလိုအပ်သလိုပြင်ပေးပါ
  • ချင်း မဆလာနံ့မွှေးမွှေးလေးနဲ့ ဂဏန်းချဉ်စပ်ဟင်းလေးရပါပြီ။

Saturday, 23 August 2014

အာလူးခြစ်ကြော် ရွရွလေး



အာလူးခြစ်ကြော် ကြော်နည်းလေးပြောပြပါမယ် ကြော်ရတာလွယ်သလောက် စားလို့တော့အရမ်းကောင်း ပါတယ် မာမာ့ကလေးတွေက အာလူးကြိုက်တော့ မကြာမကြာဆိုသလိုလဲကြော်ကျွေးဖြစ်ပါတယ် အာလူးနံ့မွှေးမွှေးလေးနဲ့ဝါးလိုက်ရင်ရွရွလေးမို့ မာမာ့မိတ်ဆွေတွေလဲနှစ်သက်မယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းလေးတွေကတော့

  • အခွံခွာပြီးအလုံးလိုက် ရေစင်အောင်ဆေးကာ အသီးခြစ်သော ခြစ်ခပ်ကြမ်းကြမ်းနှင့် ခြစ်ထားသောအာလူး - 500g
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆိုဒါ - လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • တန်ပူရာအကြော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  • ညက်နေအောင်ထောင်းပြီး အရည်ယူထားသောချင်း - လက်တဆစ်သာသာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ
  • အားလုံးကို ဇလုံတစ်လုံးမှာထဲ့ပြီး ခပ်ဖွဖွလေးနယ်ပေးထားပါ
ကြော်ဖို့ပြင်ပါမယ်
  • မကပ်တဲ့ဒယ်အိုးတစ်လုံးကိုအပူပေးပါ ပူလာပါက မီးရှိန်နဲနဲလျှော့ပြီး ဆီလက်ဖက်ရည်အကြမ်း ပန်းကန်နှစ်လုံးစာလောက်ထဲ့ပေးပါ
  • ဆီပူလာပြီးကျက်လာပါက အရသာနယ်ထားသော အာလူးခြစ်ကို အနေတော်ယူကာ အသာအရာ ဆုတ်ပြီး ဆီအိုးထဲထဲ့ပေးပါ
  • အာလူးယူစဉ် ပါလာသောအရည်များကို ညှစ်မချပြစ်ဘဲ ဒီအတိုင်းအာလူးဆုတ်ကို ထဲ့ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိထားပါ တစ်ဖက်ရွှေဝါရောင်းသန်းလာပါက နောက်တစ်ဖက်ကို လှန်ပြီးကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော အာလူးခြစ်ကြော်မွှေးမွှေး စိမ့်စိမ့်ရွရွလေးကို သုံးဆောင်နိုင်ပါပြီ။

ငါးမြင်း ဆီကျန်ရေကျန် အချဉ်ဟင်း



ဒီနေ့ချက်ဖြစ်တဲ့ ငါးဟင်းလေးပါ ငါးမြင်းဟင်းက စားလို့ကောင်းတဲ့ ငါးအမျိုး အစားထဲမှာ ပါပါတယ် ချက်တတ်ဖို့ဘဲလိုပါတယ်။

ငါးအသားက ထူတဲ့အတွက် ဆီသတ်တာ နိုင်ရပါမယ် ဆီသတ်တာ မနိုင်ရင် စားလို့မကောင်းဘဲ ပွစိစိနဲ့ဖြစ်နေတတ်ပါတယ် ဒါကြောင့်မို့ ဘယ်အသားဘဲချက်ချက် ဆီကိုကောင်းကောင်း သတ်ပေးသင့်ပါတယ်။

နောက်တစ်ခုက ငါးမြင်းက အကြေးခွံမပါဘဲ အရည်ခွံ သက်သက်မို့ မခုတ်မပိုင်းခင် အကောင်လိုက်ကို ဆားသို့မဟုတ် မကျီးသီးမှည့်နဲ့ နယ်ဖတ်ပြီး အရင်ဆေးပေးပါ။

အချွဲများ ကုန်သွားစေသလို အညှီနံ့လဲတော်တော်လေး သက်သာစေပါတယ် ပြီးမှငါးကို လိုသလို ခုတ်ပိုင်းပေးပါ။

ပါဝင်ပစ္စည်းများ

  1. အနေတော် တုံးထားသော ငါးမြင်း - 300 g
  2. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အချိုမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာတို့ကို အားလုံးရောနယ်ပြီး ဆယ်မိနစ်လောက်နှပ်ထားပါ
ပြင်ဆင်ပုံ
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ကြက်သွန်ဖြူ အမွှာကြီးကြီး၃မွှာ ချင်း လက်တစ်ဆစ် ကြက်သွန်နီ အနေတော် တစ်လုံး စပါးလင်အရိုး တစ်လက်မလောက်နှင့် ညက်နေအောင်ရောပြီးထောင်းပေးပါ
  • မကပ်သောအိုးကို မီးအပူပေးပြီးဆီ ထမင်းစားဇွန်း ၃ဇွန်းလောက်ထဲ့ပါ
  • ငါးမြင်းက အဆီပါတဲ့ ငါးဖြစ်တဲ့အတွက် ဆီအများကြီး ထည့်ရန်မလိုပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးနှင့် အမွှေးနံ့သာများကို ဆီသတ်နံ့သင်းလာအောင် ကြော်ပေးပါ
  • ဆီသတ်နံ့သင်းလာတာနဲ့ အရသာ နယ်ထားသောငါးကို ထည့်ပြီးဆီသတ်ပါ 
  • ဆီသတ်စဉ် ငရုတ်သီးမတူးစေရန် ငါးအရသာ နယ်ထားသော ဇလုံကို ရေနဲနဲနဲ့ကျင်းပြီးထည့်ပေးပါ
  • ငါးများအိုးမကပ်စေရန် အိုးကို မကြာမကြာ လှုပ်ပေးပါ
  • ငါးအသားများ အရောင်ပြောင်းပြီး မာလာတာနဲ့ မကျည်းသီးအနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာနှင့် ရေမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ
  • ငါးအသားများ မကြေစေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • ရေခမ်းပြီး ဆီပြန်ကာနီး နံနံပင် သို့မဟုတ် ရှမ်းနံနံ သို့မဟုတ် ကြက်သွန်မိတ်တို့ကို အနေတော်ပိုင်းဖြတ်ကာ အုပ်ပေးပြီး အရသာအတွက် အပေါ့အငံမြည်းကာ လိုတာပြင်ပေးပါ
  • ဟင်းအိုးဆီပြန်လာတာနဲ့ငါးမြင်းဟင်း အချဉ်ဆီပြန် ဟင်းမွှေးမွှေးလေးကို သုံးဆောင်ရန် ပြင်ပေးလို့ရပါပြီ။

ကြက်သားလုံးကြော် စိမ့်စိမ့်လေး






ကလေးလူကြီးအကြိုက် ကြက်သားလုံးလေးကြော်ပါမယ် ကြက်သားလုံးကြော်လို့ဆိုပေမဲ့ကြက်ရင်ပုံသား ပေါင်ရင်းသားတွေနဲ့ကြော်ရင် စားလို့မကောင်းပါဘူး ကြက်ပေါင်အသားနဲ့ကြော်မှစားလို့ကောင်းပါတယ်။

ကြက်သားလုံးကို ကြက်ပေါင်ကိုအရိုးထွင်ပြီး ကြိတ်စက်ရှိရင်ကြိတ်စက်ထဲထဲ့ကြိတ် ကြိတ်စက်မရှိရင်လဲ ဓါးနဲ့နုတ်နုတ်စဉ်းပေးပြီး ကြော်တာကပိုပြီးကောင်းပါတယ် ပေါင်သားက အကြောလေးတွေပါတဲ့အတွက် ကြော်ပြီးတဲ့အခါမှာ တထုတ်ထုတ်နဲ့ဝါးလို့ကောင်းတာလေးမို့စားလို့ကောင်းပါတယ်။

ရင်ပုံသားကတော့ အသားများပေမဲ့ ကြော်ပြီးတဲ့အခါမှာ မာကျောကျော ပြင်းတွဲတွဲနဲ့မို့စားလို့ သိပ်မကောင်းလှပါဘူး။

ကြက်သားလုံးကြော်ဖို့ လိုအပ်တာတွေပြင်ပါမယ်

  • အရိုးထွင်ပြီး ကြိတ်ထားသော ကြက်ပေါင် - 300g
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - 100g
  • ဓါးပြားရိုက်ပြီးခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • Cornflour - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံး
ကြော်ရန်အတွက်
  • ဆီမှလွဲရင် အားလုံးရောနယ်ထားသော ကြက်သားကို လက်ကိုရေစွတ်ပြီး အနေတော်လုံးပေးပါ
  • မကပ်သောဒယ်အိုးမှာ ဆီကိုထဲ့ပြီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးအားကိုအနေတော်လျှော့ပေးပြီး လုံးထားသောကြက်သားလုံးကို တစ်လုံးခြင်းထဲ့ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင်သန်းလာရင် ကျန်တစ်ဖက်ကိုလှန်ပေးပြီးဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါသန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားလုံးကြော်စိမ့်စိမ့်လေးကို အရသာရှိစွာစားသုံးနိုင်ပါပြီ။

Friday, 22 August 2014

တို့ဟူးကျိုနည်း



ဒီနေ့တော့ ပျော့ပျောင်းနွဲ့နှောင်းတဲ့ တို့ဟူးကျိုနည်းလေးပြောချင်ပါတယ် မာမာခပ်ငယ်ငယ်လေးထဲက တို့ဟူးကို ကောင်းကောင်းကျိုတတ်ပါတယ်။

မာမာနဲ့အထက်အောက် မောင်လေးက ငယ်ငယ်လေးထဲက အသားတွေသိပ်စားလေ့မရှိပါဘူး လက်ဖက်သုပ် လက်သုပ်စုံလို အစာတွေနဲ့ဘဲ စားလေ့ရှိပါတယ်။

သူ့အတွက်ညနေစာကို မာမာတို့နေတဲ့လမ်းရဲ့အနောက်ဖက်လမ်းမှာ အသုပ်ရောင်းတဲ့အိမ်ရှိတော့ မာမာကနေ့တိုင်းသွားသွားဝယ်ရပါတယ် သွားဝယ်တိုင်းနောက်နေ့မနက်ရောင်းဖို့အတွက် တို့ဟူးကျိုတာနဲ့ တိုးတတ်ပါတယ်။

ငယ်ငယ်ထဲက စပ်စပ် စပ်စပ်နေရာတကာ ပါတတ်တဲ့တွက်ကြောင့် တို့ဟူးကျိုတဲ့ကြီးကြီး မစိန်ကြည်ကိုမေးပြီး နောက်ပိုင်းတော့ အိမ်မှာစမ်းပြီး ကျိုဖြစ်ရင်းက ကျိုတတ်သွားခဲ့တာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။။

တို့ဟူးကျိုရန်

  1. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် ၃ခွက်
  2. ရေ - ထမင်းပေါင်းအိုးဆန်ချင်ခွက် ၄ခွက်ခွဲ
  3. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ပဲမှုန့်နှင့်ရေကိုရောကာ ပဲအနှစ်လေးတွေကျေအောင်ချေပြီး ၅နာရီလောက်နှပ်ထားပေးပါ
  7. ပဲမှုန့်ချင်တွယ်ရာမှာ မည်သည့်ခွက်နှင့်ဘဲချင်ချင်  ပဲမှုန့်တစ်ခွက်ကိုပဲမှုန့်ချင်သည့်ခွက်နှင့် ရေတစ်ခွက်ခွဲနှင့်ရောပေးရင် ရပါပြီ။

ပြင်ဆင်ပုံ
  • တို့ဟူးကျိုမည့် အိုးကို မီးအနေတော်နဲ့အပူပေးလိုက်ပါ
  • တို့ဟူးကျိုပြီးထဲ့ရန် ဗူးတစ်ခုကို ဆီနှင့်နေရာနှံ့အောင် သုတ်ထားပေးပါ
  • အိုးပူလာပြီဆိုတာနဲ့ ပဲရေစိမ်ထားသော ပဲရည်ကြည်ကို အရင်ဆုံးအိုးထဲသို့ထဲ့ပြီးတာနဲ့ ဆားလက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဝက် ဆီထမင်းစားဇွန်း တစ်ဇွန်းတို့ထဲ့ကာ နဲနဲလေးပြစ်ရုံကျိုလိုက်ပါ
  • ပဲရည်ပြစ်လာပြီဆိုတာနဲ့ ကျန်နေသောပဲအနှစ်ကို မကျေသော ပဲအခဲလေးများပါမသွားစေရန် ဇကာခပ်စိတ်စိတ်ခံကာ လောင်းချပေးပါ
  • အားလုံးထဲ့ပြီးတာနဲ့မီးကိုနဲနဲထပ်လျှော့ပေးပြီး အဆက်မပြတ်မွှေပေးပါ
  • ၁၀မိနစ်ကျော်ကျော်လောက် မွှေပြီးပါက ပဲအနှစ်များပြစ်ပြီး ခဲလာပါပြီ
  • ဆီသုပ်ထားသောဗူးထဲသို့ ကျိုထားသောပဲအနှစ်များ လောင်းချပေးပြီး မျက်နှာပြင်ညီအောင်ညှိပေးပါ
  • နာရီဝက်လောက်နေရင် အေးပြီးခဲနေသာ တို့ဟူးတုန်တုန် အိအိလေး ရပါပြီ
  • သုပ်စားမလား  ကြော်စားမလား မိမိနှစ်သက်သလို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Thursday, 21 August 2014

သတ်သတ်လွတ် ပဲပင်ပေါက်ကြော်



ရံဖန်ရံခါတော့လဲ သတ်သတ်လွတ် ဟင်းအရံလေးတွေ ချက်မိပြန်ပါတယ် မာမာကိုယ်တိုင်က အသားကြီးဘဲ စားရတာ မနှစ်သက်တတ်ပါဘူး ဒါကြောင့်မို့လို့ အသီးအရွက်လိုမျိုး ဟင်းတစ်မယ်တော့နေ့စဉ်ချက်တတ်ပါတယ်။

အသီးအရွက် ဆိုတာမျိုးကလဲ ချက်တတ်မှ စားကောင်းပါတယ် အခုပဲပင်ပေါက်ပဲပြားကြော်လေးကလဲ  ကြော်တတ်ရင် တော်တော်အဆင်ပြေပြီး စားလို့ကောင်းပါတယ်။

မကြော်တတ်ရင်တော့ ကြော်နေရင်းက ထွက်လာတဲ့ အရည်တွေကြောင့် ရေစွတ်ပက်နဲ့စားရတာအဆင်မပြေပါဘူး ဒီနေ့တော့ ပဲပင်ပေါက်ပဲပြားလေးကို အဆင်ပြေပြေစားနိုင်ဖို့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ရေစင်အောင်ဆေးပြီး ဇကာနှင့်ရေစစ်ထားသော ပဲပင်ပေါက် - 200 g
  2. လေးထောင့်အတုံးလေးများ လှီးထားသောတို့ဟူး - တစ်တုံး
  3. ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြော်ဖို့ပြင်ပါမယ်
  • ဒ.်အိုးထဲမှာ ဆီထည့်ပြီး ဆီကို မီးအနေတော်နဲ့အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပဲပြားကို နဲနဲမာအောင် ကြော်ပေးပြီး ဆယ်ထားပါ
  • ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပြီးမှ ပဲပြားကြော်ကို ပြန်ထဲ့ပြီး မိနစ်ဝက်လောက် ကြော်ပေးပါ
  • ပဲပင်ပေါက်နဲ့အတူ ဆား အရသာမှုန့်တို့ထဲ့ပြီး နှံ့အောင်မွှေပေးပါ
  • နှစ်မိနစ် သုံးမိနစ်လောက် ကြော်ပေးပြီးရင် သတ်သတ်လွတ် ပဲပင်ပေါက်ကြော်လေး ရပါပြီ
  • ထမင်းပူပူလေးနဲ့မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးနိုင်ပါပြီ။

ကော်ပြန့်ကြော် ကြွတ်ကြွတ်လေး



ကော်ပြန့်ကြော်ကြွတ်ကြွတ်လေး ကြော်နည်းလေးကို ပြောပြချင်ပါတယ် အိမ်မှာလတ်လတ်ဆတ်ဆတ် ကြော်စားနိုင်အောင်လို့ပါ။

မာမာကတော့ အသီးအရွက်နှစ်သက်သူမို့ အသားမထဲ့ဘဲ အသီးအရွက်လေးထဲ့ပြီးကြော်ထားပါတယ်
သတ်သတ်လွတ်ကော်ပြန့်ကြော်လေးအတွက် ကြော်နည်းလေး မျှဝေပေးပါတယ်။

ပါဝင်​ပစ္စည်းများ

  1. ကော်ပြန့် ၁၂လိပ်စာအတွက် ကော်ပြန့်ရွက် - ၁၂ရွက်
  2. အနေတော်လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  3. အနေတော်လှီးထားသော ကြက်သွန်မိတ် - အပင်ကြီးကြီး ၅ပင်
  4. ခပ်သေးသေးအချောင်းလေးတွေလှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  5. နာရီဝက်လောက် ရေစိမ်ပြီး ခပ်ပါးပါးလှီးထားသော Dired flower mushroom. - ၇ပွင့်
  6. ပဲပင်ပေါက် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  7. ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမရှိတရှိ
  8. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း တစ်ဝက်သာသာ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. ဆီ -  ထမင်းစားဇွန်း ၂ဇွန်း

ကော်ပြန့်အစာအကြော်ဖို့ပြင်ပါမယ်
  • ဆီကိုမီးအပူပေးပြီး အရင်ဆုံး ဆီပူလာတာနဲ့ကြက်သွန်ဖြူ ဓါးပြားရိုက်ကို အရင်ကြော်လိုက်ပါ
  • ကြက်သွန်ဖြူနံ့မွှေးလာတာနဲ့မှိုကိုအရင်ဆုံး တစ်မိနစ်လောက် ထဲ့ကြော်ပါ
  • ပြီးတာနဲ့မုံလာဥနီထဲ့ မိနစ်ဝက်လောက်ဘဲ ကြော်ပြီးတာနဲ့တရုတ်မုန်ညှင်းကိုထဲ့ပြီး မိနစ်ဝက်လောက်ဘဲကြော်ပါ
  • ဆား အရသာမှုန့်တို့ထဲ့ပြီးကြက်သွန်မိတ်ကိုထဲ့ပါ ပြီးတာနဲ့ ပဲငံပြာရည်ကိုထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပြီးတာနဲ့ မီးပိတ်ပေးပြီး ကြော်ထားတာတွေကို အအေးခံထားပါ
  • အအေးခံထားစဉ်မှာ ကြော်ထားစဉ်က ထွက်လာသော အရည်များကို အိုးတခြမ်းစောင်းထားပြီး စစ်ပေးထားပါ။
ကော်ပြန့်လိပ်ဖို့ပြင်ပါမယ်
  • ကော်ပြန့်ရွက်ကို ပန်းကန်ပြားတစ်ချပ်ခံပြီးထောင့်ချွန်း ခင်းလိုက်ပါ
  • ထောင့်ချွန်းအစနားမှာ အစာကိုအနေတော် ခင်းလိုက်ပါ
  • အစာခင်းပြီးတာနဲ့ ထောင့်ချွန်းအစကို အစာပေါ်အုပ်ကာ စပြီးလိပ်ပေးပါ
  • ပထမတစ်ခေါက်လိပ်ပြီး နောက်တစ်ခေါက် ထပ်ပြီးလိပ်ပေးပါ
  • ပြီးရင်ဘေးနှစ်ဖက်ကို အတွင်းဖက်ကို ခေါက်ပေးပါ
  • ဘေး၂ဖက်ခေါက်ပြီးတာနဲ့ အရင်ဆုံးလိပ်သလို အဆုံးထိ ဆက်တိုက်လိပ်ပေးပြီး ကျန်တဲ့ထိပ်စကို ကော်ရည်ကပ်ပြီး လိပ်ပေးလိုက်ပါ။
ကြော်ဖို့ပြင်ပါမယ်
  • ဆီ လက်ဖက်ရည်ပန်းကန်တစ်လုံးခွဲကို အပူပေးပါ ဆီပူလာတာနဲ့ မီးကိုအနေတော် လျော့လိုက်ပါ
  • လိပ်ထားသော ကော်ပြန့်လိပ်များကို တစ်လိပ်ချင်း ထဲ့ကြော်ပေးပါ
  • တစ်ဖက်ကျက်ရင် တစ်ဖက်ကိုလှန်ပြီး ဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံးရွှေဝါရောင်ရတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ကော်ပြန့်ကြော်ကြွတ်ကြွတ်လေးရပါပြီ
  • နှစ်သက်ရာအချဉ် ဆလတ်ရွက်တို့နဲ့စားသုံးနိုင်ပါပြီ။

အိုးပူတိုက် ငါးကင်မွှေးမွှေးလေး


ဒီနေ့တော့ ငါးကိုအိုးပူတိုက်ပြီး အကင်လေး လုပ်ဖြစ်ပါတယ် မာမာကတော့ ကိုယ်စားတတ်တဲ့ ငါးဖြစ်တဲ့ ဘာဆာငါးကိုဘဲ သုံးထားပါတယ် အရိုးမပါသလို ငါးအနံ့လဲ မရတဲ့အတွက် စားရတာ တော်တော်လေး အဆင်ပြေပါတယ်။

ငါးကိုအရသာတွေနဲ့နယ်ပြီး တနာရီလောက် နှပ်ထားကာ ကင်မှမို့ အိုးပူတိုက်လို့ကောင်းမဲ့ ဒယ်အိုးမျိုးနဲ့ အိုးပူတိုက်ပါမယ် အိုးပူတိုက်တဲ့ အခါမှာလဲ ရိုးရိုးဆီထက် သံလွင်ဆီသုံးတာ ပိုပြီးကောင်းပါတယ် သံလွင်ဆီရဲ့ အရသာကြောင့် ငါးအိုးပူတိုက် အကင်လေးက အရသာတစ်မျိုးနဲ့ ပိုပြီးထူးစေပါတယ်။

ငါးအရသာနယ်ရန်

  1. အရိုးမပါဘဲအသားလွှာထားသော ဘာဆာငါးပြား - ၂ပြား
  2. ခပ်နုတ်နုတ်စဉ်းထားသောနံနံပင် - အပင်ကြီးကြီး ၂ပင်
  3. ခပ်နုတ်နုတ်စဉ်းထားသော ပူစီနံ - အခက်ကြီးကြီး ၅ခက်
  4. ခပ်နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  5. ညက်နေအောင်ထောင်းပြီး အရည်ယူထားသောချင်း - လက်တဆစ်
  6. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  8. မညက်တညက်ထောင်းထားသောငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  9. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  10. အားလုံးကိုရောနယ်ပြီး တစ်နာရီလောက်နှပ်ထားပေးပါ
  11. တနာရီလောက်ပြည့်တာနဲ့ပေါင်မုန့်ခြောက် ထမင်းစားဇွန်း ၄ဇွန်းလောက်နဲ့နှံ့အောင်နယ်ပေးပါ

ကင်ဖို့ပြင်ပါမယ်
  • ကင်လို့ကောင်းပြီး မကပ်သော အိုးကို မီးအပူပေးပါ
  • အိုးပူလာပြီဆိုရင် မီးကိုအနိမ့်ဆုံးကို လျော့ချပေးပြီး သံလွင်ဆီ ထမင်းစားဇွန်း ၂ဇွန်းလောက်ကို အိုးထဲ ထည့်ပေးပါ 
  • ဆီငွေ့တက်လာပြီ ဆိုတာနဲ့ အရသာ နယ်ထားသောငါးကို အိုးထဲထည့်ပြီး ကင်ပေးပါ
  • တစ်ဖက်နဲ့တစ်ဖက်ကို အကြာကြီး မထားဘဲ မကြာမကြာ လှည့်ပေးပါ
  • ဆယ်မိနစ်လောက် အိုးပူတိုက်ပြီး ကင်ပေးပြီးတာနဲ့ သံလွင်ဆီနံ့ မွှေးနေတဲ့ ငါးကင်လေးရပါပြီ

Sunday, 17 August 2014

ကြက်စဥကြော် ကြွတ်ကြွတ်လေး



ဒီအကြော်လေးကတော့ ၀က်သားအစားကြက်သားနဲ့ကြော်ထားတဲ့ ကြက်စဥကြော်လေးပါ ထမင်းနဲ့စားတာထက်စာရင် ဒီအတိုင်းလေးစားရတာကို ပိုကြိုက်ပါတယ် တစ်နေ့တစ်နေ့ ဟင်းရံစဉ်းစားရတဲ့ ဒုက္ခကလဲမသေးလှပါဘူး မနက်ချက်ရမဲ့ဟင်းကို ညထဲကကြိုပြီးစဉ်းစားရတာကလဲ အိမ်ရှင်မတွေရဲ့ အဓိကတာဝန်တခုပါဘဲနော် ဒီကြားထဲ စိုဖတ်ဖတ်အသားတွေကို မစားချင်တဲ့အခါ အခြောက်အခြမ်းလေးကိုလဲ စဉ်းစားရပြန်တာပါဘဲ ဒီနေ့ကြော်ဖြစ်တဲ့ ကြက်စဥကြော်လေးကို ပြောပြပါမယ်။

ပါဝင်ရမှာလေးတွေက

  • အရိုးထွင်ထားသောကြက်ပေါင် - 250g
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တစ်ဆစ်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ဥ - တစ်လုံး
  • ဆီ - လက်ဖက်ရည်ကြမ်းပန်းကန် တစ်လုံး
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
ကြော်ဖို့ပြင်ပါမယ်
  • ကြက်သားကိုအရိုးထွင်ပြီး လက်သည်းခွံသာသာ အတုံးလေးများတုံးပါ
  • ကြက်သွန်ဖြူနှင့်ချင်းတို့ကို ညက်နေအောင်ထောင်းပေးပါ
  • ကြက်ဥကို ဖွးဖွားပါအောင်ခေါက်ထားပေးပါ
  • ကြက်သားကို ဆား အရသာမှုန့် ချင်း ကြက်သွန်ဖြူတို့နဲ့နယ်ပေးထားပါ
  • တန်ပူရာမှုန့်ကို ရေနဲ့ခပ်ပြစ်ပြစ်ဖျော်ထားပါ
  • ဖျော်ထားသော မုန့်နှစ်ထဲသို့ ကြက်ဥနှင့်အရသာနယ်ထားသောကြက်သားကိုထဲ့ဖျော်ပေးပါ အရမ်းပြစ်နေရင် ရေနည်းနည်း ထပ်ရောပေးပါ
  • ဆီကိုမီးအနေတော်နဲ့အပူပေးပါ ဆီပူလာပါက ကြက်သားကို တစ်တုံးခြင်းမုန့်နှစ်ပါအောင် ဇွန်းနှင့် ခပ်ပြီးကြော်ပေးပါ
  • အတုံးလေးများရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော ကြက်စဥကြော်ကို စားသုံးနိုင်ပါပြီ။

တန်ပူရာမှုန့် ငါးကြော်


ဒီနေ့တော့ တန်ပူရာမှုန့်နဲ့ ငါးကြော်လေး ကြော်ဖြစ်ပါတယ် ငါးကြီးဘဲသက်သက် စားရတာ ရိုးလာပြီဆိုရင်တော့ အခုလိုလေးကြော်ပြီး စားစေချင်ပါတယ်။

အရသာတစ်မျိုး ဆန်းသလို ၀ါးရတာကြွတ်ကြွတ် ရွရွလေးနဲ့ စားလို့အရမ်းကောင်းပါတယ် မုန့်နှစ်ဖျော်စဉ် ထည့်လိုက်တဲ့ ချင်း ကြက်သွန်ဖြူ အနံ့အရသာတို့ကြောင့် ငါးအနံ့မနှစ်သက်သူတို့ပါ နှစ်သက်ကြမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး -  ၃ပြား
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ရေ. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ဗူးတစ်ဝက်သာသာ
  4. ညက်နေအောင် ထောင်းထားသောချင်း - လက်တစ်ဆစ်
  5. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  6. ဆီ - လိုသလောက်သုံးပါ

ပြင်ဆင်ပုံ
  • ပထမဆုံး တန်ပူရာမှုန့် ရေ ချင်း ကြက်သွန်ဖြူတို့ကိုရောပြီး သမအောင် မွှေပေးပါ
  • ဆီကိုအပူပေးပြီး ဆီပူလာပါက မီးကိုအနေတော်သို့ လျှော့ပေးပါ
  • မုန့်နှစ်ဖျော်ရည်ထဲသို့ငါးကို အပြားလိုက်နှစ်ပြီး လူးပေးပြီး ဆီပူထဲမှာ ထည့်ကြော်ပေးပါ
  • တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ချင်း ကြက်သွန်ဖြူနံ့ သင်းသင်းမွှေးနေတဲ့ ငါးတန်ပူရာကြော်လေးကို ရပါပြီ။

Saturday, 16 August 2014

ငှက်ပျောကြော် ချိုချိုလေး



အခုရက်ထဲ အကြော်လေးတွေတစ်နေ့တစ်မျိုးကြော်စား ဖြစ်နေပါတယ် နေ့လည်နေ့ခင်း အပျင်းပြေလေးဘဲဖြစ်ဖြစ် ထမင်းစားပြီး အချိုတည်းရင်ဘဲဖြစ်ဖြစ် မနက်စောစော အစာပြေ စားရင်ဘဲဖြစ်ဖြစ်ပေါ့ အရမ်းကိုအဆင်ပြေလွန်းတဲ့ အကြော်လေးပါ။
အကြော် ကြော်တဲ့ နေရာမှာ မာမာကတော့ တန်ပူရာမှုန့်နဲ့ ကြော်ထားပြီး မိတ်ဆွေတို့မှာ တန်ပူရာမှုန့် မရှိပါက နှစ်သက်ရာ အကြော်မှုန့်တို့နဲ့ ကြော်ပေးရင် ရပါတယ်  ကြော်ရတာ အရမ်းကို လွယ်ပါတယ် စားလို့လဲကောင်းတဲ့အတွက်  ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ရခိုင် ငှက်ပျောသီး - ငါးလုံး
  2. တန်ပူရာမှုန့်  - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်သာသာ
  4. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ တန်ပူရာမှုန့်ကို ရေအေးနှင့် ဖျော်ထားပေးပါ
  • ငှက်ပျောသီးကို အခွံနွာပြီး ဖျော်ထားသော မုန့်နှစ်မှာ ငှက်ပျောသီး တစ်ခုလုံးကို လူးပေးပါ
  • ဒယ်အိုးထဲမှာ ဆီခပ်များများထည့်ပြီး ဆီကိုမီးပြင်းပြင်းနှင့် အပူပေးပါ 
  • ဆီပူလာပါက မီးကိုအနေတော် လျှော့ပေးပြီးမှ  မုန့်နှစ်လူးထားသော ငှက်ပျောသီးကို တစ်လုံးခြင်းထဲ့ကြော်ပေးပါ
  • ငှက်ပျောကြော် တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာချိုချိုနဲ့ကောင်းလွန်းတဲ့ ငှက်ပျောကြော် မွှေးမွှေးလေး ရပါပြီ။

ငှက်ပျော ကော်ပြန့်ကြော်



ဒီနေ့တော့ အရသာထူးကဲတဲ့ ငှက်ပျော ကော်ပြန့်ကြော်လေး ကြော်ပါတယ် ကြွတ်ကြွတ်မွှေးမွှေးလေးမို့လို့ စားလို့အရမ်းကောင်းပါတယ် မာမာကတော့ ကိုယ်စားလို့ကောင်းတိုင်း မာမာ့blog ကိုလာလည်တဲ့ မိတ်ဆွေတွေကို သတိတရနဲ့ စားစေချင်မိတာ အမှန်ပါဘဲ ဒါကြောင့်မို့လို့  ပြင်ရဆင်ရတာလဲလွယ် ကြော်ရတာလဲလွယ်လွန်းတဲ့အတွက် နှစ်သက်မယ်ဆိုရင် ကြော်စားကြည့်ရအောင် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ငှက်ပျောသီး - ငါးလုံး
  2. ကော်ပြန့်ရွက် - ငါးရွက်
  3. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ငှက်ပျောသီးကို အခွံခွာပြီး ထက်ဝက်ခြမ်းပေးပါ
  • ထက်ဝက်ခြမ်းထားသော ငှက်ပြောသီး တစ်လုံးကို ကော်ပြန့်ရွက် အလယ်တည့်တည့်ပေါ်မှာ နှစ်ခုယှဉ်ပြီး တင်ပေးပါ
  • ကော်ပြန့်ရွက်ရဲ့ အထက်အောက် နှစ်ဖက်ဆီကို ငှက်ပျောသီးပေါ် အုပ်မိအောင် ခေါက်တင်ပေးပါ
  • ဘေးနှစ်ဖက်ကို တစ်ဖက်နဲ့တစ်ဖက် ထပ်မိအောင် တစ်လွှာစီ ထပ်အုပ်ပေးပါ
  • ဆီခပ်များများကို ဒယ်အိုးထဲထည့်ပြီး မီးအနေတော်နဲ့အပူပေးပါ
  • ဆီပူလာတာနဲ့ ထုတ်ထားသော ငှက်ပျော ကော်ပြန့်ထုတ်ကို ဆီပူပူထဲမှာ ထည့်ကြော်ပေးပါ
  • ကော်ပြန့်ဖတ်က ငှက်ပျောသီးရဲ့  အစိုဓါတ်ကြောင့် ပေါက်ထွက်သွားနိုင်တဲ့အတွက် တစ်ဖက်မကျက်သေးခင် မလှန်ပေးမိဖို့ သတိထားပါ
  • တစ်ဖက်ကျက်တော့မှ တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြွတ်ရွချိုမွှေးနေတဲ့ ငှက်ပျော ကော်ပြန့်ကြော်လေးကို အရသာရှိစွာနဲ့ သုံးဆောင်လို့ ရပါပြီ။

ကြက်သား ကုန်းဘောင်ကြီးကြော်


ဒီနေ့တော့ ကုန်းဘောင်ကြီးကြော်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ထမင်းမြိန်ရာဟင်းလေးပါဘဲ အသားတွေကြီး သက်သက်ဆိုတာထက် အသီးအရွက်လေးပါတော့ အာဟာရလဲ ပိုပြီးဖြစ်သလို ဟင်းတစ်မယ်ထဲနဲ့ ထမင်းစားလို့ဖြစ်သွားခဲ့တဲ့အတွက် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခပ်သေးသေး အတုံးလေးတွေ တုံးထားသောကြက်သား - 150 g
  2. ခပ်သေးသေး အတုံးလေးတွေ တုံးထားသောမုံလာဥနီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ
  3. လေးထောင့်အဖတ်လေးတွေ ရအောင်လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. လက်တစ်ဆစ်ခန့်လှီးထားသောကြက်သွန်မိတ် - တစ်ပင်
  6. ထက်ခြမ်းခြမ်းထားသော ဘေဘီပြောင်းဖူး - ငါးဖူး
  7. အကြောသင်ထားသော ရွှေပဲသီး - ဆယ်တောင့်
  8. နုတ်နုတ်စဉ်းထားထေားသောချင်း - လက်တစ်ဆစ်ခန့်
  9. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  10. ငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်ခန့်
  11. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  12. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  14. ငရုတ်သီး အခြောက်တောင့် - ဆယ်တောင့်ခန့်
ပြင်ဆင်ပုံ

  • ပထမဆုံး အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူတာနဲ့ ငရုတ်သီးတောင့်တွေကို မွှေးသွားအောင်ကြော်ပြီး ဆယ်ထားပေးပါ ထိုဆီထဲမှာ ဘဲကြက်သားကို ထဲ့ကြော်ပေးပါ
  • ကြက်သားကို သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေခမ်းသွားတာနဲ့ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းတို့ကို တစ်မိနစ်လောက် ထဲ့မွှေပေးပါ
  • ပြီးတာနဲ့မုံလာဥနီကိုထဲ့ပြီး တစ်မိနစ်လောက် ထဲ့ကြော်ပါ
  • ကြက်သွန်မိတ် ဘေဘီပြောင်းဖူး ရွှေပဲသီး ငရုတ်သီးခြောက်ကြော်တို့ထဲ့ပြီးတာနဲ့ ဆား ငံပြာရည် သကြား ပဲငံပြာရည်တို့ကို တစ်ခါထဲ ဆက်တိုက်ထဲ့ပြီး မွှေပေးပါ
  • ကြက်သွန်များ နွမ်းမသွားအောင် မြန်မြန်ကြော်ပြီး မီးပိတ်ကာ အရသာမြည်းပြီး ပန်းကန်ထဲပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနှင့် အရသာရှိစွာ သုံးဆောင်နိုင်သော ကုန်းဘောင်ကြီးကြော် ရပါပြီ။

Friday, 15 August 2014

ဂဏန်းအသားဟင်း မွှေးမွှေးစပ်စပ်လေး



ဂဏန်းသားလေးတွေကို မဆလာနိုင်နိုင်နဲ့ချက်ဖြစ်ပါတယ် အမြဲတမ်းမဟုတ်ပေမဲ့ တခါတရံတော့ အရမ်းစားလို့ကောင်းပါတယ် မာမာကတော့ ဂဏန်းဆိုရင် ဘယ်လိုချက်ချက် ကြိုက်ပါတယ် အချိုပေါင်းလဲကြိုက်သလို အစပ်ချက်လဲကြိုက်ပါတယ် ဒီနေ့တော့ စပ်စပ်လေးချက်ထားတဲ့ ဂဏန်းဟင်းလေးအကြောင်းကို မျှဝေပေးပါမယ်။

ဟင်းခပ်အမွှေးအကြိုင်အနေနဲ့ ချင်းနဲ့မဆလာကိုဘဲ အဓိကထားပြီး သုံးထားပါတယ် သိပ်အနံ့ပြင်းတဲ့ဟင်းခတ်အမွှေးအကြိုင်တွေကို မကြိုက်တဲ့အတွက် မာမာသုံးလေ့သုံးထ မရှိပါဘူး ဟင်းခတ်အမွှေးအကြိုင်တွေကြောင့် စစ်ပွဲတွေဖြစ်ကြမယ်ဆိုရင် မာမာတို့မိသားစု မပါလောက်ဘူးနော် :-D

ပြင်ဆင်ရအောင်

  • ဂဏန်းအသား - 250g
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်တဆစ်သာသာ
  • ငရုတ်သီးမှုန့်. - ထမင်းစားဇွန်း တဇွန်း
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • မကျီးအနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တ၀က်သာသာ
  • နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တ၀က်မရှိတစ်ရှိ
ချက်ကြည့်ရအောင်နော်
  • ဆီကိုအပူပေးပါ ဆီပူလာတာနဲ့နနွင်းမှုန့်ကိုထဲ့ပါ
  • ထောင်းထားသော အမွှေးနံ့သာများနှင့်ငရုတ်သီးမှုန့်ကိုထဲ့ပြီးဆီသတ်ပေးပါ
  • မွှေးလာတာနဲ့ဂဏန်းသားကို ဆား ငံပြာရည် အရသာမှုန့်တို့ထဲ့ပြီး ဆီသတ်ပေးပါ
  • ဂဏန်းအသားလေးတွေ အရောင်ပြောင်းပြီး မွှေးလာတာနဲ့ ရေမမြုပ်တမြုပ်ထဲ့ မကျီးနှစ်ထဲ့ပြီး ရေခမ်းအောင်ချက်ပေးပါ
  • ရေခမ်းသွားပြီဆိုတာနဲ့ အပေါ့အငံအရသာမြည်းပြီးပါက ချင်းမဆလာနံ့သင်းသင်းလေးနဲ့ချဉ်ဖြုံ့ဖြုံ့ ခပ်စပ်စပ် ဂဏန်းအသားဟင်းလေးရပါပြီ။

မြေပဲဇံကြော် ကြွတ်ကြွတ်လေး


အကြော်ဆိုရင် ဘာအကြော်ဘဲဖြစ်ဖြစ် အရမ်းကြိုက်တတ်တဲ့ မာမာတစ်ယောက် ဒီနေ့တော့မြေပဲဇံကြော်လေး ကြော်စားဖြစ်ပါတယ်။

 ကြော်ရတာလဲ လွယ်ကူလွန်းတဲ့အတွက် ကြော်စားကြည့်စေချင်ပါတယ် ထမင်းပူပူလေးကို ဆီစမ်းပြီးစားမလား ထမင်းကြမ်းခဲလေးမှာ ဆားလေးပုံပြီး အကြော်တစ်ကိုက် ထမင်းတလုပ် စားမလား အရမ်းကို စားမိန်တဲ့ အကြော်လေးပါ။

မာမာတို့အိမ်မှာ အသားဆိုလက်တွန့်ချင်ကြပေမဲ့ ဒီလိုအကြော်မျိုးဆို ကြော်နေရင်းတောင် ကုန်တတ်တဲ့ သဘောမှာရှိပါတယ် ဒါကြောင့်မို့လို့  မာမာ မြေပဲ အကြွတ်ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. နာရီဝက်လောက်ရေစိမ်ထားသော မြေပဲဇံအခြောက် - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ဗူး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ဗူး
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဗူးခွဲ မရှိတရှိ
  4. ဆီ - လက်ဖက်ရယ်ပန်းကန်လုံး တစ်လုံးခွဲသာသာ

ကြော်ရန်
  • တန်ပူရာမှုန့် ရေတို့ကို တန်ပူမှုန့်ကြေတဲ့ထိ ရောပြီးဖျော်ပါ
  • ဖျော်ထားသော မုန့်နှစ်ထဲသို့မြေပဲကို ရောမွှေပေးပါ
  • ဆီကို မီးအနေတော်ထားပြီး အပူပေးပါ
  • ဆီပူလာပါက ရောစပ်ထားသော မုန့်နှစ်ရည်ကို ယောက်ချိုဇွန်း တစ်ဝက်လောက် ခပ်ပြီးထဲ့ပေးပါ
  • ဆီထဲမှာ မြေပဲဆံများ အကျက်ညီစေရန် ဖြန့်ပြီးခပ်ပါးပါး ထဲ့ပေးပါ
  • တစ်ဖက်ကျက်ပါက တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ကျက်ပါက ရွှေဝါရောင် သန်းလာလျှင်တယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြွတ်ကြွတ်မွှေးမွှေး စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းလွန်းတဲ့ မြေပဲဇံကြော်လေး ရပါပြီ။