Friday 30 March 2018

ငရုတ်သီးစိမ်း အချဉ်တည်နည်း









ဘဲသားလေးတွေ ဝယ်ထားပြီး တနေ့တမျိုး မရိုးရအောင် လုပ်စားဖြစ်ပါတယ် ဒီတခါတော့ ဘဲပေါင်းဆီချက်လေး လုပ်ပါမယ် ဒါကြောင့်မို့လို့ ဆီချက်ခေါက်ဆွဲ မလုပ်ခင် ဘဲပေါင်းဆီချက်နဲ့ တွဲဖက်ပြီး စားလို့ရအောင် မာမာပြင်ဆင်ပြီး အချဉ်တည်ဖြစ်တဲ့ ငရုတ်သီးစိမ်း အချဉ်တည်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. လတ်ဆတ်ပြီး စပ်သော ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  2. ဗနီကာ - လိုသလောက်
  3. ဖန်ပုလင်း - တစ်လုံး

ပြင်ဆင်ပုံ
  1. လတ်ဆတ်သော ငရုတ်သီးစိမ်းများကို အညှာခြွေကာ ရေစင်အောင် ဆေးထားပြီး ရေစစ်ထားပါ
  2. ဖန်ပုလင်းကို ရေစင်အောင်ဆေးပြီး ရေခြောက်အောင် နေလှန်းထားပါ
  3. ပုံတွင်ပါသည့် ဗနီကာကို ပြင်ထားပါ
  4. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုလင်းထဲကို ငရုတ်သီးများ အရင်ဆုံး ထည့်ပေးပါ
  5. ပြီးတာနဲ့ ငရုတ်သီးစိမ်း မြုပ်အောင် ဗနီကာကို ထည့်ပေးပါ
  6. အဖုံးလုံအောင်ပိတ်ပြီး ရိုးရိုးအခန်း အပူချိန်ထဲမှာဘဲ ၂၄နာရီခန့် ထားပေးပါ
  7. ပုံပါအတိုင်း အရောင်ပြောင်းလာတာနဲ့ မိမိနှစ်သက်သလို စားသုံးရန် ပြင်နိုင်ပါပြီ
  8. ငရုတ်သီးစိမ်းအချဉ်က ထည့်ရတာ လွယ်တဲ့အတွက် တခါထဲ အများကြီး မထည့်ဘဲ လတ်လတ်ဆတ်ဆတ် စားလို့ရအောင် တခါစားစာလောက်ဘဲ ထည့်ပေးပါ
  9. ပိုနေရင်လဲ ရေခဲသေတာထဲမှာ ထည့်သိမ်းနိုင်ပါတယ် သို့ပေမဲ့ အချဉ်စူးသွားနိုင်တဲ့အတွက် သင့်တော်သလောက်ဘဲ ထည့်စားတာ အကောင်းဆုံး ဖြစ်ပါတယ်။

Thursday 29 March 2018

ဘဲသား ဆန်ပြုပ်






ဆန်ပြုပ်လေး သောက်ချင်လာတော့ ဆန်ကိုအရင်ဆုံး လှော်ပြီး ဆန်ပြုပ်ဖို့ ပြင်ရပြန်ပါတယ် တခါတလေလဲ ဆန်အစိမ်းအတိုင်း ပြုပ်ရတာ က လက်မဝင်ပေမဲ့ ဆန်လှော်လေးနဲ့ ပြုပ်ချင်ရင်တော့ နည်းနည်းလေး လက်ဝင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဆန်လှော်ဆန်ပြုပ်လေးတွေ မကြာမကြာ ပြုပ်တတ်လို့ ဒီတခါတော့ ဘဲသားလေးလဲ အဆင်သင့် ရှိနေတာနဲ့ ဘဲသားဆန်ပြုပ် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
  2. ရေ - လိုသလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  5. ကြက်သွန်မိတ် - လိုသလောက်
  6. ဘဲရင်ပုံသား - 150 g
  7. ကြက်သွန်နီ - အနေတော် ၃လုံး
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး၅မွှာ
  9. နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  11. ကြက်သွန်နီကြော် - လိုသလောက်
  12. ဆီ - ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ပုံ
  • ဆန်ကို ရေမဆေးဘဲ ရွှေအိုရောင်သန်းလာတဲ့ထိ မီးအနေတော်နှင့်လှော်ပေးပါ
  • ဆန်လှော်နေစဉ် အဆက်မပြတ် မွှေပေးပါ
  • ရွှေအိုရောင် သန်းလာတာနဲ့ ပြုပ်မည့်အိုးထဲသို့ ပြောင်းထည့်ပါ
  • ဆန်လှော်ရဲ့ အထက် ရေလက်ငါးလုံးလောက် မြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • အောက်ခြေ မကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ရေခမ်းကာနီး ဆန်စေ့လေးများ ကျေလာတာနဲ့ ရေအပျစ်အကျဲကြည့်ပြီး ထည့်ကာ မီးအေးအေးနှင့် တည်ထားပေးပါ
  • ဆန်သားကျေလာလေ ဆန်လှော်ဆန်ပြုပ်က ကောင်းလေမို့ မီးအေးအေးနှင့် တည်ထားပြီး မကြာမကြာမွှေပေးပါ
  • ကြက်သွန်မိတ်ကို အနေတော် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အဖတ်လေးများရအောင် လှီးထားပါ
  • ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ
  • ငရုတ်ကောင်းကို ညက်နေအောင် ထောင်းထားပါ
  • ဘဲသားကို အနေတော်လှီးထားပြီး ဆားလက်ဖက်ရည်ဇွန်း တ၀က် ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် နယ်ထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တ၀က်ဆီထည့်ကြော်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့အရသာနယ်ထားသော ဘဲသားကို ထည့်ပြီး ၄မိနစ်လောက် ဆီသတ်ပါ
  • ဘဲသား အသားမာလာတာနဲ့ ဆန်ပြုပ်အိုးထဲ ပြောင်းထဲ့ပါ
  • ဘဲသားထည့်ပြီးတာနဲ့ ဆား ဟင်းချိုမှုန့် ကြက်သွန်နီတို့ထည့်ကာ ကြက်သွန်နီနွမ်းတဲ့ထိ မီးအနေတော်နှင့် ပြုပ်ပေးပါ
  • ကြက်သွန်နီ နူးလာတာနဲ့ ရေအပျစ်အကျဲ လိုသလိုပြင်ရန် ရေနွေးကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူတို့ထည့်ပြီး ရေဆူအောင်တည်ကာ အရသာမြည်း၍ လိုသလိုပြင်ကာ ဘဲသား ဆန်လှော်ဆန်ပြုပ်ကို ကြက်သွန်နီကြော်နှင့် ကြက်သွန်မိတ်ဖြူးပြီး သောက်နိူင်ပါပြီ။

Wednesday 28 March 2018

ပဲနီပြားသုပ်


သတ်သတ်လွတ် စားတဲ့နေ့တွေမှာ ပဲသုပ်လေး တမယ်တော့ ပါအောင်လို့ သုပ်တတ်ပါတယ် ဒီနေ့တော့ ပဲနီပြားသုပ်ကို ရှောက်ရွက်လေးထည့်ပြီး မွှေးနေအောင် သုပ်ထားတဲ့အတွက် လွယ်ကူမြန်ဆန် ပဲသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီးသား ပဲနီပြားဗူး - တစ်ဗူး (400 g)
  2. ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆားအကြမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ရှောက်ရွက်အနု - မိမိနှစ်သက်သလောက်
  5. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  6. ကြက်သွန်နီ - အနေတော် တစ်လုံး
  7. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ပဲဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  1. Ready made ပဲဗူးကိုဖောက်ပြီး အရည်များသွန်ပေးကာ ရေတထပ်လောက် ဆေးပေးထားပါ
  2. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  3. လှီးထားသော ကြက်သွန်နီကို ဆားအကြမ်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ခပ်နာနာလေး နယ်ပေးပါ
  4. ကြက်သွန်များ နွမ်းလာတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  6. ရှောက်ရွက်ကို ရေဆေးပြီး ခပ်ပါးပါးရိတ်ရိတ် လှီးထားပေးပါ
  7. ကြက်သွန်နီ ရှောက်ရွက် ဆီ ငရုတ်သီးစိမ်း ဆားအနုနှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  8. ဇလုံတလုံးထဲမှာ ပါဝင်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  9. နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ရှောက်ရွက်နံ့ သင်းနေတဲ့ သတ်သတ်လွတ် ပဲသုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Tuesday 27 March 2018

ဘဲသားဟင်း


















ဒီနေ့တော့ ဘဲတကောင်ဝယ်ကာခုတ်ပြီး သိမ်းတန်တာသိမ်းကာ ရင်ပုံတစ်ခြမ်းကိုတော့ မွှေးပျံ့ကာ စားလို့အရမ်းကောင်းတဲ့ ဘဲသားဆီပြန်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘဲသား - ရင်ပုံခြမ်း ၁ခြမ်း
  2. ကြက်သွန်နီ - အနေတော် ၂လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  4. ချင်း - လက်နှစ်ဆစ်ခန့်
  5. ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  6. ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  8. ကရဝေးရွက် -၂ရွက်
  9. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  11. မဆလာ - ထမင်းစားဇွန်း တဇွန်း

ပြင်ဆင်ပုံ
  • ဘဲသားကို ရေဆေးပြီး အနေတော် အတုံးလေးများ တုံးပေးပါ
  • တုံးထားသော ဘဲသားကို ဆား ဟင်းခတ်မှုန့် နနွင်းမှုန့်တို့ဖြင့် အရသာနယ်ပြီး ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ တဥကို ငရုတ်သီးနှင့်ထောင်းပြီး ကျန်တဥကို အစိတ်စိတ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ တဝက်ကို ခပ်မျှင်မျှင်လေးတွေ လှီးပေးပြီး တဝက်ကို ငရုတ်သီးနှင့်ထောင်းရန် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ တဝက်ကိုလေးစိတ်စိတ်ထားကာ ကျန်တဝက်ကို ငရုတ်သီးနှင့်ထောင်းရန် ပြင်ထားပါ
  • ကြက်သွန်နီ  ကြက်သွန်ဖြူ ချင်း ငရုတ်သီး အရောင်တင်မှုန့်တို့ကိုရောပြီး ညက်နေအောင် ထောင်းထားပါ
  • ကရဝေးရွက် မဆလာ ဆား ဆီတို့ကို ပြင်ထားပေးပါ

ချက်ပြုပ်ပုံ

  • ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက ကရဝေးရွက်ထည့်မွှေပေးကာ အရသာနယ်ထားသော ဘဲသားများကို ထည့်ပြီးမွှေပေးပါ
  • ဘဲသား အပေါ်ယံကြောတွေ မာတင်းလာအောင်ငရုတ်သီးဆီသတ်ထားတာလဲ အိုးမကပ်စေအောင် ရေနည်းနည်းခြင်းစီထည့်ပေးပြီး ဆီသတ်ပေးပြီးမှ အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
  • ဆီသံလေး ကြားလာတာနဲ့ အိုးမကပ်စေရန် အိုးကိုအသာလေး လှုပ်ပေးပြီး  ရေအနည်းငယ် ထပ်ထည့်ပြီး တည်ပေးပါ 
  • ထည့်ထားသော ရေခမ်းတာနဲ့ ဘဲသားနူးအောင် ရေမြုပ်အောင် ထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • ပထမတရည် ခမ်းတာနဲ့ ဘဲသားနူးမနူး စမ်းကြည့်ပါ
  • အသားမနူးသေးပါက ရေထပ်ထည့်ပေးပြီး တည်ပေးပါ
  • ဘဲသားနှုးအိလာပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီလည်ရေလည် ရနေချိန်လေးမှာ ချင်း ကြက်သွန်ဖြူ ကြက်သွန်နီတို့ကိုထည့်ပြီး အိုးအဖုံးအုပ်ကာ၂မိနစ်လောက် တည်ပေးပါ
  • ဆီပြန်သွားပြီဆိုမှ မဆလာအုပ်ပြီး နှံ့အောင်မွှေပေးကာ အရသာရှိသော ဘဲသားမဆလာအုပ် ဆီပြန်ဟင်း မွှေးမွှေးလေးကို စားပွဲပြင်ပေးနိုင်ပါပြီ။

Saturday 24 March 2018

ကြက်သားအမွ အချိုကြော်









မိဘတွေနဲ့ အဝေးမှာ ကျောင်းသွားတက်နေတဲ့ သမီးလေးအတွက် ကြာကြာထားလို့ရပြီး စားလို့ကောင်းစေတဲ့ ကြက်အမွ အချိုကြော်လေး ကြော်ဖြစ်လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေလိုက်တယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား – 1000 g
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆီ - တစ်လီတာခွဲခန့်
  7. ရေ - လိုသလောက် 

ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးထားပါ
  • ချင်းမှုန့်နှင့်အတူ ဆား နနွင်းမှုန့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ချင်းမှုန့် ကြက်သား ဆား နနွင်းမှုန့် အရသာမှုန့်တို့နှင့် အရသာဝင်အောင် နယ်ထားပြီး အနည်းဆုံး တစ်နာရီလောက် နှပ်ထားပါ
  • ပြီးတာနဲ့ အရသာဝင်အောင် နှပ်ထားသော ကြက်သားအိုးထဲ ရေထည့်၍ အဖုံးဖုံးကာ မီးအနေတော်နဲ့ တည်ထားပေးပါ
  • အသားအိုး တည်ထားစဉ် အရသာ ၀င်စေရန်နှင့် အသားအကျက် ညီစေရန် ကြက်သားကို နှစ်ခါသုံးခါလောက် လှန်ပေးပါ
  • ရေတစ်ဝက်လောက် ခမ်းသွားတာနဲ့ မီးကို အနည်းငယ် ထပ်လျှော့ပေးပြီး ရေခမ်းတဲ့အထိ တည်ပေးထားပါ
  • ရေခမ်းကာနီးပါက ဟင်းအိုးတူးပြီး ကပ်စေနိုင်တဲ့အတွက် သတိထားပြီး ကြည့်ပေးပါ
  • ရေအကုန်လုံး ခမ်းမသွားခင် အိုးထဲမှာဘဲ  ကြက်သားများကို ဖိဖိချေပေးပါ
  • ကြက်သားအသားများ ကျေသွားအောင် မွှေပေးပါ
  • ပြီးတာနဲ့ ပြုပ်ပြီး ချေထားသော အိုးထဲမှာဘဲ ဆီထည့်ကာ မီးအနေတော်နှင့် ကြော်ပေးပါ
  • မီးအရမ်း မပြင်းအောင် သတိထားပြီး ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ဆီအမြုပ်များ တက်လာပြီး ကြက်သားအသားများ ကြွတ်ပြီးရွလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီဆိုတာနဲ့  မွှေးပြီးချိုနေသော ကြက်သားအမွကြော်ကို နှစ်သက်သလို စားနိုင်အောင် ပြင်ဆင်ပေးနိုင်ပါပြီ။

Friday 23 March 2018

ပိန္နဲသီးထောင်း







အခုရက်ထဲ မိုးလေလေးက စွေနေလေတော့ စိတ်ထဲမှာ ပူလောင်ပြီး ချဉ်စပ်နေတာလေးတွေ စားချင်မိတာနဲ့ ready made ပိန္နဲသီးပြုပ်ပြီးသား ဗူးလေးဖောက်ကာ ချဉ်ချဉ်ငံငံ စပ်စပ်လေး ထောင်းမိသွားတဲ့အတွက် ဒီနေ့တော့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ပိန္နဲသီးထောင်းနည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီးသား ပိန္နဲသီး - အနေတော် တစ်ကွင်း
  2. သကြား  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  5. ငရုတ်သီး အကြမ်းဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. နံနံပင် - မိမိနှစ်သက်သလောက်
  9. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  10. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  12. သံပုရာသီး - တစ်ခြမ်း

ပြင်ဆင်ပုံ
  • ပိန္နဲသီးဗူးကိုဖောက်ပြီး ပိန္နဲကွင်းကို ၁၀မိနစ်လောက် ပြန်ပြုပ်ပေးပါ
  • အအေးခံပြီးတာနဲ့ အနေတော်လေးတွေ ဖဲ့ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ အနေတော် လှီးထားပါ
  • ငရုတ်သီး အကြမ်းမှုန့် ငရုတ်သီး အလှော်မှုန့် သံပုရာသီး ဆား သကြား ငံပြာရည် အရသာမှုန့် ငရုတ်သီးစိမ်းနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံ သို့မဟုတ် ငရုတ်ဆုံကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကိုထည့်ပြီး ခပ်ဖွဖွ ထောင်းပေးပြီး သံပုရာရည်ညှစ်ပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးရင် ရပါပြီ
  • ထောင်းပြီးတာနဲ့ အရသာ သမသွားအောင် ဇွန်းနှင့်မွှေပေးပါ
  • အရသာ မြည်းပြီးတာနဲ့ လိုသလို ပြင်ပေးကာ ပန်းကန်တခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ် အရသာပါဝင်တဲ့ ပိန္နဲသီးထောင်းလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Monday 19 March 2018

New Zealand green-shell mussel အစပ်ပြုပ်











မြန်မာပြည်မှာ နေတုံးကတော့  ဂုံးလေးတွေ အရမ်းပေါတဲ့အတွက် မကြာမကြာ စားဖြစ်ကြပါတယ် မြန်မာပြည်က ဂုံးလေးတွေနဲ့ အပြင်ခွံမတူပေမဲ့ အတွင်းသား အရသာကတော့ အတူတူပါဘဲ ပြုပ်နည်းလေးလဲ လွယ်ကူတယ် ချဉ်ငံစပ်လေး ပြုပ်ထားတဲ့အတွက် သောက်တဲ့အခါမှာတော့ ရှူးရှူးရှဲရှဲနဲ့ လျှာလည်သွားစေတဲ့အတွက် လွယ်ကူမြန်ဆန် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အခွံပါသော New Zealand green-shell mussel - တစ်ကီလို
  2. စပါးလင်  - တစ်ပင်
  3. ချင်း - လှီးပြီးသား ခပ်ပါးပါး ၅ပြား
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  8. ကြက်သွန်နီ - အနေတော် တစ်ဥ
  9. ရှောက်ရွက် - ၄ရွက်
  10. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  11. နံနံပင် - အနည်းငယ်
  12. သံပုရာသီး - တစ်ခြမ်း

ပြင်ဆင်ပုံ
  1. ဂုံးများကို ရေဆေးပြီး ရေစစ်ထားပါ
  2. ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ ရအောင် လှီးထားပါ
  3. စပါးလင်အရွက်ကို ရေဆေးပြီး အနည်းငယ် ကျေသွားအောင် ထုပြီးထုံးထားပါ
  4. စပါးလင် အရင်းပိုင်းကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အနေတော် စိတ်ထားပါ
  7. ရှောက်ရွက်နှင့် နံနံပင်တို့ကို ရေဆေးထားပါ
  8. ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  9. စပါးလင်အရွက်များကို ရေဆေးပြီး ထုံးထားပါ
  10. ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  11. ငရုတ်သီးစိမ်း ကြက်သွန်ဖြူ နှင့်ချင်းတို့ ကို မညက်တညက် ထောင်းထားပါ
  12. ဇောက်နက်သော အိုးထဲမှာ ရေထည့်ပြီး ဆူအောင်တည်ပေးပါ
  13. ရေဆူလာတာနဲ့ ထောင်းထားသော အစာများ ကြက်သွန်နီများ ထုံးထားသော စပါးလင်အရွက်မျာကို ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  14. ပွက်ပွက်ဆူနေသော ဟင်းရေထဲကို ရှောက်ရွက်ထည့်ပေးပါ
  15. ပြီးတာနဲ့ ဂုံများ  ဆားနှင့် အချိုမှုန့်တို့ကိုထည့်ပါ
  16. ပြီးလျှင်ဂုံးများကို ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  17. ရေ ၁၅မိနစ်လောက် ပွက်ပွက်ဆူပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်းမှုန့်ခပ်ကာ  မီးပိတ်ပေးပါ
  18. ပြုပ်ချိန်ကြာပါက ဂုံးအသားများ မာကျစ်သွားပြီး စားလို့မကောင်းတော့တဲ့အတွက် ပြုပ်ချိန်ကို သတိထားပေးပါ
  19. ဟင်းရည်ပူပူလေးကို နံနံပင်ထည့်ပေးကာ သံပုရာရည်ညှစ်ပြီး စားပွဲပြင်ပေးပါ
  20. ဂုံးအသားများကို ဖယ်စားပြီး ဂုံးပြုပ်ရည်ကို ပူပူစပ်စပ် မွှေးမွှေးလေးကို သာက်နိုင်ပါပြီ။