Sunday, 4 March 2018

ချဉ်ငံစပ် သခွားသီးသုပ် မွှေးမွှေးလေး







သခွားသီးသုပ်ဟေ့ ဆိုလိုက်ရင် ချဉ်ငံစပ်ပြီး ငါးငပိရည်ကျိုနံ့လေး မွှေးနေမှ စားလို့ကောင်းတာမျိုးပါ သခွားသီးသုပ်ထဲ ငါးပိရည်ကျိုလေးက အဓိက ပါရတာမို့လို့ အိမ်မှာငါးငပိရည် ကျိုပြီဟေ့လို့ဆိုရင် သခွားသီးသုပ်လေးက အဖော်အဖြစ် ပါလာတတ်ပြန်တာပါဘဲ ဒါကြောင့်မို့ မာမာတို့ မိသားစု သုပ်စားတဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သခွားသီး - တလုံး
  • ဆားအနည်းငယ် ရေအနည်းငယ်ထည့်ပြီး အသားကျက်ပြီး ရေခမ်းအောင် ပြုပ်ထားသော ဘာဆာငါး - တတုံး
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • သံပုရာသီး - တခြမ်း (အချဉ်ကြိုက်သလောက်ထဲ့ပါ)
  • ငါးငပိရည်ကျိုပြီးသား - ထမင်းစားဇွန်း ၂ဇွန်း
  • ပင်စိမ်းရွက် - အနည်းငယ်
  • ဆား - အနည်းငယ်
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း တဇွန်း (မထည့်လဲရ)
ပြင်ဆင်ပုံ
  • သခွားသီးကို ရေစင်အောင်ဆေးပြီး ထက်ဝက်ခြမ်းပေးကာ မိမိအဆင်ပြေသလို အရင်ခြစ်ပေးထားပါ
  • ပြုပ်ထားသော ဘာဆာငါးကို ခပ်မွမွ ချေပေးထားပါ
  • ငရုတ်သီးကို မွှေးအောင်လှော်ပြီး ညက်အောင်ထောင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးပြီး ရေတထပ် ထပ်ဆေးထားပေးပါ
  • ငါးပိကိုဆား နနွင်းနှင့် ရေသင့်ရုံ ထည့်ပေးပြီး ပွက်ပွက်ဆူအောင် ကျိုထားပေးပါ
  • ကြက်သွန်ဖြူဆီချက် ချက်ထားပေးပါ
  • သခွားသီး ခြစ်ပြီးသားထဲကို ငါးပိရည် ဆား ငါးပြုပ် ကြက်သွန်နီ ပင်စိမ်းရွက် ငရုတ်သီးစိမ်းထောင်း သံပုရာရည်ညှစ် ဆီချက်တို့ထည့်ပြီး သမအောင်နယ်ပေးပါ
  • အစပ်ကြောက်ပါက ငရုတ်သီးလျော့ထည့်ကာ အားလုံးသမအောင် နယ်ပြီးပါက အရသာမြည်းပြီး ချဉ်ငံစပ်အရသာကို လိုသလို ပြင်ပေးကာ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ သခွားသီးသုပ်ကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment