Saturday 18 June 2022

မုန့်ဟင်းခါး (အချိန်တစ်ဆယ်စာ)



ဒီနေ့တော့ မုန့်ဟင်းခါးလေးချက်စား ဖြစ်ပါတယ် မုန့်ဟင်းခါးကို မိသားစုစားစာ ခပ်နည်းနည်းလေးတွေဘဲ ချက်ဖြစ်တာက များပါတယ်။

ဒီတခါတော့ မုန့်ဟင်းခါး အချိန်တစ်ဆယ်စာကို ချက်ဖို့အတွက် အချိုးအစားလေးတွေ လာလာပြီး မေးကြလွန်းလို့ အချိန်တစ်ဆယ်စာ အချိုးအစားလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုန့်ဖတ် - ၁၀ ပိသာ
  2. ငါးခူ ငါးရံ ငါးကြင်းဖြူ နှစ်သက်ရာ ငါး - ၄ ပိသာ
  3. ကြက်သွန်နီ - ခပ်သေးသေး ၁ပိသာ (မုန့်ဟင်းရည်အိုးထဲထည့်ရန်)
  4. ကြက်သွန်နီ - အလုံးကြီးကြီး - ငါးဆယ်သား (ငါးဆီသတ်ရန်)
  5. ကြက် သွန်ဖြူ -၂၅ ကျပ်သား (ငါးဆီသတ်ရန်)
  6. ချင်း - ၁၀ သား (ငါးဆီသတ်ရန်)
  7. ငရုတ်ပွတောင့် - ငါးကျပ်သား (ငါးပြုပ်ထဲထည့်ရန်)
  8. ငရုတ်သီး အရောင်တင်မှုန့် - ၁၅ ကျပ်သား (ငါးဆီသတ်ရန်)
  9. စပါးလင် - အပင် ၂၀ (ငါးဆီသတ်ရန်)
  10. စပါးလင် - ငါးပင် (ငါးပြုပ်ထဲထည့်ရန်)
  11. ငှက်ပျောအူ - မိမိနှစ်သက်သလောက်ထဲ့ပေးပါ
  12. ငရုတ်ကောင်း - ၁၀သား
  13. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး (ဆန်လှော်မှုန့် ပြုလုပ်ရန်)
  14. ကုလားပဲခြမ်း - နှစ်ဆယ်သား
  15. နနွင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း (ပဲပြုပ်တဲ့အထဲထည့်ရန်)
  16. မြေပဲဆံ - နှစ်ဆယ်သား
  17. ငါးဖယ်ခြစ် - ၅၀သား
  18. ငါးငံပြာရည် - လိုသလောက် သုံးပါ
  19. ဆီ - ၈၀ သား
  20. ဆား - ထမင်းစားဇွန်း ဆယ်ဇွန်း
  21. နနွင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  22. အချိုမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  23. နံနံပင် - နှစ်သက်သလောက်
  24. ငရုတ်သီး အလှော်မှုန့် - နှစ်သက်သလောက်
  25. နှစ်သက်ရာအကြော် - အချပ် ၁၅၀
  26. သံပုရာသီး - နှစ်သက်သလောက်
  27. ပဲပင်ပေါက် - နှစ်သက်သလောက်
  28. ပဲတောင့်ရှည် - နှစ်သက်သလောက်
  29. ပဲပြုပ် - နှစ်သက်သလောက်
  30. အီကြာကွေး - အချောင်း ၅၀

ဆန်လှော်မှုန့် ပြုလုပ်ရန်

  • အိုးအသားထူသော ဒယ်အိုးထဲမှာ ဆန်ထဲ့ပြီး မီးအနေတော်ဖြင့် လှော်ပေးပါ
  • မီးအား အရမ်းပြင်းပါက ဆန်လှော်က ခနလေးနဲ့ ကျွန်းကုန်ပြီး မမွှေးဘဲ တူးခါးခါးကြီး ဖြစ်သွားတတ်ပါတယ်
  • ဆန်ကိုလှော်နေစဉ် မကြာမကြာ မွှေမွှေပေးပါ
  • ဆန်လှော်များ နီညိုရောင်သန်းလာတာနဲ့ စကောထဲပြောင်းထည့်ပြီး အအေးခံပေးထားပါ
  • ဆန်လှော်များ အေးသွားတာနဲ့ ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးထားပါ

ငါးဖယ်ငါးဆုတ်လုပ်ရန် ပြင်ဆင်ပုံ

  • ငါးဖယ်ခြစ်ပြီးသားကို ဆား နနွင်းမှုန့်နှင့် အရသာမှုန့်ထဲ့ကာ ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက် မရှိပါက ငရုတ်ဆုံထဲမှာ အချက်၂၀၀လောက် ထောင်းပေးပါ
  • ငရုတ်ဆုံ မရှိပါက ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ အချက်၂၀၀လောက် ပေါက်ပေးပါ
  • ပြီးတာနဲ့ အနေတော် အလုံးလေးတွေ လုံးပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အပေါ်ယံ တင်းလာတယ် ဆိုရုံလေး ကြော်ပေးပြီး ဆယ်ထားပါ
  • အားလုံး ကြော်ပေးပြီးတာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကြော်ထားသော ငါးဖယ်များကို ၅မိနစ်ခန့် ပြုပ်ပေးပြီး ပြန်ဆယ်ထားပါ
  • ငါးဖယ်ကြော်ကို ကပ်ကြေးနှင့် အနေတော်လေးတွေ ညှပ်ပေးပြီး ပြင်ထားပါ
ငရုတ်ကောင်းလှော််ထောင်းရန်
  • ငရုတ်ကောင်းစေ့များကို အိုးထဲမှာထဲ့ပြီး မီးအနေတော်နှင့် လှော်ပေးပါ
  • ငရုတ်ကောင်းစေ့များကို မွှေးလာအောင် လှော်ပေးပြီး ညက်နေအောင် ထောင်းထားပါ
ပဲပြုပ်ရန်
  • ကုလားပဲခြမ်းကို ရေလေးထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ကုလားပဲခြမ်းများကို ရေမြုပ်အောင် ထည့်ပေးပါ
  • ပြီးတာနဲ့ နနွင်းမှုန့်ထည့်ကာ ပဲကို နူးအိလာတဲ့အထိ ပြုပ်ပေးပါ
  • ပထမ တရည်နှင့် ပဲများမနူးပါက ပဲများနူးအိလာတဲ့အထိ ရေထပ်ထပ်ထည့်ပြီး ပြုပ်ပေးပါ
  • ပဲများ နူးအိသွားတာနဲ့ ဇကာအပေါက် ခပ်စိတ်စိတ်ထဲထည့်ကာ ပဲများကို အနှစ်ရအောင် တိုက်ထားပါ။
မြေပဲဆံလှော်ရန်
  • မြေပဲဆံကို ဒယ်အိုးထဲမှာထည့်ပြီး မီးအနေတော်နှင့် လှော်ပေးပါ
  • မြေပဲဆံလေးတွေ ကြွတ်ရွလာပါက မီးပိတ်ပြီး အအေးခံကာ အခွံများ ခြွတ်ပေးပါ
  • အခွံများ ခြွတ်ပြီးတာနဲ့ ညက်နေအောင် ထောင်းပေးထားပါ။

ငှက်ပျောအူလှီးရန်

  • ဇလုံတစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့်ကိုထည့်ပြီး ငှက်ပျောအူစိမ်ရန် အရည်ဖျော်ထားပါ
  • ငှက်ပျောအူကို အကြောသင်ပြီး အနေတော်လှီးကာ ဇလုံထဲထည့်ပြီး နနွင်းရည်နှင့် စိမ်ထားပေးပါ
  • ငါးပြုပ်ပုံ

    • မိမိ အသုံးပြုမည့်ငါးကို မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ကာ ရေစင်အောင် ဆေးထားပါ
    • စပါးလင် ငါးပင်ကို ရေဆေးပြီး ထုပေးထားပါ
    • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးကိုထည့်ပြီး ငရုတ်ပွတောင့် နနွင်းမှုန့် ငါးငံပြာရည် ဆီအနည်းငယ်နှင့် စပါလင်ထုထားတာကိုထည့်ပြီး ရေအနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
    • ပြုပ်ထားသော ငါးအသားများ နူးလာတာနဲ့ မီးဖိုပေါ်မှဖယ်ပြီး အအေးခံပေးကာ အရိုးအသား ထွင်ပေးထားပါ
    • ငါးပြုပ်ရည်ထဲမှ စပါးလင် အဖတ်များနှင့် ငရုတ်သီးများကို ညက်နေအောင် ထောင်းပေးပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားပါ။
    ငါးဆီသတ်ရန်
    • ကြက်သွန်နီများကို အခွံခွာပြီး ရေဆေးထားပါ
    • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
    • ငရုတ်သီး အရောင်င်တင်မှုန့်ကို ပြင်ထားပါ
    • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
    • ပြီးတာနဲ့ ငရုတ်တ်သီး အရောင်တင်မှုန့် ချင်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ညက်နေအောင် ရောပြီးထောင်းပေးပါ
    • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
    • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
    • ဆီသတ်နံ့ သင်းလာတာနဲ့ အသားထွင်ထားသော ငါးများကို ထည့်မွှေပေးပါ
    • ငါးအသားများ ခြောက်ပြီး မွလာတာနဲ့ မီးပိတ်ပေးထားပါ
    မုန့်ဟင်းရည်ချက်ရန်
    • ခပ်ကြီးကြီး အိုးတစ်လုံးထဲမှာ ငါးပြုပ်ရည် စပါးလင်နှင့် ငရုတ်သီးရောထောင်းထားတာတို့ကို ငင်ထားသောအရည် ရေနှင့်ဆီသတ်ထားသော ငါးများကို ထဲ့ပေးကာ မီးဖိုပေါ် တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
    • ကြက်သွန်နီ ၅၀ဆယ်သားကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
    • ဆန်လှော်မှုန့်ကို ရေထည့်ပြီး ဖျော်ထားပါ
    • အနှစ်တိုက်ထားသော ပဲအနှစ်များကို ရေနှင့်ဖျော်ထားပါ
    • တည်ထားသော ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ငှက်ပျောအူများ ထောင်းထားသော မြေပဲဆံများ အချိုမှုန့် ဆန်မှုန့်ဖျော်ရည် ပဲအနှစ်ဖျော်ရည်နှင့် ငံပြာရည်တို့ကို ထည့်ကာ ဆက်တည်ပေးပါ
    • ဆန်အနှစ်များ အိုးမကပ်စေရန် အထက်အောက် မကြာမကြာ မွှေမွှေပေးပါ
    •  ကြက်သွန်နီ ငါးဖယ်ကြော်နှင့် ငံပြာရည်တို့ကို ထည့်ပေးပါ
    • ဟင်းရည်အိုး ပွက်ပွက်ဆူ လာတာနဲ့ ကြက်သွန်နီနှင့် ငါးဖယ်ကြော်တို့ထည့်ကာ အရသာ မြည်းပေးပါ
    • အရသာ မြည်းပြီးတာနဲ့ အရသာကို လိုသလို ပြင်ပေးကာ ငရုတ်ကောင်းမှုန့်ကို ထည့်ပေးပါ
    • ငှက်ပျောအူနှင့် ကြက်သွန်နီများ နူးလာတာနဲ့ မီးကို အနည်းငယ်လေးဘဲ ထားပေးပြီး မီးဖိုပေါ်မှာ တင်ထားပေးပါ

    မုန့်ပွဲပြင်ရန်

    • မုန့်ဖတ်ကို အဆင်သင့် ပြင်ထားပါ
    • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
    • ငရုတ်သီး အလှော်မှုန့်ကို အဆင်သင့် ပြင်ထားပါ
    • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ပေးထား
    • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
    • ပဲတောင့်ရှည်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
    • ပဲပြုပ်ကို အဆင်သင့် ပြင်ထားပါ
    • အီကြာကွေးကို မထူမပါးလေးတွေ ညှပ်ထားပါ
    • မိမိနှစ်သက်ရာ အကြော်များကို အဆင်သင့် ပြင်ထားပါ
    • အားလုံးအဆင်သင့် ဖြစ်တာနဲ့ မုန့်ဟင်းခါး စားသုံးရန် မုန့်ပွဲပြင်ပေးလို့ ရပါပြီ။

    No comments:

    Post a Comment