Saturday 19 July 2014

ကြာဇံကြော်



ဒီနေ့ကြော်ဖြစ်တဲ့ကြာဇံကြော်လေးပါ  ကြက်အူချောင်းလေးနဲ့မို့ အရသာတမူထူးပါတယ် ထမင်းမစား ချင်တဲ့နေ့တွေမှာ ကြာဇံလေးကြော်စားရတာလဲ တစ်မျိုးကောင်းပါတယ်။

မာမာတော့ ကြော်ပြီးတာနဲ့ ဆွမ်းတော်ကပ်ဖို့အရင်ဖယ်လိုက်ပါတယ် ဆွမ်းတော်ကပ်ပြီးတာနဲ့ အိုးထဲမှာအပူရှိန်ကျန်နေသေးတဲ့ ကြာဇံကြော်ကို ထမင်းလွတ်စားလိုက်ပါတယ်။

စားလို့ကောင်းလွန်းလို့ မိတ်ဆွေတို့လဲကြော်စားကြည့်စေချင်ပါတယ်နော် ကြော်ရတာ လွယ်လဲလွယ် မြန်လဲမြန်ပြီးစားလို့လဲကောင်းပါတယ်။

ကြော်ရန်အတွက်

  1. ညထဲက ရေမြုပ်အောင် စိမ်ထားသော ဆန်ကြာဇံ - 150 g
  2. ထက်ပိုင်းလှီးထားသော ရွှေပဲသီး - ၅တောင့်
  3. ခပ်ထူထူ လှီးထားသော ဂေါ်ဖီ - နှစ်သက်သလောက်
  4. လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  5. တရုတ်နံနံ - အနည်းငယ်
  6. ခပ်စောင်းစောင်း လှီးထားသော ကြက်အူချောင်း -၃ချောင်း
  7. ငံပြာရည်အကြည် ထမင်းစားဇွန်း - ၂ဇွန်း
  8. ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  9. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  10. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. သကြား -  ထမင်းစားဇွန်း တစ်ဇွန်းမရှိတစ်ရှိ
  12. ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်

ပြင်ဆင်ရန်
  • ရေစိမ်ထားသောကြာဇံကိုရေစစ်ပြီး ငံပြာရည် ပဲငံပြာရည် သကြားတို့နဲ့ရောပြီး နယ်ထားပေးပါ
  • ဆီကိုအပူပေးပြီး ကြက်အူချောင်းကို အရင်ဆုံး တမိနစ်လောက် ကြော်ပေးပါ 
  • ကြက်အူချောင်းကို ဘေးကိုတွန်းထားပြီး ကြက်သွန်ဖြူ ထဲ့ကြော်ပါ
  • မွှေးလာပါက မုံလာဥနီ ဂေါ်ဖီတို့ကို အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ နဲနဲနွမ်းအောင် မွှေပေးပါ
  • ကြာဇံထဲ့ပြီး ရောကြော်၍ ကြာဇံပျော့လာပြီ ဆိုတာနဲ့ တရုတ်နံနံနှင့်ရွှေပဲသီးတို့ရောမွှေကာ အရသာမြည်းပေးပါ အရသာ အနေတော ရပြီဆိုရင် ကြာဇံကြော်လေး ရပါပြီ။

သီးစုံ ချဉ်ရည်ဟင်း




တစ်ခါတစ်ရံ ထမင်းစားလို့မမြိန်တော့ဘူးဆိုရင် ဟင်းကိုအပြောင်းအလဲလေး လုပ်ရပါတယ် ဆီပြန်ဟင်းတွေက နေ့တိုင်းစာရရင် အီလည်လည် ဖြစ်တတ်တာ သဘာဝမို့ အရည်သောက်ဆမ်း ချဉ်ရည်ဟင်းလေးဘက် တဖက်လှည့်ပြီး ချက်လိုက်တဲ့အတွက် မာမာချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ချဉ်ရည်ဟင်းအတွက်ပါဝင်တာလေးတွေကတော့

  1. အခွံခွာ အမြှီးဖြုတ် ကြောမှအမဲချောင်းထုတ်ထားသော - ပုဇွန်ခပ်ကြီးကြီး ၅ကောင်
  2. အခွံခွာပြီးအနေတော်လှီးထားသောဂေါ်ရခါးသီး - တစ်လုံး
  3. အခက်ချွေထားသော ပန်းဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  4. အနေတော်လှီးထားသော ပဲတောင့်ရှည် - ၅တောင့်
  5. အ၀ိုင်းလိုက်လှီးထားသော မျှစ်နုနု  - ၃ချောင်း
  6. ခပ်ပါးပါးလှီးထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး ၄လုံး
  7. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - အနည်းငယ်
  11. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  12. ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  13. ညက်နေအောင်ထောင်းထားသောကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  14. ညက်နေအောင်ထောင်းထားသောချင်း - လက်တဆစ်တို့နှင့် အားလုံးကိုရောပြီးဇောက်နက်သော အိုးတစ်လုံးထဲမှာ ရောနယ်ပြီး ရေအနည်းငယ်ထဲ့ပြီး ဟင်းကိုလုံးမိအောင်တည်ပေးပါ
  15. ရေဆူလာပြီး အသီးအရွက်များနူးလာပါက ရေကို ဟင်းရေသောက်ပန်းကန်လုံး၂လုံးစာလောက် ထဲ့ပြီးတည်ပေးပါ
  16. ရေဆူလာပါက မကျီးမှည့်အနှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထဲ့ပြီး ရေပွက်ပွက်ဆူအောင်တည်ပေးပါ
  17. ၅မိနစ်ရေလာက်ဆူပြီးပါက အပေါ့အငံမြည်းပြီး သီးရွက်စုံချဉ်ရည်ဟင်းလေးကိုမြိန်ယှက်စွာနဲ့ သုံးဆောင်နိုင်ပါပြီ။

ငါးအသားလွှာ ချိုချဉ်ကြော်


ထမင်းမိန်စေမဲ့ ချိုချဉ်ကြော်လေးပါ ကြော်ရချက်ရတာ မြန်လဲမြန် လွယ်လဲလွယ်ပါတယ် မာမာကတော့ ထမင်းပူပူလေးနဲ့စားရတာကို ပိုပြီးသဘောကျပါတယ် ဒီတမယ်ထဲနဲ့ထမင်းမြိန်စေတာမို့နှစ်သက်မယ်ဆိုရင် ချက်ကြည့်စေချင်ပါတယ်။

ငါးအသားလွှာကိုတော့ ငါးရံ့ကိုလွှာပြီးသုံးထားပါတယ် ငါးရံ့အပြင် ကကတစ်လို ငါးမျိုးကိုလဲ သုံးနိုင်ပါတယ် ငါးအစား ကြက်သား ၀က်သားတို့ကိုလဲ အစားထိုးပြီး ချက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရှစ်စိတ်စိတ်ထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  2. လက်တစ်ဆစ်ခန့် အတုံးလေးများတုံးထားသော မုံလာဥနီ - လက်ဖက်ရည်အကြမ်းပန်ကန်တစ်လုံးစာ
  3. အကွင်းလိုက် လှီးထားသော ကြက်သွန်နီ -  ဥကြီးကြီး တစ်လုံး
  4. နံနံပင် - အနည်းငယ်
  5. အနေတော်တုံးထားသောငါး - အသားလွှာ 250 gm
  6. ဆီ -  ထမင်းစားဇွန်း ၃ဇွန်း
  7. နနွင်းမှုန့်-  အနည်းငယ်
  8. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ငရုတ်သီးစိမ်း - ၂တောင့်

ချိုချဉ်ဆော့ဖျော်ရန်
  • ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမရှိတစ်ရှိ
  • ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၃ဇွန်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - ၂မွှာ
  • ရေ လက်ဖက်ရည် အကြမ်းပန်းကန် - ၂လုံးခန့်နှင့်ရောပြီး ဖျော်ထားပါ
ကြော်နည်း
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ငါးအသားလွှာ အတုံးလေးများကို ၃မိနစ်လောက် ထည့်ကြော်ပြီး ဆယ်ထားပါ
  • အိုးထဲမှာ ကျန်နေတဲ့ ဆီထဲကို မုံလာဥနီ အရင်ထည့်ပြီး တစ်မိနစ်လောက်မွှေပြီးမှ ကြက်သွန်နီကိုထဲ့မွှေပါ
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ကြော်ထားတဲ့ငါးနဲ့ခရမ်းချဉ်သီးကို ၂မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ဖျော်ထားတဲ့ အချဉ်ရည်ကို လောင်းထဲ့ပြီးပွက်ပွက်ဆူအောင်တည်၍ ငရုတ်သီးစိမ်း နံနံပင်ထည့်ပြီး အပေါ့အငံ အရသာမြည်းကာ ငါးအသားလွှာ ချိုချဉ်ဟင်းပွဲကို ပြင်ပေးနိုင်ပါပြီ
  • ပန်းဂေါ်ဖီနှင့်အတူ နှစ်သက်ရာ အသီးအရွက်များ ထည့်ပြီးလဲ ချက်နိုင်ပါသေးတယ်။

Friday 18 July 2014

ငါးခူဆီပြန်ဟင်း မွှေးမွှေးလေး


ဒီဟင်းကတော့ သိပ်ကိုကြိုက်တဲ့ ငါးဟင်းလေးလို့ ပြောလို့ရပါတယ် ငါးခူက အချိုအရသာ လေးပင်ပါတယ် မချက်တတ်ရင် ငါးညှီနံ့ရတယ်လို့ ထင်ရပေမဲ့ ချက်တတ်ရင် ငါးအနံ့မွှေးမွှေးလေးရပါတယ်။

မာမာကတော့ မာမာ့အမေ ချက်သလို ငါးခူချက်ရင် ငရုတ်ကောင်းလေး ထောင်းထည့်ပြီး အမွှေးနံ့အရသာကို ယူပါတယ်။

ငါးခူကိုချက်တော့မယ်ဆိုရင် အရင်ဆုံး ငါးအကောင်လိုက်ကို မန်ကျည်းသီးမှည့်နှင့် ဆားတို့ထည့်ပြီး နာနာနယ်ပြီး ရေစင်အောင် ဆေးပြီးမှ အတုံးလေးတွေတုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။

ပြင်ဆင်ပုံ

  1. ငါးခူ - 400 gmေ
  2. ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  3. ထောင်းထားသောကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ထောင်းထားသောချင်း - လက်တစ်ဆစ်ခန့်
  5. မညက်တညက် ထောင်းထားသော ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. မကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငရုတ်သီးစိမ်း - လေးတောင့်
  9. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ငါးအရသာနယ်ရန်
  • ရေစင်အောင်ဆေးပြီး တုံးထားသောငါးကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာနှင့် ငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်းတို့ကို ထည့်ပေးပါ
  • နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံနှင့် အရသာမှုန့် ငရုတ်ကောင်းမှုန့်တို့ထည့်ပေးပါ
  • အားလုံးထည့်ပြီးပါက အရသာဝင်စေရန် ငါးကိုဆုတ်ဆုတ်ပြီး နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့ကို အရင်ထည့်ပြီး ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို ၂မိနစ်လောက် မွှေးလာတဲ့ထိ ထည့်မွှေပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသား မာလာတဲ့ထိ အိုးကိုလှုပ်လှုပ်ပေးပါ
  • ငါးအသား မာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီးအိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေဆူလာတာနဲ့မကျည်းမှည့်အနှစ် ငရုတ်သီးစိမ်းတောင့်တို့ကိုထည့်ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  • ဆီပြန်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
  • ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ် အရသာ အရမ်းကောင်းတဲ့ ငါးခူဆီပြန်ဟင်းလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

ငါးမြွေထိုး အချဉ်ဆီပြန်ဟင်း


ငါးစားရင် ဥာဏ်ကောင်းစေတယ်ဆိုတဲ့ အသိစိတ်က ရှိနေခဲ့တော့ ကိုယ်စားတတ်တဲ့ ငါးလေးများရရင် သိပ်ပျော်မိပါတယ် ရေချိုငါး ရှားပါးတဲ့ နေရာမို့လို့ ရေချိုငါးလေးများရရင် အချဉ်တစ်မျိုး အစပ်တစ်တစ်ဖုံချက်ပြီး သကာလ ထမင်းစားရတာ အင်မတန်မှ မြိန်လွန်းပါတယ်။

ဒီနေ့တော့ ငါးမြွေထိုးကို အချဉ်ဆီပြန်လေး ချက်ထားပါတယ် ငါးမြွေထိုးက မီးသွေးမီးဖိုမှာ ကင်ပြီးချက်တာက ပိုပြီးစားလို့ကောင်းသလို ပိုပြီးလဲမွှေးပါတယ်။

မာမာကတော့ မီးသွေးမီးဖို မရှိတဲ့အတွက် ငါးကိုအရင်ဆုံး ရှာလကာရည်နဲ့နယ်ပြးေ ရေဆေးလိုက်ပါတယ် အချွဲတွေ စင်သွားပြီဆိုတော့မှ ဟင်းချက်ဖို့ပြင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးမြွေထိုး - 400 gm
  2. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ညက်နေအောင် ထောင်းထားသော ချင်း - လက်တစ်ဆစ်
  5. မကျည်းမှည့်အနှစ် လက်ဖက်ရည်ဇွန်း - တစ်ဇွန်းသာသာ
  6. မဆလာ လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  9. ဆီ ထမင်းစားဇွန်း - လေးဇွန်းသာသာ
  10. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်

ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး ရှာလကာရည် တစ်ဇွန်းသာသာ ထည့်ပြီး နယ်ဖတ်ကာ ရေစင်အောင် ဆေးပေးပါ
  • ဗိုက်ခွဲပြီး မလိုတာတွေ ထုတ်ကာ ရေနှင့် ဆေးပေးပါ
  • ပြီးတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ငါးကိုထည့်ပေးပါ
  • ငါးထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထည့်ပေးပါ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်ပေးပါ
  • ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ထည့်ပေးပါ
  • အားလုံးထည့်ပြီးပါက ငါးကိုအရသာ ၀င်စေရန် နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအရင်ဆုံး အပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ဟင်းချက်အမွှေးအကြိုင်များ ထည့်မွှေပေးပါ
  • တစ်မိနစ်လောက် မွှေပြီးတာနဲ့ငရုတ်သီး အရောင်တင်မှုန့်ကိုထည့်ပြီး ၂မိနစ်လောက် မွှေပေးပါ
  • ငရုတ်သီး ဆီသတ်နံ့ မွှေးလာပြီ ဆိုတာနဲ့ ငရုတ်ကောင်းမှုန့်နှင့် ငါးအရသာနယ် တို့ကိုထည့်ပြီး မွှေပေးပါ
  • ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အရသာညီအောင် အိုးကိုလှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေဆူလာပါက မကျည်းမှည့်အနှစ် ထည့်မွှေပြီး အဖုံးအုပ်ပြီး ဆက်ချက်ပေးပါ
  • ဆီမပြန်ခင် အရည်လေး နည်းနည်းကျန်နေချိန်မှာ မဆလာအုပ်ပြီး အရသာမြည်းကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ငါးမြွေထိုး အချဉ်ဆီပြန် ဟင်းလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Wednesday 2 July 2014

ငါးသားလေး အကြွတ်ကြော်





ဒီနေ့တော့ မာမာကြိုက်တဲ့ ငါးသားလေးတွေ ကြော်ပါတယ် ငါးသားပေါက်ကလေးတွေမို့ ကြော်ပြီးဘဲစားစား အိုးကပ်လေးချက်ပြီးဘဲစားစား စားလို့အရမ်းကောင်းသလို အရမ်းလဲ ကြိုက်ပါတယ်။

ဒီနေ့အတွက်တော့ ငါးသားလေးတွေကို ကြွတ်နေအောင်ကြော်ပြီး ငါးကြော်ဆီလေးဆမ်းကာ စားမယ်လို့စိတ်ကူးထားပါတယ် ထမင်းမိန်မိန် စားရအောင် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ငါးသားလေးက အရသာ နယ်ပြီးတာနဲ့နှပ်ထားစရာမလိုဘဲ တန်းပြီးကြော်လို့ရပါတယ် ငါးအသားက နုလွန်းတဲ့အတွက် အရသာ၀င်လွယ်ပါတယ် ကြော်တဲ့အခါမှာလဲ ဟိုဘက်ဒီဘက် ခနခန လှန်ပေးစရာ မလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကို လှန်ပေးပြီး နှစ်ဘက်လုံး ကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေရပါမယ်။

ပါ၀င်ပစ္စည်းများ

ငါးသားလေး - 250 g
ဆား လက်ဖက်ရည်ဇွန်း - တစ်၀က်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း - သုံးပုံတစ်ပုံ
ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း - တစ်၀က်
ဆီ လက်ဖက်ရည်ပန်းကန်လုံး  -၂လုံးခန့်

ပြင်ဆင်ပုံ
ငါးသားလေးတွေကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အရသာများ အားလုံးထည့်ပြီး နယ်ပေးပါ
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ 
ဆီပူလာပါက မီးကိုအနေတော်ထားပြီး ငါးသားလေးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
ကြော်ထားစဉ် ခနခန မွှေပေးရန် မလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကို လှန်ပေးပါ
နှစ်ဖက်လုံး ရွှေဝါရောင် သန်းလားပါက ဆယ်ပြီးဆီစစ်ပေးထားပါ
ဆီစစ်သွားပါက ထမင်းပူပူလေးကို ငါးကြော်ဆီဆမ်းပြီး စားသုံးနိုင်ရန် ပြင်ပေးနိူင်ပါပြီ။