Friday 18 July 2014

ငါးခူဆီပြန်ဟင်း မွှေးမွှေးလေး


ဒီဟင်းကတော့ သိပ်ကိုကြိုက်တဲ့ ငါးဟင်းလေးလို့ ပြောလို့ရပါတယ် ငါးခူက အချိုအရသာ လေးပင်ပါတယ် မချက်တတ်ရင် ငါးညှီနံ့ရတယ်လို့ ထင်ရပေမဲ့ ချက်တတ်ရင် ငါးအနံ့မွှေးမွှေးလေးရပါတယ်။

မာမာကတော့ မာမာ့အမေ ချက်သလို ငါးခူချက်ရင် ငရုတ်ကောင်းလေး ထောင်းထည့်ပြီး အမွှေးနံ့အရသာကို ယူပါတယ်။

ငါးခူကိုချက်တော့မယ်ဆိုရင် အရင်ဆုံး ငါးအကောင်လိုက်ကို မန်ကျည်းသီးမှည့်နှင့် ဆားတို့ထည့်ပြီး နာနာနယ်ပြီး ရေစင်အောင် ဆေးပြီးမှ အတုံးလေးတွေတုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။

ပြင်ဆင်ပုံ

  1. ငါးခူ - 400 gmေ
  2. ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  3. ထောင်းထားသောကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ထောင်းထားသောချင်း - လက်တစ်ဆစ်ခန့်
  5. မညက်တညက် ထောင်းထားသော ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. မကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငရုတ်သီးစိမ်း - လေးတောင့်
  9. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ငါးအရသာနယ်ရန်
  • ရေစင်အောင်ဆေးပြီး တုံးထားသောငါးကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာနှင့် ငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်းတို့ကို ထည့်ပေးပါ
  • နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံနှင့် အရသာမှုန့် ငရုတ်ကောင်းမှုန့်တို့ထည့်ပေးပါ
  • အားလုံးထည့်ပြီးပါက အရသာဝင်စေရန် ငါးကိုဆုတ်ဆုတ်ပြီး နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့ကို အရင်ထည့်ပြီး ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို ၂မိနစ်လောက် မွှေးလာတဲ့ထိ ထည့်မွှေပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသား မာလာတဲ့ထိ အိုးကိုလှုပ်လှုပ်ပေးပါ
  • ငါးအသား မာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီးအိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေဆူလာတာနဲ့မကျည်းမှည့်အနှစ် ငရုတ်သီးစိမ်းတောင့်တို့ကိုထည့်ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  • ဆီပြန်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
  • ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ် အရသာ အရမ်းကောင်းတဲ့ ငါးခူဆီပြန်ဟင်းလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

4 comments:

  1. ငါခူအချဉ်မစားဖူးသေးဘူးအမလက်ယာကောင်းမယ့်ပုံပဲရှယ်ပဲဟေ့သွားရေတောင်ကျတယ်အရောင်ကလဲလှမှလှအမဟင်းချက်တကယ်တော်တယ်အမကလေးတွေအမလက်ယာဘယ်တော့မှမေ့မှာမဟုတ်ဘူးနော်

    ReplyDelete
    Replies
    1. ကျေးဇူးပါနော်

      Delete
  2. comတွေအများကြီးရေးတာမိန်းမကခြင်းမချီးကျူးရမနေနိုင်တော့ဘူးအမလက်ယာတွေလိုက်ချက်အုံးမယ်အမဟင်းတွေကထပ်မသွားဘူးနော်ခရမ်းသီးငရုပ်စိမ်းနှပ်.ပစွန်လုံးချိုချဉ်ကျော်လုပ်ပြီးပြီးစားကောင်းမှကောင်းရှယ်ပဲကျေးဇူးနော်
    ခိုင်

    ReplyDelete
  3. စားလို့ကောင်းတယ်ဆိုလို့ ပျော်ပါတယ်။

    ReplyDelete