Friday, 18 July 2014

ငါးမြွေထိုး အချဉ်ဆီပြန်ဟင်း



ငါးစားရင် ဥာဏ်ကောင်းစေတယ်ဆိုတဲ့ အသိစိတ်ကရှိနေခဲ့တော့ ကိုယ်စားတတ်တဲ့ငါးလေးများရရင် သိပ်ပျော်မိပါတယ် ရေချိုငါးရှားပါးတဲ့နေရာမို့လို့ ရေချိုငါးလေးများရရင် အချဉ်တစ်မျိုး အစပ်တစ်တစ်ဖုံချက်ပြီး သကာလ ထမင်းစားရတာ အင်မတန်မိန်လွန်းပါတယ်။

ဒီနေ့တော့ ငါးမြွေထိုးကို အချဉ်ဆီပြန်လေးချက်ထားပါတယ် ငါးမြွေထိုးက မီးသွေးမီးဖိုမှာ ကင်ပြီးချက်တာက ပိုပြီးစားလို့ကောင်းသလို ပိုပြီးလဲမွှေးပါတယ် မာမာကတော့ မီးသွေးမီးဖိုမရှိတဲ့အတွက် ငါးကိုအရင်ဆုံး ရှာလကာရည်နဲ့ နယ်ပြီးရေဆေးလိုက်ပါတယ် အချွဲတွေစင်သွားပြီဆိုတော့မှ ဟင်းချက်ဖို့ပြင်ပါတယ်။

ပါဝင်တဲ့ပစ္စည်းလေးတွေကတော့

  • ငါးမြွေထိုး - 400 gm
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်တစ်ဆစ်
  • မကျီးမှည့်အနှစ် လက်ဖက်ရည်ဇွန်း - တစ်ဇွန်းသာသာ
  • မဆလာ လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  • ဆီ ထမင်းစားဇွန်း - လေးဇွန်းသာသာ
  • နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး ရှာလကာရည်တစ်ဇွန်းသာသာထဲ့ပြီး နယ်ဖတ်ကာ ရေစင်အောင်ဆေးပေးပါ
  • ဗိုက်ခွဲပြီး အညစ်အကျေးများထုတ်ကာ ရေနှင့်ခပ်ဖွဖွ တစ်ထပ်ထပ်ပြီးဆေးပေးပါ
  • ဇလုံကျယ်ကျယ်ထဲမှငါးကိုထဲ့ပေးပါ
  • ငါးထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့်ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထဲ့ပေးပါ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထဲ့ပေးပါ
  • ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာထဲ့ပေးပါ
  • အားလုံးထဲ့ပြီးပါက ငါးကိုအရသာဝင်စေရန် နယ်ပေးပါ
ဟင်းချက်ရန်
  • ဆီကိုအရင်ဆုံးအပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကိုအရင်ဆုံးထဲ့ပြီးတာနဲ့ထောင်းထားသော ဟင်းချက်အမွှေးအကြိုင်များ ထဲ့မွှေပါ
  • တစ်မိနစ်လောက်မွှေပြီးတာနဲ့ငရုတ်သီးအရောင်တင်မှုန့်ကိုထဲ့ပြီး ၂မိနစ်လောက်မွှေပေးပါ
  • ငရုတ်သီးဆီသတ်နံ့မွှေးလာပြီဆိုတာနဲ့ ငရုတ်ကောင်းမှုန့်နှင့်ငါးအရသာနယ်ကိုထဲ့ပြီးမွှေပေးပါ
  • ငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း ထဲ့ပြီးအိုးကိုအရသာညီအောင် လှုပ်ပေးပါ
  • ငါးအသားများမာပြီးတင်းသွားမှ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်တည်ပေးပါ
  • ရေဆူလာပါက မကျီးမှည့်အနှစ်ထဲ့မွှေပြီး အဖုံးအုပ်ပြီးပြန်ချက်ပါ
  • ဆီပျံမဖြစ်ခင်အရည်လေးနည်းနည်းကျန်နေချိန်မှာ မဆလာအုပ်ပြီး အရသာမြည်းကာမီးပိတ်ပေးပါ
  • ငါးမြွေထိုး အချဉ်ဆီပြန်ဟင်းလေးတစ်ခွက် ရပါပြီ။

6 comments:

  1. အရမ်းအရမ်းကို စားချင်တာပါပဲရှင် :D

    ReplyDelete
    Replies
    1. စားပါနော် စူးနွယ်လေးရေ။

      Delete
  2. စားချင်လိုက်တာ အစ်မရေ .... ^___^

    ReplyDelete
    Replies
    1. ပို့လိုက်မယ်လေ ညီမလေးရေ။

      Delete
  3. Oh,I like this
    ခိုင်

    ReplyDelete
    Replies
    1. စားပါနော်။

      Delete