Monday, 22 September 2014

ပုဇွန်ကြော် ကြွတ်ကြွတ်လေး


မာမာကြော်ဖြစ်တဲ့ အကြော်လေး တစ်ခုပေါ့ ပုဇွန်ခေါင်းချိုးလေးတွေကို ခေါင်းချိုးပြီး တန်ပူရာမှုန့်လေးနဲ့ကြော်ထားလို့ မွှေးမွှေးကြွတ်ကြွတ်လေး စားလို့အရမ်းကောင်းပါတယ်။

မာမာချက်တဲ့ဟင်းလေးတွေက အရမ်းကိုလွယ်ပါတယ် ချက်ရတာလဲမြန်ပါတယ် စိတ်ပါလို့ အခုကြော်ထားတဲ့ ပုဇွန်ကြော်လေးကို ကြော်စားကြည့်မယ်ဆိုရင် ကြော်နည်းလေး ပြောပြပါ့မယ်။

ပါဝင်ပစ္စည်းများ

  1. ရေဆေးပြီးခေါင်းဖြုတ်ထားသော ပုဇွန်အသေး - 150 g
  2. တန်ပူရာမှုန့်. - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သားမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး

ပြင်ဆင်ပုံ
  • ပုဇွန် ကြက်သားမှုန့် နနွင်းမှုန့်တို့ကို အရသာနယ်လိုက်ပါ
  • တန်ပူရာမှုန့်ကို ရေနှင့်ဖျော်ထားပြီး ပုဇွန်အရသာနယ်နှင့် နယ်ပေးထားပါ
  • ဆီကို မီးပြင်းပြင်းနဲ့အပူပေးပြီး ဆီပူလာပါက မီးကို အနေတော်လျော့ပေးပါ
  • ပုဇွန်တန်ပူရာမှုန့် နယ်ထားတာကို ပန်းကန်ပြားပြန့်ပြန့်လေးထဲ ဖျန့်ထဲ့ပေးပြီး ဆီပူအိုးထဲသို့ အသာတွန်းချပြီး ထဲ့ကြော်ပေးပါ
  • တစ်ဖက်ကျက်ရင် တစ်ဖက်ကိုလှန်ပေးပြီး ရွှေဝါရောင် ဖြစ်လာတဲ့ထိ ကြော်ပေးပါ
  • ကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေးထားပါ
  • ဆီစစ်သွားရင် သုံးဆောင်နိုင်ပါပြီ။

ခြံထဲက ဥယျာဉ်လေး

ဒီနေ့ မိုးလေအေးအေးလေးမှာ ခြံထဲဆင်းပြီး သစ်ပင်စားပင်လေးတွေချစ်တဲ့ အိုင်အိုရာနဲ့မာမာ့ မိတ်တွေတွေအတွက် ပုံလေးတွေ တင်ပေးလိုက်ပါတယ်နော်။


ပျိုးပင်ဘ၀နဲ့ပွင့်နေရှာတဲ့ ဒန့်ဒလွန်ပင်လေး

ခရမ်းကစော့ပင်


ကြက်သွန်မိတ်ပင်


ကျူဆိုင်ပင်

ဆောင်းအကုန်နွှေအကူး ပြန်ထွက်လာတဲ့ 
ကျူဆိုင်ပင်လေးများ


စပါးလင်ပင် အိုးလေးများ



ကန်စွန်းပင်လေးများ

Thursday, 11 September 2014

ချဉ်ငံစပ် ပုဇွန်ခွက်ကြော်သုပ်


ဒီနေ့တော့ ပုဇွန်ခွက်ကြော်လေး ကြော်ပြီး ချဉ်ငံစပ် အသုပ်လေး သုပ်စားဖြစ်ပါတယ် ကြော်နည်းလေးလဲ တင်ပြီးပါပြီ မာမာကတော့ အသုပ်ဆိုရင် ဒီအတိုင်း စားရတာထက် ထမင်းပူပူလေးနဲ့ကို ပိုပြီးကြိုက်ပါတယ် ဒါကြောင့်မို့လို့ ချဉ်ချဉ်ငံငံ စပ်စပ် အသုပ်လေး သုပ်စားဖြစ်တဲ့ နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခွက်ကြော် - ဆယ်ချပ်
  2. ခေါက်ဆွဲအစို - လေးဆယ်သား
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ကြက်သွန်နီ - အနေတော် နှစ်လုံး
  5. ငရုတ်သီး အလှော်မှုန့် - လိုသလောက် ပြင်ထားပါ
  6. ကြက်သွန်နီ ဆီချက် - လိုသလောက် ပြင်ထားပါ
  7. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငါးငံပြာရည် - လိုသလောက် ပြင်ထားပါ
  9. အရသာမှုန့် - လိုသလောက် ပြင်ထားပါ
  10. ပဲအကျက်မှုန့် - လိုသလောက် ပြင်ထားပါ
  11. နံနံပင် - လိုသလောက် ပြင်ထားပါ
ပြင်ဆင်ပုံ

  • ပုဇွန်ခွက်ကြော်ကို ကပ်ကြေးဖြင့် အနေတော် ညှပ်ပေးပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေနှင့်ဆေးပြီး ရေအနည်းငယ်ထည့်ကာ စိမ်ထားပါ
  • ခေါက်ဆွဲနဲ့အတူ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
တစ်ပွဲစာပြင်ရန်
  • ပန်းကန်တစ်ချပ်ထဲမှာ ပုဇွန်ခွက်ကြော် နှစ်ခုစာ၊ ခေါက်ဆွဲဖတ် သင့်ရုံ၊ ဂေါ်ဖီ အနည်းငယ်၊ ကြက်သွန်နီ အနည်းငယ်၊ ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ၊ ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ၊မန်ကျည်းသီးမှည့်ရည် ထမင်းစားဇွန်း တစ်ဇွန်း ၊ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ၊ ငရုတ်သီးအလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ၊ ဆီချက် ထမင်းစားဇွန်း တစ်ဇွန်းခွဲနှင့် နံနံပင်တို့ ထည့်ပေးကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာနယ်တာ သမသွားတာနဲ့ အရသာ မြည်းပေးကာ လိုအပ်တဲ့ အရသာကို ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် ပုဇွန်ခွက်ကြော်သုပ်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Monday, 8 September 2014

ပုဇွန်ခွက်ကြော် မွှေးမွှေးလေး


ဒီနေ့ကြော်စားဖြစ်တဲ့ အကြော်လေးပေါ့ အိမ်ကသားနဲ့သမီး အရမ်းကြိုက်တဲ့ အကြော်လေးမို့ မကြာမကြာတော့ ကြော်ဖြစ်ပါတယ်။

တစ်ကယ်တန်းကြတော့ ပုဇွန်ခွက်ကြော်က ပုံးစံခွက်လေးထဲကို အကြော်နှစ်စပ်ထားတဲ့ ပဲပင်ပေါက်ရယ် ပုဇွန်ရယ်ကိုထဲ့ပြီးမှ ခွက်ကိုင်းကိုကိုင်ပြီး ဆီပူအိုးထဲနှစ်ပြီးကြော်ပေးရတာပါ။

အကြော်ကျက်လာတာနဲ့ ခွက်ထဲကနေ စောင်းပြီးဆီပူအိုးထဲ သွန်ချပြီး ခနထားပြီးတာနဲ့ ဆယ်ပြီးဆီစစ်လိုက်ရုံပါဘဲ။

မာမာကတော့ ပုဇွန်ခွက်ကြော်တဲ့ ခွက်မရှိတာနဲ့ ပန်းကန်ပြားပြန့်ပြန့်လေးပေါ် ပဲပင်ပေါက်နဲ့ပုဇွန်တင်ပြီး ဆီပူအိုးထဲကို အသာတွန်းချပြီး ကြော်ထားတာပါ။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - ခပ်ကြီးကြီး ၇ကောင်
  2. တန်ပူရာမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  4. ရစင်အောင် ဆေးထားသော ပဲပင်ပေါက် - 350 g
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - လိုသလောက် သုံးပေးပါ

ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီးမှ ပဲပင်ပေါက်ကိုထဲ့ကာ ဖွဖွလေးနယ်ပေးပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ပဲပင်ပေါက်နဲနဲနှင့် ပုဇွန်တစ်ကောင်ကို ထဲ့ပြီးပြင်ပေးထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက မီးကိုအနေတော် လျှော့ပေးကာ ပဲပင်ပေါက်နှင့်ပုဇွန်ကိုထဲ့ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ပုဇွန်ခွက်ကြော်လေး ရပါပြီ။

Thursday, 4 September 2014

ပုဇွန်လှော် မွှေးမွှေးလေး



ရိုးရှင်းလွန်းတဲ့ ပုဇွန်လှော်လေးပါ ပုဇွန်ဆီကြော်တွေစားရတာ ရိုးသွားတဲ့အခါမျိုးမှာ ပုဇွန်လှော်ကို သံပုရာရည်လေးညှစ်ပြီး စားရတဲ့ အရသာလေးက သိပ်ကိုကောင်းပါတယ်။

ဒီပုဇွန်လှော်နည်းလေးက သိပ်ကိုလွယ်ပါတယ် ပုဇွန်အကွေး ငါးအနွေးဆိုတဲ့အတိုင်း ပုဇွန်ကိုရေမြုပ်ရုံနဲ့ဘဲ လှော်ပါမယ် သိပ်လွယ်လွန်းတဲ့ လှော်နည်းလေးမို့လှော်စားကြည့်စေချင်ပါတယ် အားလုံးလဲ ဒီပုဇွန်လှော်နည်းလေးကို လှော်တတ်ကြပါလိမ့်မယ်။

ပုဇွန်လှော်ဖို့ပါဝင်ရမှာလေးတွေပြောပါမယ်
  • ရေစင်အောင်ဆေးထားသော ပုပုဇွန်ကြားအကောင်ကြီးကြီး ၈ကောင်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရေ ပုဇွန်မြုပ်အောင်ထဲ့ပေးပါ
လှော်နည်းလေးပြောပါမယ်
  • မကပ်သော အိုးတစ်လုံးထဲပုဇွန်ထဲ့ပါ
  • ဆားနဲ့ရေကိုထဲ့ပြီး အဖုံးအုပ်ပြီးလှော်ပေးပါ
  • ရေခမ်းကာနီးပါက အိုးအဖုံးဖွင့်ပြီး မွှေပေးပါ
  • ရေခမ်းသွားပါက မီးပိတ်ပေးပြီးပါက ပုဇွန်လှော် မွှေးမွှေးလေးရပါပြီ။

Wednesday, 3 September 2014

ငါးခြောက်ထောင်း ငရုပ်သီးအစပ်ကြော်



ဒီနေ့တော့ ငါးရံ့ခြောက်ကို ပြုပ်ပြီးအရိုးကိုထွင်ကာ အသားကို ကြိတ်စက်နဲ့ကြိတ်ပြီး ငရုတ်သီးအကြမ်းမှုန့်နဲ့ကြော်ထားပါတယ် ကြိတ်စက်မရှိပါက ငရုတ်ဆုံထဲ ထည့်ထောင်းနိုင်ပါတယ်။

၁၂မျိုးဟင်းချိုနဲ့အရမ်းလိုက်ဖက်တဲ့ ဟင်းအတွဲ ဖြစ်တာမို့လို့ မာမာကတော့ မကြာခန ချက်ဖြစ်ပါတယ် အသားစိုစိစိတွေထက်စာရင် ဒီလိုဟင်းမျိုးလေးတွေက ထမင်းကို ပိုပြီးမိန်စေပါတယ်။

ပါဝင်ပစ္စည်းများ

  1. နူးနေအောင်ပြုပ်ပြီး အရိုးထွင်ကာ ကြိတ်ထားသော ငါးရံ့ခြောက် - ၂၅ကျပ်သား
  2. အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားသော ကြက်သွန်နီ - ၂၅ကျပ်သား
  3. ငရုပ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ဆီ - လက်ဖက်ရည် အကြမ်းပန်ကန် တစ်လုံး
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံ တစ်ပုံ
  6. ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို ထည့်ပေးကာ နွမ်းသွားတဲ့ထိ ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းသွားတာနဲ့ ငရုတ်သီးမှုန့်ကိုထည့်ကာ မွှေးပြီးကြွတ်လာတဲ့အထိ ကြော်ပေးပါ
  •  ကြက်သွန်များ ကြွတ်လာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
  • ဒယ်အိုးထဲမှာ ကျန်နေသောဆီနဲ့ဘဲ ငါးခြောက်ထောင်းကိုထည့်ပြီး ကြွတ်လာတဲ့အထိ ကြော်ပေးပါ
  • ငါးခြောက်ထောင်း ကြွတ်လာပါက အခုန ကကြော်ထားသော ကြက်သွန် ငရုတ်သီးကြော်ကို ငံပြာရည်နှင့် အချိုမှုန့်တို့ထည့်ကာ ထည့်ပြီး မွှေပေးပါ 
  • အားလုံးကြွတ်ပြီး မွှေးလာပြီဆိုရင် အရသာမြည်းပြီး လိုသလို ပြင်းပေးပါ
  • ပြီးတာနဲ့ ပန်းကန်ထဲသို့ ပြောင်းထဲ့ပြီး မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးနိုင်ပါပြီ။

Monday, 1 September 2014

ဆီထမင်းချိုး မွှေးမွှေးလေး


ဒီနေ့တော့ မြန်မာ့ရိုးရာ စားစရာ တစ်ခုဖြစ်တဲ့ ဆီထမင်း ထိုးနည်းလေး ပြောချင်ပါတယ် ဘယ်နေရာဘယ် ဒေသဘဲ ရောက်ရောက် ကိုယ့်ရိုးရာ အစာလေးတွေကိုတော့ လွမ်းမိတာ အမှန်ပါဘဲ။

ဒါကြောင့်မို့လဲ ဖြစ်နိုင်ရင် မြန်မာအစာတွေကိုဘဲ လွယ်ကူမြန်ဆန် နည်းလေးတွေနဲ့ လုပ်စားဖြစ်ပါတယ်
ဒီနေ့ထိုးဖြစ်တဲ့ ဆီထမင်းလေးက ဆီထမင်း ကြိုက်နှစ်သက်သူတွေအတွက် လွယ်ကူလွန်းတဲ့ ဆီထမင်းထိုးနည်းလေးမို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1.  ကောက်ညှင်းဆန် -  ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  2. ကြက်သွန်နီ - အနေတော် ငါးလုံး
  3. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူး

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • အရင်ဆုံး ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး မီးအပူပေးပြီး နနွင်းမှုန့်ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကောက်ညှင်းဆန်ကိုထည့်ပြီး ကြော်ပေးပါ
  • ကြော်နေသော ကောက်ညှင်းဆန်ကို အဆက်မပြတ် မွှေပေးရင်း တစ်လုံးခြင်း ကွဲသွားတာနဲ့ရေ ဆား အရသာမှုန့်နှင့် ကြက်သွန်နီတို့ထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အဖုံးအုပ်ပြီး တည်တာနဲ့ မီးကို အနေတော်သို့လျော့ပေးပါ
  • အိုးတည်ထားစဉ် တခါနှစ်ခါလောက်ဘဲ မွှေပေးပြီး ရေခမ်းပြီဆိုတာနဲ့ မီးကိုထပ်ပြီး လျော့ပေးပြီး ဆီထမင်းမှာ စားရတာ အရသာ အကောင်းဆုံးဖြစ်တဲ့ ဆီထမင်းချိုးကို မီးအေးအေးနဲ့ ရအောင်တည်ပေးပါ
  • အကျက်ညီပြီး ဆီထမင်းချိုး လှလှလေး ရစေရန် မကပ်တဲ့ အိုးနှင့်တည်ပြီး တည်ထားစဉ် အိုးကို မကြာမကြာ လှည့်ပေးပါ
  • ဆီသံကြွတ်ကြွတ် မြည်လာပြီး ဆီထမင်းချိုး မွှေးမွှေးလေး ရလာပါက ပန်းကန်ထဲသို့ ပြောင်းထည့်ပေးကာ မိမိနှစ်သက်ရာ ပဲပြုပ် ငါးခြောက်ဆီစိမ်တို့နဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။