Friday 31 August 2018

ငါးပိရည်ဖျော် မွှေးမွှေးလေး














ငါးပိရည် တခါကျိုတိုင်း အိမ်ထဲမှာ အနံ့တွေ ကျန်နေတတ်တဲ့အတွက် မာမာကတော့ တခါကျိုရင် ခပ်များများလေးကျိုပြီး လေလုံဗူးလေးတွေထဲ ထည့်ထားကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားပြီး သိမ်းထားတတ်တာမို့လို့ ဒီတခါလဲ ငါးပိရည် မွှေးမွှေးလေးနဲ့ ငါးပိရည်ဖျော် မွှေးမွှေးစပ်စပ်လေးရဲ့ ဖျော်စပ်ပုံလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် ၄လုံးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် လိုအပ်သော ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အထုတ်ကြီးကြီး လေးကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ
  4. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  5. ကြက်သွန်နီ - အနေတော် လေးလုံး
  6. ငရုတ်သီး အခြောက်တောင့် လှော်ပြီးသား - ဆယ်တောင့်ခန့်အ
  7. ရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကို အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်ဖုတ်ပေးပါ
  • ပြီးတာနဲ့ ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ပုဇွန်ထုတ်ကိုလဲ ရေဆေးကာ ကို မီးသွေးမီးဖိုရှိပါက အခွံများ ကျွမ်းအောင်ဖုတ်ပေးပါ သို့မဟုတ်
  • အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ပုဇွန်အခွံများခွာကာ ခေါင်းများဖြုတ်ထားပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ မညက်တညက် ထောင်းပေးထားပါ
  • ခရမ်းချဉ်သီးကိုလဲ အပေါ်အခွံ ကျွမ်းတဲ့အထိ မီးဖုတ်ပေးပြီး အခွံများကွာသွားအောင် ရေဆေးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ပုဇွန်ထုတ် ငရုတ်သီး အလှော်တောင့် အရသာမှုန့် ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူတို့ကို ဘလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက်မသုံးချင်ပါက ငရုတ်ဆုံ ကြီးကြီးထဲမှာ ထည့်ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲ ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • တခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြိးသိမ်းထားပါ
  • အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Thursday 30 August 2018

တရုတ်ဇီးယို


ဇီးသီးခြောက်

ရေစိမ်ထားသော ဇီးသီးခြောက်

မိနစ်၂၀ခန့် ပေါင်းပေးပါ

ပေါင်းပြီးသားဇီးသီးနှင့် ပါဝင်ပစ္စည်းများ

ဖာလာစေ့ လေးညှင်း နာနတ်ပွင့် သစ်ဂျပိုးခေါက်

ငရုတ်သီးလုံးခြမ်းကွဲ

ဇီယာစေ့

ထန်းလျှက်ရည်

ဇီးယို

အေးရှန်းဆိုင်က အစေ့ထုတ်ပြီးသား ဇီးသီးအခြောက်လေးတွေ ဝယ်ထားတာ ကြာနေပြီဆိုတော့ ဇီးယိုလေးထိုးရင် ကောင်းမယ်ဆိုပြီး လိုတာလေးတွေ ပြင်ဆင်ကာ ချိုချဉ်စပ်နေတဲ့ ဇီးယိုလေး ထိုးဖြစ်တဲ့အတွက် ယိုထိုးနည်းလေး ထပ်မံပြီး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. တရုတ်ဇီးသီးခြောက် - 300 g
  2. ထန်းလျှက်ခဲ - 200 g
  3. ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၂ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. လေးညှင်း - ၄ပွင့်
  6. သစ်ဂျပိုးခေါက် - ၂လက်မခန့်
  7. ဖာလာ - ၄စေ့
  8. နာနတ်ပွင့် -၂ပွင့်
  9. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  1. တရုတ်ဇီးသီးခြောက်ကို ရေတနာရီလောက်စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ
  2. ရေစစ်သွားပါက ပေါင်းဇကာထဲကို ထည့်ပေးပါ
  3. ပေါင်းအိုးအောက်ခံအိုးကို ရေတဝက်သာသာ ဖြည့်ပြီး ဆူအောင်တည်ပေးကာ ပေါင်းဇကာကိုတင်ကာ မိနစ်၂၀လောက် ပေါင်းပေးပါ
  4. ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ခပ်ကျဲကျဲ ကျိုပေးပါ
  5. ထန်းလျှက်ခဲများ ပျော်လာတာနဲ့ ထန်းလျှက်ရည်ထဲမှ  အမှိုက်များကို အဝတ်ပါးနှင့်စစ်ပြီး ထန်းလျှက်ရည်ကို ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲပြန်ထည့်ပေးပါ
  6. ထန်းလျှက်ရည်ထဲသို့ ငရုတ်သီးမှုန့် ဆား သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ စမုံစပါး ဇီးသီးတို့ထည့်မွှေပေးပြီး ရေခမ်းအောင် မီးအေးအေးနှင့်မွှေပေးပါ
  7. ရေခမ်းပြီး ထန်းလျှက်ရည်ပေါက်စေ့ကျလာပါက မီးပိတ်ပြီး အအေးခံထားပါ
  8. ပြီးတာနဲ့ တရုတ်ဇီးယိုချိုချဉ်စပ်မွှေးလေးကို စားသုံးနိုင်ပါပြီ။

Tuesday 28 August 2018

ခရမ်းချဉ်သီး အစိမ်းသုပ်



အသီးအရွက်လေးတွေဘဲ စားချင်နေတဲ့အတွက် ခရမ်းချဉ်သီး အစိမ်းလေးတွေ ဝယ်လာကာ ထမင်းဖြူလေးနဲ့တွဲပြီး ရေနွေးကြမ်းလေးနဲ့ သောက်ရအောင် ဒီနေ့တော့ ချဉ်ချဉ်ငံငံစပ်စပ် ခရမ်းချဉ်သီး အစိမ်းသုပ် သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းချဉ်သီးအစိမ်း - ခပ်ကြီးကြီး နှစ်လုံး
  2. နံနံပင် - အနေတော်
  3. မြေပဲလှော် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  10. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  11. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  1. ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  2. နံနံပင်ကို ရေဆေးပြီး လှီးထားပါ
  3. မြေပဲလှော်ကို အခွံချွတ်ထားပါ
  4. အသုပ်ထဲထည့်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  5. လှီးထားသော ခရမ်းချဉ်သီးကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  6. မြေပဲလှော် နံနံပင်  ဆား ဆီ အရသာမှုန့် ငရုတ်သီးစိမ်း သံပုရာရည်တို့ကိုထည့်ပြီး ခပ်ဖွဖွ နယ်ပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  7. နယ်ဖတ်ပြီးတာနဲ့ စားပွဲပြင်မည့် ပန်းကန်ထဲသို့ပြောင်းပြီး ခရမ်းချဉ်သီး အစိမ်းသုပ် ချဉ်ငံစပ်လေးကို ထမင်းပူပူ ရေနွေးကြမ်းလေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Monday 27 August 2018

ငရုတ်သီးစိမ်း ဆားထောင်း



ဆောင်းရာသီမှာ အရမ်းအေးရတဲ့ကြားထဲ မိုးကလဲ စွေနေတာ တစ်ပါတ်လုံးပါဘဲ အချမ်းပေါ် အအေးက ထပ်ဆင့်လေတော့ အေးနေတာက ခင်လေးဆတ်ဆတ်တုန် ဆိုသလိုပါဘဲ။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ဓါတ်ကြမ်းတိုက်မှ နေသာထိုင်သာ ရှိတော့မဲ့ ရာသီဥတုအတွက် စပ်ပေ့ဆိုတဲ့ ငရုတ်သီးစိမ်း အစပ်တောင့်တွေနဲ့ ပုဇွန်ထုတ်ကို လှော်ကာ နံနံပင်တွေ ရှမ်းနံနံတွေနဲ့ ရောသမမွှေတဲ့ ထောင်းနည်းလေးကို မျှဝေလိုက်ပေးလိုက်ပါတယ်ရှင် ရှူးရှူးရှဲရှဲ ထူးထူးကဲကဲ အရသာလေးမို့ ထောင်းစားကြည့်ပါအုံးလို့လဲ တိုက်တွန်းလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငရုတ်သီးစိမ်း အနီရောင်အစပ်တောင့် - တစ်ဆယ်သားခန့်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  3. ပုစွန်ထုတ် - အကောင်ကြီးကြီး ၇ကောင်ခန့်
  4. နံနံပင် - အပင်ကြီးကြီး ၅ပင်ခန့်
  5. ရှမ်းနံနံ - ၅ပင်ခန့်
  6. သံပုရာသီး - ၁လုံး
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ မွှေးလာတဲ့အထိ လှော်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မွှေးလာအောင် လှော်ထားပါ
  • ပုစွန်ထုတ်ကို ရေဆေးပြီး မွှေးလာတဲ့အထိ လှော်ပေးပြီး ကြော်ဖက်မှ အမည်ကြောင်း ပုဇွန်အခွံနှင့်ခေါင်းတို့ကို ဖယ်ထားပါ
  • နံနံပင်နှင့် ရှမ်းနံနံတို့ကို ရေဆေးပြီး၊ရေစစ်ကာ ခပ်ပါးပါး လှီးထားပေးပါ
  • လှော်ထားသော ကြက်သွန်ဖြူနှင့် အခွံခွာထားသော ပုဇွန်ထုတ်ကို ဆားနှင့် အချိုမှုန့်တို့ထည့်ကာ ညက်နေအောင်ထောင်းပေးပါ
  • ပြီးတာနဲ့ပါးပါးလှီးထားသော ရှမ်းနံနံကို အရင်ဆုံး ထည့်ထောင်းပါ
  • ပြီးတာနဲ့  နံနံပင်ကို ထည့်ထောင်းပေးပါ
  • အားလုံးထောင်းပြီးတာနဲ့ ငါးငံပြာရည်ကို ထည့်ပေးကာ ဇွန်းနှင့် မွှေပေးပါ
  • အရသာ သမလောက်ပြီဆိုတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး ပန်းကန်တခုထဲ ပြောင်းထည့်ပေးပါ
  • စားခါနီးမှ သံပုရာရည် လတ်လတ်ဆတ်ဆတ် ညှစ်ပေးကာ ပုဇွန်ထုတ် ငရုတ်သီးထောင်း သံပုရာရည်ဆမ်း ချဉ်ငံစပ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးဆောင်နိုင်ပါပြီ။

Sunday 26 August 2018

အကြော်စုံ











ဒီနေ့တော့ ဝါတွင်းကာလ သတ်သတ်လွတ်လေးတွေ စားလို့ရအောင် အသီးအရွက်လေးတွေ ကြော်ပြီး ငါးပေါင်းကြော်လေးပါ ကြော်ဖြစ်လို့ အကြော်စုံ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

အာလူး  -  အနေတော် ၂လုံး
ကြာစွယ် - လှီးပြီးသား ၁၃ခု
သရော့ကိုလီ - လှီးပြီးသား ၈ခု
ငါးအသားချောင်း - လှီးပြီးသား ၄ခု
တန်ပူရာမှုန့် - 150 g တစ်ထုတ်
ရေ - လိုသလောက် သုံးပါ
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် 
ဆီ - လိုသလောက်

ကြော်ဖို့ပြင်ရန်
ဇလုံတလုံးထဲမှာ တန်ပူရာမှုန့်  ဆား အချိုမှုန့်တို့ကိုရေနည်းနည်းချင်းထည့်ကာ ရောပေးပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ်ဖျော်ပေးပါ
မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
အာလူးကိုအခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း အကွင်းလိုက် လှီးပေးထားပါ
ဘရော့ကိုလီကို ရေဆေးပြီး ပုံပါအတိုင်း လှီးပေးထားပါ
ကြာစွယ်ကို ပြင်ထားပါ
အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ အာလူး ဘရော့ကိုလီနှင့် ကြာစွယ်ကို နှစ်ပေးပါ
သတ်သတ်လွတ် စားချင်သူများ သတ်သတ်လွတ်စားရအောင် အသီးအရွက်များကို အရင်ကြော်ပေးပါ
ဆီကို မီးအပူပေးပြီး ဆီပူပြီး ဆီကျက်လာပါက အာလူး ကြာစွယ်နှင့် ဘရော့ကိုလီတို့ကို မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားပါ
နောက်ဆုံးကြမှ ငါးအသားချောင်းကို မုန့်နှစ်လူးပြီး ကြော်ပေးပါ
တစ်ဖက်ကျက်ပါက နောက်တစ်ဖက်ကို လှန်ပေးပါ
နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားပါ
ဆီစစ်သွားပါက ငါးပေါင်းကြော်နှင့် အသီးအရွက်ကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါပြီ။

Friday 24 August 2018

နှစ်တစ်ရာပဲနှပ်









ဝါတွင်းကာလ သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် နှစ်တစ်ရာပဲနှပ် နှပ်နည်းလေး မျှဝေလိုက်ပါတယ် မာမာချက်တဲ့ နှစ်တစ်ရာပဲက အခွံခွာပြီး ပြုပ်ပြီးသား ဖြစ်နေတဲ့အတွက် သိပ်ပြီးတော့ လက်မဝင်လှပါဘူး။

အဆင်သင့် မဟုတ်တဲ့ ပဲဆိုရင်တော့ အခွံခွာပြီးမှ နူးနေအောင် ပြုပ်ပေးရပါတယ် ပြီးတော့ခါးသက်သက် အရသာကုန်အောင် ၂ရည်လောက် ပြုပ်ပေးပြီးမှ ဟဟ်းချက်ရပါတယ် ဒါောကာင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. နှစ်တစ်ရာပဲ 250 g - တစ်ထုတ်
  2. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  3. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  7. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ခဲထားသော နှစ်စ်တစ်ရာပဲကို မချက်ခင် ၂နာရီလောက် ကြိုပြီးထုတ်ထားပါ ဖျော်ထားပါ
  • နှစ်တစ်ရာပဲကို ရေများများထည့်ပြီး ပြုပ်ပေးထားပါ
  • ပဲကနူးပြီးသား ဖြစ်တဲ့အတွက် ၅မိနစ်လောက်ဘဲ ပြုပ်ပေးပြီး ရေများသွန်ကာ အအေးခံထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  • ပဲငံပြာရည် ဆား ဆီ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ကို ပြင်ထားပါ
  • ဆီကို အပူပေးပြီး ဆီပူလာပါက နနွင်းအနည်းငယ် ထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီကို ပျော့လာတဲ့အထိ ကြော်ပေးပါ
  • ထိုကြက်သွန်ကြော်ထားသော ဆီထဲမှာ ပဲကို တမိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးထာနဲ့ပဲအိုးထဲကို ပဲရေမြုပ်အောင်ထည့်ပြီး ဆားနှင့် အရသာမှုန့်တို့ ထည့်ပြီးတည်ပေးပါ 
  • ပဲအိုးရေမခမ်းခင် ပဲငံပြာရည်ထည့်ပြီး ရေခမ်းအောင် ဆက်တည်ပေးပါ
  • ပဲအိုးရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရေခမ်းတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ကာ နှစ်တစ်ရာပဲနှပ် စိမ့်စိမ့်လေးကို စားသုံးနိုင်ပါပြီ။

Thursday 23 August 2018

ပေါက်ပန်းဖြူရွက်သုပ်




Sydney က သမီးဆီကို အလည်သွားတုန်း World Square ကို ရောက်သွားပါတယ် ဒီတော့ World Square ထဲက အေးရှန်းဆိုင်ကို ရောက်တုန်း စားချင်တာလေးတွေ ဝယ်လာပြီး မြန်မာပြည် အလွမ်းပြေ စားချင်သလိုလေးတွေ ချက်စားဖြစ်ခဲ့တဲ့ အထဲက ဒီနေ့တော့ ပေါက်ပန်းဖြူ  ပွင့် သုပ်စားဖြစ်တဲ့အတွက် ချဉ်ငံစပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပေါက်ပန်းဖြူပွင့် - အပွင့် နှစ်ဆယ်ခန့်
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. မြေပဲလှော် - အစေ့ နှစ်ဆယ်ခန့်
  8. ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  10. ငရုတ်သီးအနီ ဆီချက် - ထမင်းစားဇွန်း တဝစ်က်
  11. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ

ပြင်ဆင်ပုံ
  • ပေါက်ပန်းဖြူပွင့်ကို အထဲမှ ဝတ်ဆံလေးတွေ ဖယ်ပေးပြီး  ရေစင်အောင် ဆေးပေးပါ 
  • အိုးတစ်လုံးထဲမှာ ပေါက်ပန်းဖြူ ပွင့်များထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပြီး ပေါက်ပန်းဖြူပွင့်များ နူးအောင်ပြုပ်ပေးပါ
  • ပေါက်ပန်းဖြူပွင့်များ နွမ်းလာပါက ပြုပ်ထားသော ရေများကို သွန်ပေးပါ
  • ပြီးတာနဲ့ ရေအေးနှင့် ဆေးထားကာ ရေကုန်အောင် ညှစ်ပေးထားပါ  
  • ကြက်သွန်နီကို အခွံခွာပြီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နှမ်းအဖြူကို မီးအေးအေးနှင့် ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးထားပါ
  • မြေပဲလှော်ကို အခွံခြွတ်ပြီး သန့်ပေးထားပါ
  • သံပုရာရည်ကို ပြင်ထားပါ
  •  ပါဝင်ပစ္စည်း အားလုံးကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တစ်ခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ သတ်သတ်လွတ် ပေါက်ပန်းဖြူ ပွင့်သုပ် ချဉ်ငံစပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Wednesday 22 August 2018

ကြက်သွန်နီ ဆီချက်ချက်နည်း














Facebook မှာ ခင်ကြတဲ့ သမီးလေးတွေက တီမာရေ သမီးလေ ကြက်သွန်နီဆီချက် ချက်တိုင်း အဆင်မပြေလို့ ချက်နည်းလေး ပြောပြပါဆိုပြီး လာလာမေးကြပါတယ်။

သူတို့မေးမယ်ဆိုလဲ မေးသင့်ပါတယ် ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးမှုန့်တွေနဲ့ ချက်ကြတဲ့ ဆီချက်တွေက လွယ်မယောင်နဲ့ ခက်တတ်ပါတယ်။

ကြက်သွန်ကို ဘယ်လိုလှီးရမယ် ရေကိုဘယ်အချိန်မှာ ဆေးရမယ် ကြက်သွန်ကို ဘယ်အချိန်မှာ ဆယ်ရမယ် စသည်ဖြင့် တိုင်းစ တတ်ရပါတယ်။

ဒါကြောင့်မို့လို့ လွယ်မယောင် ထင်ရတဲ့ဆီချက် ချက်နည်းလေးတွေထဲက ဒီတစ်ခါတော့ ကြက်သွန်နီ ဆီချက်ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သွန်နီ - အနေတော် သုံးလုံး
  2. ဆီ - လီတာဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးပါ
  • ရေဆေးပြီးတာနဲ့ ကြက်သွန်နီကို ထက်ဝက်ခြမ်းပြီး ခပ်ပါးပါး လှီးပေးပါ
  • လှီးပြီးတာနဲ့ ကြက်သွန်နီများကို ခပ်ဖွဖွလေး ချေပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ သင့်တော်မဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန်အတွက် မကြာမကြာ မွှေပေးပါ
  • မီးအားပြင်းပြင်းနဲ့ ၆မိနစ်လောက် ကြော်ပြီးတာနဲ့ မီးကိုပိတ်ပေးပါ
  • ပိတ်ထားတဲ့ မီးဖိုပေါ်မှာ ကြက်သွန်နီကို နီရောင်လေး သန်းလာအောင် ဆက်ကြော်ပေးပါ
  • နီရောင်လေး သန်းလာတာနဲ့ ခပ်မြန်မြန်လေးဆယ်ပြီး ဆီစစ်ဇကာထဲမှာထည့်ပြီး ဆီစစ်ရင်း အေအးခံ ထားပေးပါ
  • ဆီအိုးကိုလဲ မီးဖိုပေါ်မှ ဖယ်ပေးကာ ပန်းကန်လုံး တစ်လုံးထဲမှာ ထည့်ပေးပြီး အေအးခံ ထားပေးပါ
  • အအေးခံထားသော ဆီရောကြက်သွန်ကြော်ပါ အေးသွားပါက ပန်းကန်ထဲမှာ နှစ်မျိုးလုံးရောပြီး ထည့်ပေးပါ
  • ကြွတ်ပြီးမွှေးနေတဲ့ ကြက်သွန်နီဆီချက် မွှေးမွှေးလေးကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ရန် ရပါပြီ။