Friday 31 August 2018

ငါးပိရည်ဖျော် မွှေးမွှေးလေး














ငါးပိရည် တခါကျိုတိုင်း အိမ်ထဲမှာ အနံ့တွေ ကျန်နေတတ်တဲ့အတွက် မာမာကတော့ တခါကျိုရင် ခပ်များများလေးကျိုပြီး လေလုံဗူးလေးတွေထဲ ထည့်ထားကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားပြီး သိမ်းထားတတ်တာမို့လို့ ဒီတခါလဲ ငါးပိရည် မွှေးမွှေးလေးနဲ့ ငါးပိရည်ဖျော် မွှေးမွှေးစပ်စပ်လေးရဲ့ ဖျော်စပ်ပုံလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် ၄လုံးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် လိုအပ်သော ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အထုတ်ကြီးကြီး လေးကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ
  4. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  5. ကြက်သွန်နီ - အနေတော် လေးလုံး
  6. ငရုတ်သီး အခြောက်တောင့် လှော်ပြီးသား - ဆယ်တောင့်ခန့်အ
  7. ရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကို အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်ဖုတ်ပေးပါ
  • ပြီးတာနဲ့ ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ပုဇွန်ထုတ်ကိုလဲ ရေဆေးကာ ကို မီးသွေးမီးဖိုရှိပါက အခွံများ ကျွမ်းအောင်ဖုတ်ပေးပါ သို့မဟုတ်
  • အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ပုဇွန်အခွံများခွာကာ ခေါင်းများဖြုတ်ထားပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ မညက်တညက် ထောင်းပေးထားပါ
  • ခရမ်းချဉ်သီးကိုလဲ အပေါ်အခွံ ကျွမ်းတဲ့အထိ မီးဖုတ်ပေးပြီး အခွံများကွာသွားအောင် ရေဆေးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ပုဇွန်ထုတ် ငရုတ်သီး အလှော်တောင့် အရသာမှုန့် ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူတို့ကို ဘလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက်မသုံးချင်ပါက ငရုတ်ဆုံ ကြီးကြီးထဲမှာ ထည့်ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲ ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • တခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြိးသိမ်းထားပါ
  • အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment