Friday 3 August 2018

အုန်းနို့ခေါက်ဆွဲ








ဒီနေ့တော့ ကျောင်းနှစ်ပါတ်ပိတ်တုန်း အိမ်ကိုခန ပြန်လာတဲ့ သမီးငယ်လေး စားချင်တယ်ဆိုတာနဲ့ အုန်းနို့များများထည့်ပြီး အုန်းနို့ခေါက်ဆွဲ စိမ့်စိမ့်လေးကို ချက်စားဖြစ်ပါတယ်။

ဒါကြောင့်မို့လို့  အိမ်မှာမကြာမကြာ ချက်စားဖြစ်တဲ့ ကြက်သားများများ အုန်းနို့နိုင်နိုင်နဲ့ ချက်ထားတဲ့ အုန်းနို့ခေါက်ဆွဲ အလွယ်ချက်နည်းလေးကို ထပ်မံပြီး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (၆ပွဲစာ )

  1. ကြက်ရင်ပုံသား - 150 g
  2. ကြက်တောင်ပံရိုး - 300 g
  3. ခေါက်ဆွဲဖတ် -  တစ်ကီလို
  4. ကြက်သွန်နီ - အလုံးကြီးကြီး ၃လုံး (အုန်းနို့ခေါက်ဆွဲနှင့် တွဲစားရန်)
  5. ကြက်သွန်နီ - အနေတော် ၂လုံး ( ငရုတ်သီးနှင့် ရောထောင်းရန်)
  6. ကြက်သွန်နီ - ခပ်သေးသေး ၆လုံး (ဟင်းရည်အိုးထဲထည့်ရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ (ငရုတ်သီးနှင့် ရောထောင်းရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၅ဇွန်း (ကြက်သားအရသာနယ်ရန်နှင့် ဟင်းရည်အိုးထဲထည့်ရန်)
  9. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. ဆား - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  11. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၃ ဇွန်းခွဲ (ငရုတ်သီးဆီသတ်ရန်)
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ငါးငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
  14. အုန်းနို.- 400 ml တစ်ဗူး
  15. ကုလားပဲ အစိမ်းမှုန့် - ထမင်းစားဇွန်း ၈ ဇွန်း
  16. ဆီ - ဟင်းခပ်ဇွန်း ၃ ဇွန်းခွဲ
  17. နံနံပင် - မိမိနှစ်သက်သလောက်
  18. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  19. ကြက်ဥ - ၈လုံး
  20. ပဲကြော် - မိမိနှစ်သက်သလောက်
  21. ငါးဖယ်ကြော် - မိမိနှစ်သက်သလောက်
  22. သံပုရာသီး - မိမိနှစ်သက်သလောက်
  23. ရေ - လိုသလောက် သုံးပေးပါ
ကြက်သားပြုပ်ရန်

  1. ကြက်သားနှင့် ကြက်ရိုးများကို ရေဆေးပြီး အိုးထဲထည့်ထားပါ
  2. ပြီးတာနဲ့ ကြက်ရိုးနှင့် ကြက်သားများကို ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  3. အရသာဝင်အောင် နယ်ဖတ်ပေးပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  4. ကြက်သားပြုပ်အိုး အရမ်းမနူးသေးခင် မီးပိတ်ပြီး ကြက်သားနှင့် ကြက်ရိုးများကို ဆယ်ပြီး အအေးခံပေးပါ
  5. ကြက်သားများကို အသားအမွှာလေးတွေ ရလာအောင် ထွင်ပေးထားပါ
  6. ကြက်ရိုးများကိုတော့ ဒီအတိုင်းဘဲ ထားပေးပါ

ပြင်ဆင်ပုံ
  1. ခေါက်ဆွဲကို အဆင်သင့် ပြင်ထားပါ 
  2. ကြက်ဥများကို ကျက်အောင်ပြုပ်ထားပြီး အအေးခံကာ အခွံခွာထားပါ
  3. ကြက်သွန်နီ အနေတော် ၂လုံးကို ဆီသတ်ရန်အတွက် အခွံခွာထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  5. အခွံခွာထားသော ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းထားပါ
  6. ကြက်သွန်နီ အသေး၆လုံးကို ဟင်းရည်အိုးထဲထည့်ရန် အခွံခွာပြီး ရေဆေးထားပါ
  7. ကြက်သွန်နီ ခပ်ကြီးကြီး သုံးလုံးကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  8. အရသာမှုန့် သကြား ဆား ငရုတ်သီး အရောင်တင်မှုန့် နနွင်းမှုန့် ငါးငံပြာရည် အုန်းနို့ ကုလားပဲအစိမ်းမှုန့် ဆီတို့ကို ပြင်ထားပါ
  9. ကုလားပဲမှုန့် အစိမ်းမှုန့်ကို ရေ (500 ml) နှင့် ပျော်သွားအောင် ဖျော်ထားပါ
  10. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  11. ဆီပူလာတာနဲ့ နနွင်းမှုန့်နှင့် ထောင်းထားသော ငရုတ်သီးကို ထည့်မွှေပေးပါ
  12. ဆီသတ်နံ့ မွှေးလာတာနဲ့ ပြုပ်ပြီးအသားထွင်ထားသော ကြက်သားနှင့် ကြက်ရိုးများကို ထည့်ပြီး ဆီသတ်ပေးပါ
  13. ဆီသတ်တာ မွှေးလာတာနဲ့ မီးပိတ်ပေးပါ
  14. ဇောက်နက်သော အိုးထဲမှာ ရေ 1500 mlနှင့် ကြက်သားပြုပ်ရည်တို့ကို ပွက်ပွက်ဆူအောင် တည်ထားပါ
  15. ရေပွက်ပွက် ဆူလာတာနဲ့ ဆီသတ်ထားသော ကြက်သားများကို ထည့်ပြီးတည်ပေးပါ
  16. လေး ငါး မိနစ်ခန့် ရေဆူလာပါက ကြက်သွန်နီဥအသေး ဆား သကြား အရသာမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်းနှင့် အရည်ဖျော်ထားသော ကုလားပဲမှုန့် အရည်ကို လောင်းထည့်ကာ အဆက်မပြတ် လေး ငါးမိနစ်လောက် မွှေပေးပါ 
  17. ပြီးတာနဲ့ အုန်းနို့ရည်ဗူးကို လောင်းထည့်ပေးပြီး မီးအနေတော် လျှော့ပေးကာ အိုးအဖုံး မဖုံးဘဲ ဆက်တည်ထားပါ။ 
  18. အုံးနို့ထည့်လိုက်တဲ့အတွက် ဟင်းရည်အိုး တည်ထားစဉ် ဝေမကျစေရန်နှင့် အိုးအောက်ချေ မကပ်စေရန် မကြာ မကြာ မွှေပေးပါ
  19. ပြုပ်ပြီး အခွံခွာထားသော ကြက်ဥ ၂လုံးကို မထူမပါး လှီးပေးပြီး ဟင်းရည်အိုးထဲ ထည့်ကာ မွှေပေးပါ
  20. ဟင်းရည်အိုး ဆူနေချိန် အရည်အသား ကျလာပါက အရသာမြည်းပေးကာ လိုသလို ပြင်ပေးပြီး ဟင်းရည်အိုးကို မီးပူတယ်ဆိုရုံလေးနဲ့ တည်ထားပေးပါ။
အုန်းနို့ခေါက်ဆွဲနှင့် တွဲစားရန်
  1. အခွံခွာပြီး ရေဆေးထားသော ကြက်သွန်နီ အကြီး ၃လုံးကို ခပ်ပါးပါး လှီးပေးပြီး ရေတစ်ထပ်နှင့် ထပ်ပြီးဆေးပေးကာ ရေစစ်ထားပါ
  2. နံနံပင်ကို အပင်လိုက် ရေဆေးပြီး ရေစစ်ကာ အနေတော် လှီးထားပေးပါ
  3. သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ပေးထားပါ
  4. ငရုတ်သီး အလှော်မှုန့်ကို ပြင်ပေးထားပါ
  5. ကြက်ဥပြုပ် အခွံခွာပြီးသားကို ထက်ဝက်ခြမ်းထားပါ
  6. ပဲကြော်နှင့် ငါးဖယ်ကြော်ကို ပြင်ထားပါ
  7. အားလုံး အဆင်သင့် ဖြစ်တာနဲ့ အုန်းနို့ခေါက်ဆွဲကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment