Sydney က သမီးဆီကို အလည်သွားတုန်း World Square ကို ရောက်သွားပါတယ် ဒီတော့ World Square ထဲက အေးရှန်းဆိုင်ကို ရောက်တုန်း စားချင်တာလေးတွေ ဝယ်လာပြီး မြန်မာပြည် အလွမ်းပြေ စားချင်သလိုလေးတွေ ချက်စားဖြစ်ခဲ့တဲ့ အထဲက ဒီနေ့တော့ ပေါက်ပန်းဖြူ ပွင့် သုပ်စားဖြစ်တဲ့အတွက် ချဉ်ငံစပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပေါက်ပန်းဖြူပွင့် - အပွင့် နှစ်ဆယ်ခန့်
 - ကြက်သွန်နီ - အနေတော် တစ်လုံး
 - နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်း
 - ဆား - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
 - အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
 - သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
 - မြေပဲလှော် - အစေ့ နှစ်ဆယ်ခန့်
 - ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
 - ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
 - ငရုတ်သီးအနီ ဆီချက် - ထမင်းစားဇွန်း တဝစ်က်
 - ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
 
ပြင်ဆင်ပုံ
- ပေါက်ပန်းဖြူပွင့်ကို အထဲမှ ဝတ်ဆံလေးတွေ ဖယ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
 - အိုးတစ်လုံးထဲမှာ ပေါက်ပန်းဖြူ ပွင့်များထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
 - ရေကို ပွက်ပွက်ဆူအောင် တည်ပေးပြီး ပေါက်ပန်းဖြူပွင့်များ နူးအောင်ပြုပ်ပေးပါ
 - ပေါက်ပန်းဖြူပွင့်များ နွမ်းလာပါက ပြုပ်ထားသော ရေများကို သွန်ပေးပါ
 - ပြီးတာနဲ့ ရေအေးနှင့် ဆေးထားကာ ရေကုန်အောင် ညှစ်ပေးထားပါ
 - ကြက်သွန်နီကို အခွံခွာပြီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
 - နှမ်းအဖြူကို မီးအေးအေးနှင့် ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးထားပါ
 - မြေပဲလှော်ကို အခွံခြွတ်ပြီး သန့်ပေးထားပါ
 - သံပုရာရည်ကို ပြင်ထားပါ
 - ပါဝင်ပစ္စည်း အားလုံးကို ပြင်ထားပါ
 - အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
 - အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တစ်ခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ သတ်သတ်လွတ် ပေါက်ပန်းဖြူ ပွင့်သုပ် ချဉ်ငံစပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
 



No comments:
Post a Comment