Thursday, 23 November 2017

ထောပါတ်နံ့သင်းနေတဲ့ ကြက်သားကင်









ဒီနေ့တော့ butter chickenအနှစ်နဲ့ အရသာသွင်းကာ ကြက်သားလေး ကင်ဖြစ်တဲ့အတွက် ထမင်းကတော့ စားလို့ကောင်းခဲ့ပြန်ပါတယ် အရသာကမွှေးပြီး စပ်စပ်လေးမို့လို့ butter chicken အရသာ ရယ်ဒီမိတ် ပုလင်းလေး ရခဲ့ရင်တော့ ကြက်ကင်လေး ကင်စားကြည့်စေချင်ပါတယ်ရှင် အရသာစပ်နည်း ပုံတွေကိုတော့ အရင်တခါက ချက်နည်းတင်ထားတဲ့ ပုံတွေကိုဘဲ သုံးထားပါတယ်။

ကင်တဲ့အခါ အသားများတူးပြီး မကပ်သွားစေရန် baking paper ကိုသုံးပြီး ကင်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား  - 350g
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • Butter chicken - ထမင်းစားဇွန်း ၃ဇွန်း
  • သံပုရာရည် ထမင်းစားဇွန်း တဇွန်းခွဲ
  • ထောပါတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  • အကင်အိုး သို့မဟုတ် အောက်ခြေထူသော ဒယ်အိုး
  • ဝါးဒုတ်ချောင်း - လိုသလောက်
  • Baking paper - လိုသလောက်

ပြင်ဆင်ပုံ
  1. ကြက်ရင်ပုံသားကို ရေဆေးပြီး ပုံပါအတိုင်း အမြှောင်းရှည်ရှည်လေးတွေ တုံးပေးပါ
  2. တုံးထားသော ကြက်သားကို ဆား butter chicken အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
  3. မကင်ခင် ရေ၃နာရီလောက် စိမ်ထားသော အကင်ဝါးချောင်းလေးတွေမှာ အသားတုံးလေးတွေကို ထိုးပေးပါ
  4. ဘာဘီကျူး အကင်အိုးနှင့် ကင်ပါက အကင်အိုးကို အပူပေးပြီး ဆီအနည်းငယ်သုပ်ပေးပါ
  5. အကင်အိုး မရှိပါက အောက်ခြေထူပြီး မကပ်သော အိုးတလုံးကို အသုံးပြုပြီး ကင်ပေးပါ
  6. မာမာကတော့ ဆေးရတာလွယ်ကူတဲ့ အောက်ခြေထူသော ဒယ်အိုးကိုသုံးပြီး ကင်ထားပါတယ်
  7. ဒယ်အိုးပေါ်မှာ baking paper ကို ဖြန့်ခင်းပေးပြီး အိုးကို low heat နှင့်  အပူပေးပါ
  8. အပူပေးထားသော ဒယ်အိုးထဲမှာ Baking paper ဖြန့်ခင်းပြီး ထောပါတ်ခဲကိုထည့်ပြီး အပူပေးပါ
  9. ထောပါတ်ခဲ ပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ကြက်သားကို အကင်အိုးထဲထည့်ပြီး ကင်ပေးပါ
  10. ကင်နေစဉ် အကျက်ညီစေရန် အိုးအဖုံးကို ဖုံးထားပေးပါ
  11. ကြက်သားကင် တဖက်ကို ၃မိနစ်လောက် အပူပေးပြီး ကြက်သား အပေါ်ယံကို အိုးထဲမှ ထောပါတ်ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပေးပါ
  12. နောက်တဖက်ကိုလဲ ၃မိနစ်လောက်ကင်ပေးပြီးရင် ထောပါတ်နံ့သင်းနေသော ကြက်သားကင်မွှေးမွှေးလေး ရပါပြီ။

Wednesday, 22 November 2017

Teriyaki Chicken အစိမ်းကြော်








ကျောင်းတဖက် အိမ်အလုပ်တဖက်နဲ့ တခါတလေ ဟင်းချက်တာတောင် ကရောသောပါး ချက်ရတဲ့ရက်လေးတွေ ရှိပါတယ် အဲဒီလို ရက်မျိုး ဆိုရင်တော့ အသားနဲ့အသီးအရွက် တခါထဲ ရောချက်ပြီး ထမင်းမိန်အောင် ဖန်တီးရပြန်တာဘဲ ဒီနေ့တော့ အသားနဲ့အသီးအရွက် တခါထဲ ရောကြော်ဖို့ Teriyaki Chicken အစိမ်းကြော် ကြော်နည်းလေး တင်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား - 200 g
  • ကြက်သွန်နီ - အနေတော် ၁ဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • မုံလာဥနီ - အနေတော် တဥ
  • ဇူကီးနီ - တဥ
  • ပဲတောင့်ရှည် - ၁၅တောင့်
  • ဘလိုကိုလီ - အနေတော် ၃ခက်
  • မှို - ၇ပွင့်
  • ချင်း - ခပ်ပါးပါး နှစ်ပြား
  • Teriyakiအနှစ် - ထမင်းစားဇွန်း ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း 


ပြင်ဆင်ပုံ
  • ကြက်သားကို အရိုးထုတ်ကာ အနေတော် အတုံးလေးတွေတုံးပြီး ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်တို့နှင့် အရသာ အနည်းငယ်နယ်ကာ Teriyaki အနှစ်နှင့်နယ်ပေးပြီး နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • အခြားအသီးအနှံတွေကိုလည်း ရေဆေးကာ အနေတော် လှီးထားပါ
  • ချင်းကိုလဲ အခွံခွာကာ ညက်နေအောင် ထောင်းထားပါ
  • ဒယ်အိုးတစ်လုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ချင်းကို ဆီသတ်ပြီး အရသာနယ်ထားသော ကြက်သားကို ထည့်ကြော်ပါ
  • ကြက်သားအသားမာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်က ရေခမ်းအောင် တည်ပေးပါ
  • ရေခမ်းတာနဲ့ အသီးအရွက်များကို ထည့်ပေးပါ
  • အသီးအရွက်များကို အရမ်းမကျက်စေဘဲ  အနည်းငယ် နွမ်းသွားပါက မီးပိတ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • အလွန်စားကောင်းလို့ကောင်းတဲ့Teriyaki ကြက်သား အသီးအရွက် အစိမ်းကြော်လေး ရပါပြီ။
  • ၀က်သားစားပါက ကြက်သားအစား ဝက်သားအစားထိုးပြီး ကြော်နိုင်သလို အချိုမှုန့် မစားပါက ကြက်သားမှုန့် သကြားတို့တို့ကို အစားထိုးပြီး ကြော်ပေးပါ

Friday, 17 November 2017

ငရုတ်သီးစိမ်း အစပ်ကြိတ်





အရမ်းစပ်ပြီး မွှေးလွန်းတဲ့ ငရုတ်သီးစိမ်းလေးတွေ $20 ဖိုးဝယ်လာတာ တခါထဲလဲ စားမကုန်လေတော့ အိမ်ရောက်ပြီး ၂ရက်လောက်နေတာနဲ့ အနီရောင်တွေ ဖြစ်လာလေတော့ တာရှည်ခံပြီး  လိုတဲ့အခါ သုံးနိုင်လေအောင် ဗလင်ဒါထဲထည့်ပြီးကြိတ်ကာ သိမ်းဖို့ပြင်ဆင်ရပြန်ပါတယ်။

အရမ်းဘဲစပ်လွန်းတဲ့ အသီးလေးတွေမို့ အစပ်စားပြီး အစပ်အရမ်းကြိုက်တဲ့ မာမာ့အတွက်တော့ အရမ်းကို အဖိုးတန်လွန်းပါတယ် ဒါကြောင့်မို့လို့ လိုချင်တဲ့ အချိန်မှာ အလွယ်တကူရပြီး အဆင်ပြေနိုင်အောင် ငရုတ်သီးစိမ်းလေးတွေကို ဗလင်ဒါနဲ့ ကြိတ်ပြီး သိမ်းပါမယ် ရခိုင်မုန့်တီနဲ့စားမလား ငါးပိရည်ဖျော်မလား ဟင်းချက်မလား ဘယ်နေရာသုံးသုံး အသုံးဝင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • အရမ်းစပ်သော ငရုတ်​သီးစိမ်း - တကီလို
  • ဆား - ထမင်းစားဇွန်း တဝက်
  • ငရုတ်သီးစိမ်းများကို အရင်ဆုံး ရေဆေးထားပါ
  • ပြီးတော့မှ ပုံပါအတိုင်း တတောင့်ခြင်း အညှာခြွေပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြိတ်စက်အဆင်ပြေပါက ကြိတ်စက်နှင့် ကြိတ်ပေးပါ
  • ကြိတ်စက် အဆင်မပြေပါက ငရုတ်ဆုံနှင့် ထောင်းပေးပါ
  • ငရုတ်ဆုံနှင့်ထောင်းပါက လက်ပူတဲ့အတွက် လက်အိတ်စွတ်ပြီးမှ ထောင်းပေးပါ
  • ဗလင်​ဒါနှင့် ကြိတ်မည်ဆိုပါက ဗလင်ဒါထဲထည့်ပြီး မိမိနှစ်​သက်​တဲ့ အ​နေအထားရ​အောင်​ ကြိတ်​ပေးပါ
  • ငရုတ်ဆုံနှင့် ထောင်းလျှင်လည်း အားလုံးကိုရောကာ မိမိနှစ်သက်တဲ့ အနေအထားရအောင် ထောင်းပေးပါ
  • လိုချင်သည့် အနေအထားရပါက အားလုံးအဆင်​သင့်​ ဖြစ်​တာနဲ့ တခါချက်​စာ အထုတ်​လေး​တွေကို လေလုံသော အိတ်​လေးများထဲ ထည့်​​ပေးပါ
  • ဟင်းချက်​ရန်နှင့် ငါးပိရည်ဖျော်ရန်တွင်​ သုံးရန်​အတွက်​ လေလုံအိတ်ထဲ ထည့်ထားသော အထုတ်များကို ​ရေခဲ​သေတ္တာ ခဲသောအကန့်ထဲမှာ ထည့်ခဲထားပါ
  • မိမိအသုံးပြုမည်ဆိုပါက ထိုအထုတ်လေးကို ၂နာရီလောက် ကြိုထုတ်ထားပေးပါ
  • ခဲနေတာတွေ ပျော်လာပါမှ ဟင်းချက်ရန်နှင့် မိမိလိုရာတွင် သုံးရန်အတွက် စပ်ပြီးမွှေးနေတဲ့ ငရုတ်သီးစိမ်းကြိတ်ပြီးသားလေးကို အဆင်သင့် ရပါပြီ။

Thursday, 16 November 2017

ငှက်ပျောဖူး အရည်ဆမ်း


ဒီနေ့တော့ ငှက်ပျောဖူးကို ချဉ်ငံစပ်လေး ချက်ပါတယ် ငါးပိချက်ယောင်ယောင်လေးမို့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့ ဟင်းပွဲလေးပါ ချဉ်ငံစပ်လေး ကြိုက်တယ်ဆိုရင်တော့ ချက်စားကြည့်စချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောဖူး - အနေတော် တဖူး
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ပန်းကန်လုံး တလုံးသာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
  • ဆား - ထမင်းစားဇွန်း ၂ဇွန်း (ငှက်ပျောဖူးဆေးရန်)
ပြင်ဆင်ပုံ
  • ရင့်နေသော အဖတ်များဖယ်ကာ သန့်စင်ပြီးသား ငှက်ပျောဖူး အနုများကိုများကို ခပ်ပါးပါး လှီးပေးပါ
  • လှီးပြီးတာနဲ့ ဆားထမင်းစားဇွန်း ၂ဇွန်းခန့်ထည့်ပြီး ခပ်နာနာနယ်ပေးပါ
  • နယ်ပြီးသောအခါ မည်းမည်းအရည်များ ကုန်သွားအောင် ရေစင်အောင်ဆေးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် ထောင်းထားပေးပါ
  • မကျည်းသီးမှည့်ကို ရေစိမ်ထားပေးပါ
  • ပုဇွန်ငါးပိကို ပြင်ထားပေးပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးထဲ နနွင်းမှုန့်နှင့် ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို အနည်းငယ် ကြော်လိုက်ပါ
  • ကြော်နေစဉ်မှာ အရမ်းညှော်တတ်တဲ့အတွက် လေဝင်တခါးများကို ဖွင့်ထားပေးပါ
  • ကြက်သွန်များ အနည်းငယ် နွမ်းတာနဲ့ ပုဇွန်ငါးပိကိုထည့်မွှေပေးပါ
  • ပုဇွန်ငါးပိများ သမသွားတာနဲ့ ငှက်ပျောဖူးနှင့် အရသာမှုန့်ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ငှက်ပျောဖူးများ နူးအောင် အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ဟင်းအိုးထဲ ထည့်ထားသော အရည်များ ခမ်းလာတာနဲ့ မကျည်းသီးမှည့် အရည်ထည့်ပေးပြီး အရသာမြည်းပေးပါ
  • အရသာ ပေါ့နေပါက ငံပြာရည် ထည့်ပေးပါ
  • မကျည်းမှည့်ရည် မခမ်းခင် မီးပိတ်ပေးပြီး ပူပူစပ်စပ် ချဉ်ငံစပ်နေတဲ့ ငှက်ပျောဖူး ရခိုင်ချက် ဟင်းပွဲကို ပြင်ပေးနိုင်ပါပြီ။

Wednesday, 15 November 2017

ကညွှတ်ကြော်



အင်မတန်မှ ဈေးကြီးသော်လဲ စားချင်လာတဲ့အခါ ရံဖန်ရံခါ ကြော်စားဖြစ်တဲ့ ကညွှတ်ကြော်လေးပါ မာမာကတော့ ကညွှတ်ကြော်ဆိုရင် အသားမထည့်ဘဲ သတ်သတ်လွတ်ကြော်ပြီး စားရတာကို ပိုပြီးကြိုက်တဲ့အတွက် မာမာကြော်တဲ့ လွယ်ကူမြန်ဆန် သတ်သတ်လွတ်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကညွှတ် - ၁၀ပင်ခန့်
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
ပြင်ဆင်ပုံ
  1. ကညွှတ်ကို အပင်လိုက် ရေဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပေးပါ
  3. ပြီးတာနဲ့ အပင်ကို စဉ့်နီတုန်းပေါ်တင်ကာ ခပ်လေးလေး အပြားကြီးသော ဓါးနှင့် ဓါးပြားရိုက်ပေးပါ
  4. ဓါးပြားရိုက်ပြီးတာနဲ့ အနေတော် ပိုင်းဖြတ်ထားပေးပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  7. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  8. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို နွမ်းရုံလေး ထည့်ကြော်ပါ
  9. ပြီးတာနဲ့ ကညွှတ်များထည့်ပြီး ဆားနှင့် အရသာမှုန့်ထည့်မွှေပါ
  10. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ငရုတ်ကောင်းမှုန့်ထည့်မွှေကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  11. ပြီးတာနဲ့ ကညွှတ်ကြော်ကို ပူနေတုန်းလေး ကြက်သားပဲငပိကြော်နှင့် တွဲဖက်ကာ နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Tuesday, 14 November 2017

ကြက်သားဟင်း









ဒီနေ့တော့ butter chicken နဲ့ အရသာသွင်းကာ ကြက်သားဟင်းလေးတမယ် ချက်ဖြစ်တဲ့အတွက် ထမင်းကတော့စားလို့ မိန်ခဲ့ပြန်ပါတယ် အရသာကမွှေးပြီး စပ်စပ်လေးမို့လို့ butter chicken အရသာ ရယ်ဒီမိတ်ပုလင်းလေး ရခဲ့ရင်တော့ ကြက်သားဟင်းလေး ချက်စားကြည့်စေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား  - 350g
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • Butter chicken - ထမင်းစားဇွန်း ၃ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်းခန့်

ပြင်ဆင်ပုံ
  1. ကြက်ရင်ပုံသားကို ရေဆေးပြီး ပုံပါအတိုင်း အမြှောင်းရှည်ရှည်လေးတွေ တုံးပေးပါ
  2. တုံးထားသော ကြက်သားကို ဆား butter chicken အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
  3. ဇောက်အနည်းငယ်နက်သော အိုးတလုံးထဲမှာ  ဆီကိုအပူပေးပါ
  4. ဆီပူလာတာနဲ့ ကြက်သားကိုထည့်ပြီး အသားများမာလာအောင် တဖက်စီ လှည့်ပြီး တည်ပေးပါ
  5. အသားများ မာလာပြီ ဆိုတာနဲ့ ကြက်သားထဲကို  ရေအနည်းထည့်ကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
  6. ရေကို နည်းနည်းချင်းစီ ထည့်ပေးပြီး ကြက်သား နူးတဲ့အထိ တည်ပေးပါ
  7. ကြက်သား အသားများ နူးလာပြီး ရေမခမ်းခင် အရသာ မြည်းကာ လိုသလိုပြင်ပေးပြီး ဆီကျန်ရေကျန် ဖြစ်လာတာနဲ့ မီးပိတ်ပေးပြီး သုံးဆောင်ရန် ပြင်နိုင်ပါပြီ။

Monday, 13 November 2017

သီးရွက်စုံ ဟင်းချိုရည်


ဟင်းရည်လေးပါမှ ထမင်းက မိန်တတ်တာမို့ ဒီနေ့တော့ ကြက်သားပြုပ်ပြီး ဟင်းရည်ချိုချိုလေးချက်ကာ အရည်သောက်ဆမ်းလေး တမယ်ချက်ဖြစ်ပါတယ် အရသာ လျှာကသိ ဆိုသလိုပါဘဲ ပူစပ်ပြီး မွှေးနေကာ ဟင်းရည်ချိုနေတဲ့ မာမာ့အိမ်ချက် ဟင်းချိုရည် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်ကြိတ်သား - 150g
  • အရိုးအသား အရည်ပြားတွဲရက် ကြက်သား - 150 g
  • ပဒဲကော - အနည်းငယ်
  • မှို - ဆယ်ပွင့်ခန့်
  • ဘရိုကိုလီ - ၁၀ခက်ခန့်
  • ပဲပင်ပေါက် တရုတ်ဟင်းပြင်ပန်းကန် တလုံးစာ
  • ပဲပြား - တတုံး
  • ကန်စွန်းရွက် - မိမိနှစ်သက်သလောက်
  • သခွားသီး - ခပ်ကြီးကြီး တလုံး
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ
  • ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ( ကြက်ကြိတ်သားထဲ ထည့်ရန် )
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ (ဟင်းရည်အိုးထဲထည့်ရန်)
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (ကြက်ကြိတ်သားထဲ ထည့်ရန်)
  • အရသာမှုန့် လက်ဖက်ရည်ဇွန် တဇွန်းသာသာ (ဟင်းရည်အိုးထဲထည့်ရန်)
  • ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တ၀က်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ကြက်သားလုံးလုပ်ရန်
  • ကြက်ကြိတ်သား 100g 
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်
  • ပြောင်းကော်မှုန့် ထမင်းစားဇွန်း တ၀က်သာသာ
ပြင်ဆင်ပုံ
  • အရိုးအသားတွဲရက် ကြက်သားကို အနေတော်ခုတ်ပြီး ရေဆေးကာ အိုးထဲထည့်ပါ
  • ပဒဲကောကို ခပ်ပါးပါးလေးတွေရအောင် ၇ချပ်လောက်လှီးပြီး ဟင်းရည်အိုးထဲ ထည့်ပြုပ်ပါ
  • ဆား အရသာမှုန့် နနွင်းမှုန့်တို့နှင့် အရသာနယ်ပေးပြီး ရေအနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  • ကြက်ပြုပ်ရည် ပွက်ပွက်ဆူလာတာနဲ့ ဟင်းရည်ချိုစေရန် သခွားသီးကို အခွံခွာပြီး ခပ်ပါးပါး လှီးထည့်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ၈စိတ်စိတ်ကာ ဟင်းရည်အိုးထဲ ထည့်ပြီးပေးပြီး တည်ပေးပါ
  • ကြက်သွန်များနူးတာနဲ့ ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်လုံး သုံးလုံးစာသာသာထည့်ပြီး ဆက်တည်ပေးပါ
  • ဟင်းရည်အိုး တည်ထားတုန်း ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်ကြိတ်သားကို ဆား အရသာမှုန့် ပြောင်းကော်မှုန့်တို့နဲ့ နယ်ထားပေးပါ
  • အရသာနယ်ထားသော ကြက်ကြိတ်သားကို အနေတော် အလုံးလေးတွေ လုံးထားပါ
  • ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  • ဘလိုကိုလီကို အခက်လေးတွေ ရအောင်လှီးပြီး ရေဆေးထားပါ
  • ပဲပင်ပေါက်နှင့် ကန်စွန်းရွက်ကို ရေဆေးထားပါ
  • ပဲပြားကို အနေတော် တုံးထားပါ
  • မှိုကိုရေဆေးပြီး ခပ်ထူထူ လှီးထားပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ၁၀မိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ ပဲပြား ကြက်သားလုံးများကို ထည့်ပြီး ၃မိနစ်လောက် အဖုံးအုပ်ထားပါ
  • ကြက်သားလုံး ကျက်တာနဲ့ ဘလိုကိုလီနှင့် မှိုထည့်ပြီး ၃မိနစ်လောက် ရေဆူအောင်တည်ပေးပါ
  • ဟင်းရည်ဆူလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ခပ်ပြီး ဟင်းပြင်ပန်းကန်ထဲမှာ မိမိနှစ်သက်သလို အသီးအရွက်များထည့်ကာပဒဲကောနံ့ သင်းနေတဲ့ ကြက်ပြုပ်ရည်ကို လောင်းထည့်ပေးပြီး  ဟင်းရည်ပွဲပြင်ပေးကာ ပူပူလေး သောက်နိုင်ပါပြီ။

Sunday, 12 November 2017

ချဉ်ငံစပ် သရက်သီးသုပ်



သရက်သီး ပေါ်တုန်းလေး အမျိုးမျိုး လုပ်စားဖြစ်သလို ဒီနေ့တော့ သရက်သီး အစိမ့်သုပ်လေးသုပ်ကာ ဒန့်ဒလွန်သီး ဟင်းခါးလေးနဲ့ လိုက်ဖက်လွန်းပြီး ချဉ်ငံစပ်ပြီး မွှေးနေတဲ့ သရက်သီးစိမ်းသုပ် သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်​ပစ္စည်းများ

  • သရက်သီးစိမ်း - ခပ်ကြီးကြီး တလုံး
  • အရသာမှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီး အလှော်မှုန့် -  စားနိုင်သလောက်
  • နှမ်းဖြူလှော်ထောင်း -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • မြေပဲလှော်ထောင်း - လက်ဖက်ရည်ဇွန် ၃ ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • မြေပဲဆီစိမ်း - ထမင်းစားဇွန်း ၂ ဇွန်း
ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အညှာဖက်မှလှီးပြီး ရေနိုင်နိုင်ဆေးကာ အစေးထုတ်ပေးပါ
  • ပြီးတာနဲ့ အခွံခွာကာ သရက်သီးခြစ်နှင့် ခြစ်ပေးပါ
  • နှမ်းဖြူကို နီညိုလေးသန်းအောင် လှော်ပေးပြီး ထောင်းထားပါ
  • မြေပဲလှော်ပြီးသားကို ညက်နေအောင် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်​ပစ္စည်းများ အားလုံးကို ဇလုံတလုံးထဲထည့်ကာ ဖွဖွလေးရောနယ်ပေးပါ
  • ပြီးလျှင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
  • ဒန့်ဒလွန်သီးဟင်းခါးနှင့် တွဲဖက်စားရန် အရသာရှိလှသော မြေပဲနှမ်းထောင်း သရက်သီးသုပ်လေးကို စားသုံးရန် အသင့် ပြင်ပေးနိုင်ပါပြီ။

Friday, 3 November 2017

ထမင်းခြောက်ကြော်





တခါတရံ ထမင်းတွေ ပိုနေတတ်တာမျိုး ကြုံရတတ်ပါတယ် အဲဒီအခါမျိုးမှာ မာမာကတော့ ခြောက်သွေ့နေအောင် နေလှန်းပြီး သိမ်းထားတတ်ပြီး စားချင်စိတ် ပေါ်လာတဲ့အခါမျိုးမှာတော့ ဆီများများနဲ့ကြော်စားရတာကို အရမ်းသဘောကျပါတယ်။
ထမင်းခြောက်ကြော်လို့ ပြောတော့ လွယ်လိုက်တာ လွယ်လွယ်လေးကို blog မှာ တင်ရသလားလို့ ထင်ကြမှာပါ အမှန်တကယ်လဲ ကြော်နည်းသိရင် ကြော်ရတာ လွယ်ပါတယ် ကြော်နည်းမသိရင်တော့ ထမင်းခြောက်ကြော်က ပွမနေဘဲ မာကျစ်ကျစ်ကြီး ဖြစ်နေတတ်တာမို့လို့ မာမာကြော်နေကျနည်းလေး မျှဝေလိုက်ပါတယ်။

ပြင်ဆင်ပုံ

  • လက်ကို ရေစိုတယ် ဆိုရုံလေးစွတ်ပြီး ထမင်းကြမ်းခဲကို အိုးထဲမှာဘဲ ခပ်ဖွဖွ ချေလိုက်ပါ
  • ပြီးတာနဲ့ စကော သို့ အဆင်ပြေမည့် ဗန်းတချပ်ထဲမှာ ဖျန့်ထည့်ပြီး နေပူပူမှာ လှမ်းပေးပါ
  • ခြောက်သွေ့နေအောင် လှန်းပေးပါ
  • ထမင်းခြောက်များ ရပြီဆိုတာနဲ့ လေလုံပုလင်းလေးများနှင့် သိမ်းထားနိုင်ပါတယ်
  • ကြော်စားမယ်ဆိုရင်တော့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီများလေ ထမင်းခြောက်ကြော်က ကြွတ်ပြီးပွလေမို့လို့ ဆီများများ သုံးပေးပါ
  • ဆီပူလာတာနဲ့ ထမင်းခြောက်ကို လက်တဆုတ်စာလောက်ကို ယူပြီး ဆီပူအိုး အလယ်တည့်တည့်ကို ထည့်ပေးပါ
  • ဆီအိုးထဲကို ထမင်းခြောက်များ တခါထဲ အများကြီး မထည့်မိရန် သတိပြုပါ
  • ထမင်းခြောက်ကို ဆီပူအိုးထဲ ထည့်ပြီးတာနဲ့ အလယ်တည့်တည့်မှ ဘေးဘက်သို့ ပွပြီးဖြာထွက်လာသော ထမင်းခြောက်ကြော်များကို ဆီစစ်ဇကာနှင့် အသာလေး စစ်ပြီးဆယ်ပေးပါ
  • ထိုနည်းအတိုင်း မိမိစားနိုင်သလောက်ကို ကြော်ပေးပါကာ ဆီစစ်ဇကာထဲမှာ ဆီစစ်ပေးပါ
  • ဆီစစ်ပြီ ဆိုတာနဲ့ ထမင်းခြောက်ကြော်ကို အအေးခံကာ လေလုံပုလင်းများဖြင့် ထည့်ပြီးသိမ်းထားနိုင်သလို ဆားအနည်းငယ်ဖြူးကာ ထမင်းခြောက်ကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

Wednesday, 1 November 2017

ကြက်သား အစိမ်းကြော်












ဟင်းများများ ချက်ရတာ ပျင်းတဲ့နေ့တွေဆို အခုလို ဟင်းတမယ်ထဲနဲ့ ထမင်းစားလို့ မြိန်ရလေအောင် အသီးအရွက်နဲ့အသား တပြိုင်ထဲတွဲပြီး ကြော်ဖြစ်ပြန်တာပါဘဲ မာမာကြော်တဲ့ အစိမ်းကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 200 g
  • ကြက်သွန်နီ - ၁ဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဂေါ်ဖီ - အနေတော်တစိတ်
  • မုံလာဥနီ - အနေတော် တဥ
  • ရွှေပဲသီး - ၁၀တောင့်
  • ပဲတောင့်ရှည် - ၁၅တောင့်
  • ဘလိုကိုလီ - အနေတော် ၃ခက်
  • ချင်း - အနည်းငယ်
  • ခရုဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ကော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • သကြား - ထမင်းစားဇွန်း ၂ဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ချိုချဉ်ကြော်ရန်)
  • ဆီ - လိုသလောက် (ကြက်သားကြော်ရန်)
  • ဂျုံမှုန့် - ထမင်းစားဇွန်း ၃ဇွန်းခန့်


ပြင်ဆင်ပုံ
  • ကြက်သားကို အနေတော် အတုံးလေးတွေတုံးပြီး ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်တို့နှင့် အရသာ အနည်းငယ်နယ်ကာ ခရုဆီနှင့်နယ်ပေးပြီး နှပ်ထားပေးပါ
  • ဂျုံမှုန့်ကို ပြင်ထားပါ
  • ကြက်သွန်နီကို လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • အခြားအသီးအနှံတွေကိုလည်း ရေဆေးကာ အနေတော် လှီးထားပါ
  • ချင်းကိုလဲ အခွံခွာကာ ညက်နေအောင် ထောင်းထားပါ
  • အရသာနယ်ထားသော ကြက်သားကို ဂျုံမှုန့်တွေထဲမှာ ကပ်လူးပေးပါ
  • ဂျုံမှုန့်ကပ်ထားသော ကြက်သားကို ဆီပူပူမှာ ရွှေရောင်ရအောင်ကြော်ယူပြီး ဆီစစ်ထားပါ
  • အခြားဒယ်အိုးတစ်လုံးကို ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ချင်းကို ဆီသတ်ပြီး အသီးအရွက်များကို ထည့်ကြော်ပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ကြော်ပြီး ဆယ်ထားသော ကြက်သားကြော်များ ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာသွင်းရန် ပါဝင်ပစ္စည်းများ ထည့်ပေးကာ မွှေပေးပါ
  • အရသာမြည်းပြီး လိုသလိုပြင်ကာ ခပ်မြန်မြန်လေး မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အရသာမြည်းပြီး လိုတဲ့အရသာ ပြင်ပေးပါ
  • အလွန်စားကောင်းလို့ကောင်းတဲ့ ကြက်သား အသီးအရွက် အစိမ်းကြော်လေး ရပါပြီ။
  • ၀က်သားစားပါက ကြက်သားအစား ဝက်သားအစားထိုးပြီး ကြော်နိုင်သလို အချိုမှုန့် မစားပါက ကြက်သားမှုန့် သကြားတို့တို့ကို အစားထိုးပြီး ကြော်ပေးပါ