Friday, 17 November 2017

ငရုတ်သီးစိမ်း အစပ်ကြိတ်





အရမ်းစပ်ပြီး မွှေးလွန်းတဲ့ ငရုတ်သီးစိမ်းလေးတွေ $20 ဖိုးဝယ်လာတာ တခါထဲလဲ စားမကုန်လေတော့ အိမ်ရောက်ပြီး ၂ရက်လောက်နေတာနဲ့ အနီရောင်တွေ ဖြစ်လာလေတော့ တာရှည်ခံပြီး  လိုတဲ့အခါ သုံးနိုင်လေအောင် ဗလင်ဒါထဲထည့်ပြီးကြိတ်ကာ သိမ်းဖို့ပြင်ဆင်ရပြန်ပါတယ်။

အရမ်းဘဲစပ်လွန်းတဲ့ အသီးလေးတွေမို့ အစပ်စားပြီး အစပ်အရမ်းကြိုက်တဲ့ မာမာ့အတွက်တော့ အရမ်းကို အဖိုးတန်လွန်းပါတယ် ဒါကြောင့်မို့လို့ လိုချင်တဲ့ အချိန်မှာ အလွယ်တကူရပြီး အဆင်ပြေနိုင်အောင် ငရုတ်သီးစိမ်းလေးတွေကို ဗလင်ဒါနဲ့ ကြိတ်ပြီး သိမ်းပါမယ် ရခိုင်မုန့်တီနဲ့စားမလား ငါးပိရည်ဖျော်မလား ဟင်းချက်မလား ဘယ်နေရာသုံးသုံး အသုံးဝင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • အရမ်းစပ်သော ငရုတ်​သီးစိမ်း - တကီလို
  • ဆား - ထမင်းစားဇွန်း တဝက်
  • ငရုတ်သီးစိမ်းများကို အရင်ဆုံး ရေဆေးထားပါ
  • ပြီးတော့မှ ပုံပါအတိုင်း တတောင့်ခြင်း အညှာခြွေပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြိတ်စက်အဆင်ပြေပါက ကြိတ်စက်နှင့် ကြိတ်ပေးပါ
  • ကြိတ်စက် အဆင်မပြေပါက ငရုတ်ဆုံနှင့် ထောင်းပေးပါ
  • ငရုတ်ဆုံနှင့်ထောင်းပါက လက်ပူတဲ့အတွက် လက်အိတ်စွတ်ပြီးမှ ထောင်းပေးပါ
  • ဗလင်​ဒါနှင့် ကြိတ်မည်ဆိုပါက ဗလင်ဒါထဲထည့်ပြီး မိမိနှစ်​သက်​တဲ့ အ​နေအထားရ​အောင်​ ကြိတ်​ပေးပါ
  • ငရုတ်ဆုံနှင့် ထောင်းလျှင်လည်း အားလုံးကိုရောကာ မိမိနှစ်သက်တဲ့ အနေအထားရအောင် ထောင်းပေးပါ
  • လိုချင်သည့် အနေအထားရပါက အားလုံးအဆင်​သင့်​ ဖြစ်​တာနဲ့ တခါချက်​စာ အထုတ်​လေး​တွေကို လေလုံသော အိတ်​လေးများထဲ ထည့်​​ပေးပါ
  • ဟင်းချက်​ရန်နှင့် ငါးပိရည်ဖျော်ရန်တွင်​ သုံးရန်​အတွက်​ လေလုံအိတ်ထဲ ထည့်ထားသော အထုတ်များကို ​ရေခဲ​သေတ္တာ ခဲသောအကန့်ထဲမှာ ထည့်ခဲထားပါ
  • မိမိအသုံးပြုမည်ဆိုပါက ထိုအထုတ်လေးကို ၂နာရီလောက် ကြိုထုတ်ထားပေးပါ
  • ခဲနေတာတွေ ပျော်လာပါမှ ဟင်းချက်ရန်နှင့် မိမိလိုရာတွင် သုံးရန်အတွက် စပ်ပြီးမွှေးနေတဲ့ ငရုတ်သီးစိမ်းကြိတ်ပြီးသားလေးကို အဆင်သင့် ရပါပြီ။

No comments:

Post a Comment