Wednesday 15 November 2017

ကညွှတ်ကြော်



အင်မတန်မှ ဈေးကြီးသော်လဲ စားချင်လာတဲ့အခါ ရံဖန်ရံခါ ကြော်စားဖြစ်တဲ့ ကညွှတ်ကြော်လေးပါ မာမာကတော့ ကညွှတ်ကြော်ဆိုရင် အသားမထည့်ဘဲ သတ်သတ်လွတ်ကြော်ပြီး စားရတာကို ပိုပြီးကြိုက်တဲ့အတွက် မာမာကြော်တဲ့ လွယ်ကူမြန်ဆန် သတ်သတ်လွတ်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကညွှတ် - ဆယ်ပင်ခန့်
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  8. ငရုတ်ကောင်းမှုန့် - အနည်းငယ်

ပြင်ဆင်ပုံ
  1. ကညွှတ်ကို အပင်လိုက် ရေဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပေးပါ
  3. ပြီးတာနဲ့ အပင်ကို စဉ့်နီတုန်းပေါ်တင်ကာ ခပ်လေးလေး အပြားကြီးသော ဓါးနှင့် ဓါးပြားရိုက်ပေးပါ
  4. ဓါးပြားရိုက်ပြီးတာနဲ့ အနေတော် ပိုင်းဖြတ်ထားပေးပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  7. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  8. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို နွမ်းရုံလေး ထည့်ကြော်ပါ
  9. ပြီးတာနဲ့ ကညွှတ်များထည့်ပြီး ဆားနှင့် အရသာမှုန့်ထည့်မွှေပါ
  10. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ငရုတ်ကောင်းမှုန့်ထည့်မွှေကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  11. ပြီးတာနဲ့ ကညွှတ်ကြော်ကို ပူနေတုန်းလေး ကြက်သားပဲငပိကြော်နှင့် တွဲဖက်ကာ နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment