Monday 29 February 2016

သင်္ဘောသီး ချဉ်ရည်ဟင်း






အိမ်က သင်္ဘောပင်လေး သီးနေတာ အသီးတွေ ပြွတ်နေတော့ အလုံးသေးတွေခူးပြီး သုပ်စားလိုက် ချဉ်ရည်ဟင်းချက်လိုက် ထောင်းစားလိုက်နဲ့ ဇိမ်ကျလိုက်တဲ့ ဖြစ်ခြင်းပေါ့ရှင် စိုက်လိုက် ခူးလိုက် အိမ်နောက်ဖေးက မာမာ့ဈေးဆိုင်လေးက လိုတရလေးပါ။

ဒီနေ့တော့ခြံထဲက ရုန်းပတေသီး သင်္ဘောသီးလေးတွေနဲ့ချက်ပြီး အင်မတန်စားလို့ကောင်းပြီး ထမင်းစားလို့ မိန်စေမဲ့ သင်္ဘောသီးစိမ်း ချဉ်ရည်ဟင်းလေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သင်္ဘောသီးစိမ်း - အနေတော် တစ်လုံး
  2. ရုန်းပတေသီး - ၈တောင့်
  3. ပုဇွန်ထုတ် - ၅ကောင်
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ -၂မွှာ
  6. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. မကျည်းသီးမှည့် - ကွမ်းသီဆံလုံးလောက်
  12. ဆီ - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ပုံ
  1. သင်္ဘောသီးကို အညှာဖက်မှ လှီးချပြီး ထွက်လာသော အစေးများ စင်သွားအောင် ရေနိုင်နိုင်ဆေးချပါ
  2. ရေဆေးပြီး အစေးကုန်ချိန်ကျမှ အခွံခွာကာ နောက်တစ်ခါ ရေဆေးပြီးမှ ပုံပါအတိုင်း လှီးပေးပါ
  3. ရုံးပတေသီးကို ရေဆေးပြီးမှ အညှာဖြတ်ကာ အနေတော် လှီးပေးထားပါ
  4. ကြက်သွန်ဖြူ ကြက်သွန်နီကို ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းပေးပါ
  5. မန်ကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် ခါဆေးပြီး ရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးသာသာနှင့် စိမ်ထားပါ
  6. ပုဇွန်ကို ရေဆေးပြီး ကြောဖက်မှ အမည်းကြောင်း ထုတ်ကာ ခေါင်းအခွံ ခွာပေးထားပါ
  7. ဇောက်နက်သော အိုးတစ်လုံးထဲမှာ သင်္ဘောသီးကို ဆား ငံပြာရည် ငရုတ်သီးထောင်း ဆီ အချိုမှုန့်တို့ကို ရောပြီး နယ်ပေးပါ
  8. အရသာ နယ်ထားသော အိုးထဲသို့ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  9. ရေဆူလာပြီး အသီးများ အိလာပါက ပုဇွန်ထုတ်ကို ထည့်မွှေကာ မိနစ်ဝက်လောက်ထားပါ
  10. ပြီးမှ ရေတရုတ်ဟင်းရည်သောက် ပန်းကန်လုံး တလုံးခွဲစာထည့်ပြီး ဆူအောင်တည်ပါ
  11. ရေဆူလာတာနဲ့ အဖတ်များဖယ်ကာ မကျည်းမှည့်ရည် ထည့်ပြီး နှစ်မိနစ်လောက် ရေဆူစေ၍ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  12.  ရုန်းပတေသီးထည့်ပြီး တမိနစ်လောက်ဆူပြီးတာနဲ့ သင်္ဘောသီးစိမ်း ချဉ်ရည်ဟင်းကို စားရန်ပြင်နိုင်ပါပြီ။

ကြက်သားကြော်





ဒီတစ်ခါတော့ သင်္ဘောသီး ချဉ်ရည်ဟင်းနဲ့ လိုက်ဖက်မဲ့ ကြက်သားကြော်လေး ကြော်ဖြစ်ပါတယ် ကြက်သားကို ဒီကြော်နည်းလေးအတိုင်း  ကြော်မိတိုင်း ပုရစ်ကြော် အရသာကို တမ်းတမိတာတော့ အမှန်ပါ။

ဒါကြောင့်မို့လို့ ပုရစ်ကြော်နဲ့ အရသာနဲ့ ဆင်လွန်းတဲ့ ချင်း ကြက်သွန်ဖြူနံ့ သင်းသင်းလေးနဲ့ ကြက်သားကြော်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ 

  1. အရည်ခွံပါသော ကြက်ပေါင်ရင်းသား - နှစ်စုံ
  2. ချင်း - ခပ်ပါးပါး နှစ်ပြား
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ကြက်သွန်ဖြူ  - ၅မွှာ
  6. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်သားကို အနေတော် ခုတ်ထားပြီး ရေဆေးကာ ရေခြောက်အောင် သုပ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ဇလုံတစ်လုံးထဲမှာကြက်သား ကြက်သားမှုန့် နနွင်းမှုန့် နှင့်ချင်းထောင်း တို့နှင့် နယ်ပြီး ဆယ့်ငါးမိနစ်လောက် နှပ်ထားပါ                  
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ 
  • ဆီပူလာက မီးကို အနည်းငယ်လျော့ပြီး မှ ကြက်သားကို တစ်တုံးချင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • အပေါ်ယံ အသားနည်းနည်း မာလာမှ တစ်ဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကြော်နေစဉ် ကြက်သွန်နှင့် ချင်းဖတ်များ ဘေးကိုထွက်လာလျှင် အပေါက်ပါသော ဇွန်းဖြင့် ဆယ်ပြီး ဆယ်ထားပါ
  • တစ်ဖက်က ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကျန်တဲ့တစ်ဖက်လဲ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ 
  • အားလုံးကြော်ပြီးသွားပါက ကြက်သားကြော်ရဲ့ အပေါ်မှာ ဆယ်ပြီးဆီစစ်ထားသော ချင်းနှင့် ကြက်သွန်ကြော်လေးများ ဖြူးပြီး စားသုံးရန်ပြင်ပေးပါ
  • အရည်ခွံ ကြွတ်ကြွတ်လေးနဲ့ ကြက်ကြော်လေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Sunday 28 February 2016

ရှမ်းနံနံအုပ် ပုဇွန်ဆုတ်ချဉ်ရည်ဟင်း








ပုဇွန်ထုတ်ကို ကြိတ်ပြီး အမွှေးနံ့သာတွေနဲ့ရောကာ ချဉ်ရည်ဟင်း တမယ်ချက်ထားပါတယ် ချက်နည်းကတော့ ချဉ်ရည်ဟင်း ချက်နည်းအတိုင်း ရိုးရိုးလေးပါဘဲ ဒါပေမဲ့ ချင်းနဲ့ပုဇွန် ရောပြီးထောင်းထားတဲ့ ပုဇွန်လုံးဟင်း အရသာက အရသာရှိလွန်းလို့မာမာပြင်ဆင်ပြီး ချက်ထားတဲ့  ချက်နည်းလေးကို မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် အကောင်ကြီးကြီး - ၈ကောင်ခန့်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ (၃မွှာကို ပုဇွန်ကြိတ်တဲ့ အထဲထည့်ရန် )
  3. ချင်း - လက်တစ်ဆစ်
  4. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. နနွင်းမှုန့် - လိုသလောက် သုံးပေးပါ
  6. ကြက်ဥ - တစ်လုံး
  7. ဆီ - ထမင်းစားဇွန်း ၇နှစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ကို ပုဇွန်ကြိတ်တဲ့ အထဲထည့်ရန်)
  10. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ကို ပုဇွန်ကြိတ်တဲ့ အထဲထည့်ရန် )
  12. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ပေးပါ
  2.  ကြောဖက်မှ အမည်းကြောင်းထုတ်ကာ ရေတစ်ထပ် ထပ်ဆေးထားပါ
  3. ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  4. ကြက်ဥကို အကာနှင့် အနှစ်ခွဲပြီး အကာကိုဘဲ သုံးပေးပါ
  5. ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  6. ဗလင်ဒါထဲမှာ ပုဇွန် ဆား အရသာမှုန့် ကြက်ဥအကာနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့ ထည့်ပေးကာ ညက်နေအောင် ကြိတ်ပေးပါ 
  7. စေးညက်လာတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပြီး cling wrap နဲ့အုပ်ပြီး  ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာထည့်ကာ နှစ်နာရီခန့် နှပ်ထားပါ
  8. ပုဇွန်ကြိတ်သား နှပ်ထားချိန် ပြည့်တာနဲ့ ကြော်ဖို့ ပြင်ပေးပါ
  9. ပုဇွန်ကြိတ်ပြီးသားကို အနေတော် အလုံးလေးများ လုံးပေးပါ
  10. ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ပြီး အပူပေးပါ
  11. ဆီပူလာတာနဲ့ လုံးထားသော ပုဇွန်လုံးလေးများကို ထည့်ကြော်ပေးပါ
  12. ပုဇွန်လုံး တစ်လုံးလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူ  ကြက်သွန်နီတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ သို့မဟုတ် ပုံပါအတိုင်း လှီးထားပါ
  2. ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  3. ရှမ်းနံနံကို ရေဆေးထားပါ
  4. ဇောက်နက်သောအိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်ပြီး အပူပေးပါ 
  5. ဆီပူထဲမှာ ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  6. ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်မွှေပေးပါ
  7. ခရမ်းချဉ်သီးကျေသွားတာနဲ့ ပုဇွန်လုံောကာ်း ငံပြာရည် ဆား အရသာမှုန့်တို့ ထည့်ကာမွှေပေးပါ
  8. အရသာများ ထည့်ပြီးပါက ပုဇွန်လုံးကို ရေမြုပ်အောင်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  9. ရေဆူလာတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်း၍ လိုသလိုပြင်ပေးကာ ရှမ်းနံနံအုပ်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Saturday 27 February 2016

ဆိတ်သား အစပ်ကြော်




အသားဟင်းအတွက် ဘာချက်ရင်ကောင်းမလဲ စဉ်းစားစဉ်းစားပြီး ဒီတခါတော့ ဆိတ်သားကို ချင်းအစပ်ကြော်ချက်လေး ချက်လိုက်တာမို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်

တကယ်တော့ အခုလိုချက်တာ အမဲသားနဲ့ချက်တဲ့ တရုတ်ဟင်းလျာ တမျိုးပါ မာမာက အမဲသားအစား ဆိတ်သားနဲ့ ချက်ထားတာပါ

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ
  4. ငရုတ်သီး အခြောက်တောင့် - ၆တောင့်
  5. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
  6. ချင်း - လက်မ၀က်ခန့်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  1. ဆိတ်သားကို လက်၂လုံးလောက်အနေအထား ရအောင်လှီးထားပါ
  2. လှီးထားသော ဆိတ်သားကို သံပုရာရည်ညှစ်ပြီး နယ်ထား၍ ၁၅မိနစ်လောက် နှပ်ထားကာ ပြီးတာနဲ့ ရေ ၂ထပ် ဆေးထားပါ
  3. ရေဆေးထားသော ဆိတ်သားကို ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ထားပါ
  4. ကြက်သွန်နီကို ခပ်ကြမ်းကြမ်း အဖတ်လေးများ ရအောင် လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာကာ ဓါးပြားရိုက်ပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  6. ချင်းကို အခွံခွာပြီး အရှည်အမြှောင်း ရအောင်လှီးထားပါ
  7. ငရုတ်သီးအခြောက်တောင့်နှင့် ငရုတ်သီးအကြမ်းမှုန့်တို့ကို ပြင်ထားပါ
  8. ဇောက်နက်သော အိုးတလုံကို အပူပေးပြီး ဆီထည့်ပါ
  9. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်ဖြူ  ကြက်သွန်နီ ငရုတ်သီးတောင့်တို့ကို မွှေးလာအောင် ကြော်ပေးပါ
  10. ကြက်သွန်များ မွှေးလာတာနဲ့ အရသာနယ်ထားသော ဆိတ်သားကို ထည့်ကြော်လိုက်ပါ
  11. ကြော်ထားသော ဆိတ်သား မွှေးလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ထားပါ
  12. ရေမခမ်းခင် လှီးထားသော ချင်းကို ထည့်မွှေပြီး အဖုံးပြန်အုပ်ထားပါ
  13. ဆီသံကြားတာနဲ့ ငရုတ်သီး အကြမ်းမှုန့်ထည့်ပြီး အဆက်မပြတ် မွှေပေးပါ
  14. ငရုတ်သီးနံ့ မွှေးလာပြီး ဆိတ်သားနံ့မွှေးလာကာ ဆီကျွတ်ကျွတ်မြည်တာနဲ့ ဆိတ်သားချင်း အစပ်ကြော် မွှေးမွှေးစပ်စပ်လေးကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။
ဆိတ်သားအစား ၀က်သား အသားကောင်းကောင်း အမဲသား အသေားကောင်းကောင်း သိုးသားတို့ကိုလဲ ဤကဲ့သို့ ချက်နိုင်ပါတယ်။

သတ်သတ်လွတ် ထမင်းနယ်




တစ်ခါတစ်ရံ နေ့လည်နေ့ခင်း အစာပြေ ဘာလေးစားရင် ကောင်းမလဲ စဉ်းစားလိုက်တိုင်း ခပ်စိမ့်စိမ့် အစာလေးတွေကိုဘဲ စားချင်ခဲ့မိတယ်။

ဒါကြောင့်မို့လို့ ဒီတခါတော့ အာလူးနဲ့ ခရမ်းချဉ်သီးကို ပြုပ်ပြီး အာလူးထမင်းနယ်လေး လုပ်စားဖြစ်သွားခဲ့ပါတယ် ထမင်းနယ်လေး လုပ်စားလိုက်တာ အင်မတန်မှ ခံတွင်းလိုက်တဲ့ ထမင်းနယ်တစ်ပွဲ ဖြစ်ခဲ့တာမို့ အာလူးထမင်း နယ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Jasmine Rice - ပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထမင်းချက်ရန်)
  3. အာလူး - အလုံးကြီးကြီး နှစ်လုံး
  4. ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး
  5. ငရုတ်သီး အခြောက်တောင့် - ၁၀တောင့်ခန့်
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ဆယ့်ငါးမွှာ (ဆီချက်ချက်ရန်)
  7. ကြက်သွန်ဖြူ  - အမွှာသေးသေး ၁၅မွှာ (ထမင်းနယ်နှင့် တွဲဖက်ပြီးစားရန်)
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (ဆီချက်ချက်ရန်)
  11. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  12. ကြက်သွန်မိတ် သို့မဟုတ် ဂျုး မြှစ် - နှစ်သက်သလောက်
  13. မြေပဲကြော် - နှစ်သက်သလောက်
  14. ပဲပုတ်ချပ် - နှစ်သက်သလောက်

ပြင်ဆင်ချက်ပြုပ်ပုံ
  • ဆန်ကိုရေဆေးပြီး ထမင်းပေါင်းအိုးထဲမှာ ရေနှင့်အတူထည့်ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  • ခလုတ်တက်ပြီး ထမင်းကျက်တာနဲ့ ခပ်နွေးနွေး အနေအထား ရအောင် အနွေးခလုတ်ကို နှိပ်ထားပေးပါ
  • လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • အိုးထဲမှာ အာလူးကို ရေမြုပ်အောင်ထည့်ပြီး နူးနေအောင် ပြုပ်ထားကာ အခွံခွာပြီး ကျေနေအောင် ချေထားပါ
  • ခရမ်းချဉ်သီးကို အိုးထဲမှာ ရေမြုပ်အောင်ထည့်ကာ အခွံများ ကွဲလာတဲ့အထိ ပြုပ်ပေးကာ အခွံများခွာပြီး အစေ့များ ထုတ်ထားပါ
  • ပဲပုတ်များကို မွှေးသွားအောင် မီးကင်ပေးပါ
  • မြေပဲကို ကြွတ်နေအောင်ကြော်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်မိတ် အပင်များကို ရေဆေးပြီး ရေစစ်ထားပါ
  • ငရုတ်သီးတောင့်များကို ကြော်ပြီး ဆီစစ်ထားပါ
  • အမွှာသေးသော ကြက်သွန်ဖြူများကို အခွံခွာပြီး ရေဆေးထားပါ
  • အမွှာကြီးသော ကြက်သွန်ဖြူ များကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပြီး ဆီပူလာပါက ထောင်းထားသော ကြက်သွန်ဖြူကို ကြော်ပေးပါ
  • ကြက်သွန်ဖြူများ ရွှေဝါရောင် သန်းလာရင် ဆယ်ပြီး အအေးခံထားပါ

အာလူးထမင်းနယ်ရန် ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ထမင်း အာလူး ခရမ်းချဉ်သီး ဆားနှင့် အချိုမှုန့်တို့ထည့်ကာ စေးပိုင်လာအောင် နယ်ပေးပါ
  • အားလုံးကို ရောနယ်ပြီးပါက ကိုယ်နှစ်သက်သလို ထမင်းကို ပုံဖေါ်ကာ ထမင်းအပေါ်မှ ကြက်သွန်ဖြူကြော်ကို ဖြူးပေးပါ
  • မြေပဲကြော် ပဲပုတ်ကင် ကြက်သွန်ဖြူ ကြက်သွန်မိတ် ငရုတ်သီးတောင့်ကြော်တို့နှင့်တွဲကာ အဆင်ပြေသလို စားသုံးနိုင်ပါပြီ။

Friday 26 February 2016

ပဲပြုပ် ချိုချိုအိအိလေး ( ပထမနည်း )





ပဲပြုပ်က အပင်ဖောက်ပြီးပြုပ်မှ ချိုတာမို့ မာမာတော့ အပင်ဖောက်ရက် ၃ရက်လောက်နေမှ ပဲကိုပြုပ်လေ့ ရှိပါတယ် ဒီတခါတော့ မြန်မြန်စားချင်တာနဲ့ ပဲကိုအပင် မဖောက်တော့ဘဲ တစ်ညသိပ် ရေစိမ်ပြီး ပြုပ်ထားပါတယ်။

ထန်းလျှက်ခဲနှင့် ဆားတို့ထည့်ပြီး ပြုပ်နည်းလေး ထပ်ပြောင်းထားပါတယ် ပြုပ်ရတာ အရင်ပဲပြုပ်သလိုလွယ်ပြီး  ပဲသားအိအိလေးလဲရပါတယ်။

ပဲပြုပ်တဲ့အခါ အိုးကိုခနခန ဖွင့်မကြည့်ရသလို မွှေပေးစရာလဲ မလိုပါဘူး ခနခန အိုးအဖုန်းဖွင့်ပြီး ကြည့်တဲ့အခါ မွှေပေးအခါတွေမှာ ပဲကအခွံတွေ ကျွတ်ထွက်ကုန်ပြီး မလှတော့ဘဲ ဖြစ်သွားတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Dried peas - 375 g
  2. ထန်းလျှက်ခဲ -  ကွမ်းသီးလုံးလောက် တစ်ခဲ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ရေ - ပဲအထက် လက်တဆစ်ခန့်
  5. ပြုပ်ရန်အိုး - အိုးအသားထူပြီး ပြုပ်မည့်ပဲနှင့် ပမာဏ သိပ်မကွာတဲ့ အနေတော် အိုးတစ်လုံး

ပြင်ဆင်ပုံ

  • ဇလုံတစ်လုံးထဲမှာ ပဲများကိုထည့်ပြီး ရေတစ်ထပ် ဆေးပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင် ထည့်ပေးကာ ၁၀နာရီလောက် ရေ၀အောင် စိမ်ထားပေးပါ 
  • ရေ၀ပြီး ပဲများပွလာပြီ ဆိုတာနဲ့ ပဲပြုပ်ဖို့ ပြင်နိုင်ပါပြီ
  • အထက်မှာ ပြထားသော အောက်ခြေထူတဲ့ အိုးကဲ့သို့သော အိုးထဲသို့ပဲများကို ပြောင်းပြီး ထည့်ပေးပါ
  • ရေကိုပဲအထက် လက်တစ်ဆစ်ခန့် မြုပ်အောင်ထည့်ပေးပါ
  • ထန်းလျှက်ခဲ ကွမ်းသီးလုံးခန့် တစ်ခဲနှင့် ဆားထည့်ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ပဲအိုး ရေပွက်ပွက် ဆူလာပြီ ဆိုတာနဲ့ ပဲအိုးရေခမ်းတဲ့အထိ ဆက်ပြုပ်ပါ
  • ပဲပြုပ်ချိန် မိနစ်၄၀လောက်ဆို ရေခမ်းကာ နီးလာပါပြီ 
  • ရေခမ်းကာနီးပါက မီးကိုနံပါတ်တစ်လောက်ထိ လျှော့ချပြီး ပဲအိုးကို မီးအေးအေးနဲ့နှပ်ပေးပါ
  • ရေခမ်းပြီး ပဲများနပ်လောက်ချိန်မှာ အိုးကိုအဖုံး ဖုံးထားပြီး လက်နှစ်ဖက်နှင့် အ၀တ်ခံပြီးကိုင်ကာ အထက်အောက် သမအောင် ၂ချက်လောက် ခလောက်ပြီး ပဲကိုအထက်အောက် လှန်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်မှာ လက်ကျန်မီးအပူရှိန်နဲ့နှပ်ထားပေးပါ
  • ပဲနပ်သွားပြီဆိုပါက ချိုပြီးအိနေသော ပဲပြုပ်အိအိ မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးနိုင်ပါပြီ။

ဆိတ်သား မဆလာ အစပ်ကြော်



ဒီနေ့တော့ ဆိတ်သားကို ခပ်စပ်စပ်လေး ကြော်ပါတယ် ဒီဟင်းချက်နည်းက အမဲသားနဲ့ချက်တဲ့ တရုတ်ဟင်းလျာ ချက်နည်း တစ်မျိုးပါဘဲ မာမာက ဆိတ်သားနဲ့ချက်ထားပြီး စားကောင်းလွန်းတဲ့  မဆလာ အစပ်ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • ဆိတ်သား - 500 g
  • သံပုရာသီး - အနေတော် တစ်ခြမ်း
  • ငရုတ်သီး - လုံးခြမ်းကွဲ ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  • ချင်း - လက်မ၀က်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း
ပြင်ဆင်ပုံ

  1. ဆိတ်သားကို လက်၃လုံးလောက် အထူ အနေအထား ရအောင်လှီးထားပါ
  2. လှီးထားသော ဆိတ်သားကို သံပုရာရည်ညှစ်ပြီး နယ်ထား၍ ၁၅မိနစ်လောက် နှပ်ထားကာ ပြီးတာနဲ့ ရေ ၂ထပ် ဆေးထားပါ
  3. ရေဆေးထားသော ဆိတ်သားကို ငရုတ်သီးမှုန့် ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ထားပါ
  4. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းကာ အရည်ညှစ်ပြီး အသားထဲ ထည့်နယ်ထားကာ ရေခဲသေတ္တာထဲမှာ ၃နာရီလောက် နှပ်ထားပါ
  5. ဇောက်နက်သော အိုးတလုံကို အပူပေးပြီး ဆီထည့်ပါ
  6. ဆီအငွေ့တက်လာတာနဲ့အရသာနယ်ထားသော ဆိတ်သားကို ထည့်ကြော်လိုက်ပါ
  7. ကြော်ထားသော ဆိတ်သား မွှေးလာတာနဲ့ မီးအနည်းငယ်လျှော့ကာ ဆိတ်သားမာပြီး အရောင်ပြောင်းလာတဲ့ထိ၇ ကြော်ပေးပါ
  8. ငရုတ်သီးနံ့ မွှေးလာပြီး ဆိတ်သားနံ့မွှေးလာကာ ဆိတ်သားကျက်တာနဲ့ ဆိတ်သားမဆလာကြော် မွှေးမွှေးစပ်စပ်လေးကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။
ဆိတ်သားအစား ၀က်သား အသားကောင်းကောင်း အမဲသား အသားကောင်းကောင်း သိုးသားတို့ကိုလဲ ဤကဲ့သို့ ချက်နိုင်ပါတယ်။

Thursday 25 February 2016

ပုဇွန်လုံးကြော်




အိမ်ရှင်မရဲ့ တနေ့တာ အိပ်ရာက နိုးတာနဲ့ ဘာချက်ရင် ကောင်းမလဲ ဘယ်လိုလေး စီစဉ်ရရင် ကောင်းမလဲ စဉ်းစားလိုက်တိုင်း မိသားစု အကြိုက်လေး ဦးစားပေး ချက်ရတာကလဲ သဘာဝ တစ်ခုလို ဖြစ်နေပါပြီ။

ပူစီနံနဲ့ပုဇွန်လုံး မွှေးမွှေးလေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ် ပူစီနံအနံ့မွှေးမွှေးလေးရယ် ပုဇွန်အရသာ ချိုလဲချိုလေးရယ် ပေါင်းစပ်ပြီး ကြော်ထားတဲ့ အရသာ ထူးလွန်းလို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - 370 g
  2. ကြက်သွန်နီ - အနေတော် တလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ချင်း - လက်တဆစ်ရဲ့တ၀က်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  6. တန်ပူရာမှုန့် - ထမင်းစားဇွန်း တဇွန်း မောက်မောက်
  7. ကြက်ဥ - တစ်လုံး
  8. ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  9. ပူစီနံ - ၇ညွန့်ခန့်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  11. ဆီ - လိုသလောက် သုံးပေးပါ
  12. ဆလတ်ရွက် - လိုသလောက်

ပြင်ဆင်ချက်ပြုပ်ပုံ
  • ပုဇွန်ကို အခွံခွာ အမြှီးဖြုတ် ခေါင်းဖြုတ်ပြီး ကြောဖက်မှ အရှည်လိုက်ခွဲပြီး အမဲကြောင်းကို ဖယ်ပေးပါ
  • အားလုံးပြီးလျှင် ရေတထပ်ဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်ဥကို အနှစ်နှင့် အကာ ခွဲထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ပုဇွန်ရေစစ် သွားပါက ဗလင်ဒါထဲမှာ ချင်း ပုဇွန် အရသာမှုန့် ကြက်ဥအကာ ဆား နနွင်မှုန့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ပြောင်းကော်မှုန့်တို့ထည့်ပြီး ညက်နေအောင် ကြိတ်ပေးပးပါ
  • အားလုံးကို ညက်နေအောင် ကြိတ်လို့ပြီးပါက ပူစီနံရွက်ထဲ့ပြီး တစ်ချက်လောက် ကြိတ်ပေးပါ
  •  စေးညက်လာတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပြီး cling wrap နဲ့အုပ်ပြီး  ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာထည့်ကာ နှစ်နာရီခန့် နှပ်ထားပါ
  • အသားနှပ်ထားချိန် ပြည့်တာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး ဆုတ်ကာလုံးပေးပါ
  • ဆီကိုအပူပေးပြီး ဆီပူလာပါက လုံးထားသော ပုဇွန်လုံးကို မထည့်ခင် မီးကို အနေတော် ပြန်လျှော့ပေးပြီးမှ ပုဇွန်လုံးကို ထည့်ကြော်ပါ
  • ပုဇွန်လုံးကြော်က မီးများရင် အပြင်ကဘဲ ကျက်ပြီး အထဲက မကျက်ဘဲ ဖြစ်နေတတ်ပါတယ်
  • ကြော်နေစဉ် တစ်ဖက်ကျက်တာနဲ့နောက်တစ်ဖက်လှန်ပေးပြီး ဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါ  ဆလတ်ရွက် နှစ်သက်ရာ အချဉ်တိုနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

တို့ဟူး ကျိုနည်း



တိုင်းတစ်ပါး ရောက်နေချိန်မှာ မြန်မာအစား အသောက်လေးတွေ တမ်းတမက်မောမိလေတိုင်း ကိုယ်တိုင်ပြင်ဆင်ရတာ သဘောကျသလို သမီးငယ်လေးကိုလဲ တတ်သည့်ပညာ မနေသာ သင်ပေးရပါသေးတယ်။

ဒီတခါလဲ တို့ဟူးသုပ် ချဉ်ငံစပ်လေး စားချင်စိတ်ပေါ်လာတာမို့ သားအမိ၂ယောက် တို့ဟူတုံတုံလေး ကျိုကြပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂၀ဗူး
  3. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဂျုံစစ်ဇကာ - တစ်ခု
  7. ဇောက်နက်ပြီး မကပ်သောအိုး ခပ်ကြီးကြီး - တစ်လုံး
  8. သစ်သားယောင်းမ - အရိုးးရှည်ရှည် တစ်ခု
  9. ဇလုံ - ခပ်ကြီးကြီး ၂လုံး

ပဲမှုန့်​ရေစိမ်​ရန်
  • ဇလုံကြီးကြီး တလုံးထဲမှာ ပဲမှုန့်နှင့်ရေကိုရောကာ ပဲအနှစ်တွေကျေအောင် မွှေတံနှင့်ချေပေးပါ
  • ပြီးတာနဲ့ နောက်ဇလုံကြီးကြီး တလုံးပေါ်မှာ ဂျုံစစ်ဇကာ ဇကာစိတ်စိတ်လေးကို တင်ပေးပါ
  • ပဲရည်များကို ထိုဇကာပေါ် လောင်းထည့်ပြီး မကျေဘဲ ကျန်နေသော ပဲအနှစ်များကို ဇွန်းနှင့်ဖိပြီး ချေပေးကာ ပဲအကြည်ရည်အနည်းငယ်နှင့် လောင်းချပေးပါ
  • ပဲရည်ပေါ်မှာ တက်လာသော အမြှုပ်များကို ခပ်သွန်ပေးပါ
  • ပြီးတာနဲ့ အနည်းဆုံး ၁၀နာရီလောက် ပဲအနည်ထိုင်အောင် နှပ်ထားပေးပါ (သို့မဟုတ်)
  • မနက်ကျိုမယ်ဆို ညဘက်ထဲက နှပ်ပြီး အနည်ထိုင်ထားပေးပါ

တို့ဟူးကျိုရန်
  • တို့ဟူးကျိုပြီးထဲ့ရန် ဇလုံ (သို့) ပန်းကန်လုံး (သို့) အပူခံနိုင်သော ဗူးကို ဆီအနည်းငယ်နှင့် နေရာနှံ့အောင် သုပ်ထားပေးပါ
  • ညကပဲရည် အနည်ထိုင်ထားသော ပဲရည်ဇလုံထဲမှ အပေါ်ယံအရည်ကြည် ထမင်းပေါင်းအိုး ဆန်ချင်ဗူး၁၂ဗူးစာကို အသာလေးခပ်ပြီး သွန်ပလိုက်ပါ
  • ပြီးတာနဲ့ ပဲအနှစ်များ ပျော်သွားအောင် ရေ ပေါင်အိုးဆန်ချင်ဗူး နှစ်ဗူးထည့်ကာ အနည်ထိုင်နေသော ပဲအနှစ်များကျေအောင် ဖျော်ပေးပါ
  • ပြီးတာနဲ့ တို့ဟူးကျိုရာမှာ ပါဝင်မဲ့ ပါဝင်ပစ္စည်းများကို တခါထဲ ပြင်ထားပါ
  • တို့ဟူးကျိုရန် ဇောက်နက်သော အိုးထဲကို ရေတစ်ဗူးစာထည့်ပြီး ဆူအောင်တည်ပေးပါ
  • အိုးပူလာပြီး ရေပွက်ပွက် ဆူလာတာနဲ့ ဆီ ဆားနှင့် နနွင်းမှုန့်တို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပြီးမှ ပဲရည်ကြည် ဖယ်ထားသော ပဲအနှစ်များကို ဇလုံထဲမှာ ကုန်သွားအောင် လောင်းထည့်ပေးပါ
  • ထည့်ပေးပြီးတာနဲ့ သစ်သားယောင်းမ အရိုးရှည်ရှည်ဖြင့် အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်းက စပြီးပြစ်လာတာနဲ့ အဆက်မပြတ် ဆက်မွှေပေးပါ
  • မွှေနေစဉ် အိုးမကပ်စေရန် မီးအပူချိန်ကို သတိထားပါ
  •  ပဲအနှစ်များ ပျစ်လာတာနဲ့ လက်အားသန်သန်နဲ့ ခပ်သွက်သွက်လေး မွှေပေးပါ 
  • အဆက်မပြတ် မွှေပေးရင်းက ပဲများပျစ်လာပြီး ပဲအနှစ် ကြည်ရောင်လေး သန်းလာတာနဲ့ အထဲမှ ရေများကုန်အောင် မွှေပေးပါ
  • ပဲပျစ်လာချိန်မှစပြီး ၈မိနစ်မှ၁၀မိနစ်လောက် မွှေပြီးပါက အထဲများ ရေများတဗွက်ဗွက် ပေါက်မလာတော့ရင် ရပါပြီ
  • ဆီသုပ်ထားသော ဇလုံ(သို့) ပန်းကန်(သို့) ဗူး အစရှိသည့် မိမိအစဉ်ပြေသော အထဲသို့ ကျိုထားသော ပဲအနှစ်များ လောင်းချပေးပြီး မျက်နှာပြင်ညီအောင် ညှိပေးပါ
  • တနာရီ တနာရီခွဲဝက်လောက်နေရင် ကောင်းကောင်းကြီး အေးပြီးခဲနေသာ တို့ဟူးတုံတုံ အိအိလေးရပါပြီ
  • ပူနေသော တို့ဟူးထည့်ထားသည့် ဗူးများကို ရေခဲသေတာထဲ မထည့်မိဖို့ သတိထားပါ
  • အခန်းအတွင်းမှာ ရိုးရိုးလေးဘဲ အအေးခံထားပါ
  • ချဉ်ငံစပ်လေး သုပ်စားမလား တို့ဟူးကြော်လေး ကြော်စားမလား တို့ဟူးချဉ်စပ်လေး ချက်စားကြမလား အရမ်းကို အဆင်ပြေစေတဲ့ တို့ဟူးတုံတုံ အိအိလေး ရပါပြီရှင်။

ဆိတ်သားကီးမား





ဒီနေ့တော့ ဆိတ်သားလေး ဝယ်လာဖြစ်တာနဲ့ ပလာတာ ချာပါတီ နံပြား  ပေါင်မုန့် ထမင်းပူပူတို့နဲ့ အရမ်းကို လိုက်ဖက်တဲ့ ဆိတ်သားကီးမား ချက်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 250 g
  2. ကြက်သွန်နီ - အနေတော် ၅လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  4. ခရမ်းချဉ်သီး - အနေတော် ၄လုံး
  5. ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၄တောင့်
  6. ချင်း - လက်တစ်ဆစ်ခန့်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. မဆလာ - လက်ဖက်ရည်ဇွန်း ၂ဇွန်းမောက်မောက်
  10. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ဆီ - ဟင်းခပ်ဇွန်းကြီး ၃ဇွန်း

ပြင်ဆင်ပုံ

  1. ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတုံးကာ ကြိတ်စက်ထဲထည့်ပြီး တမိနစ်စီ ၂ခါလောက် ကြိတ်ပေးပါ
  2. ကြိတ်ထားသော ဆိတ်သားကို မဆလာတ၀က် ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ထားပြီး အနည်းဆုံး နာရီဝက်လောက် နှပ်ထားပါ
  3. ကြက်သွန်နီများကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  4. ကြက်သွန်ဖြူများကို အခွံခွာပြီး ရေဆေးက ခပ်နုတ်နုတ်စဉ်းထားပါ
  5. ကြက်သွန်နီ နှစ်လုံးကို ခပ်နုတ်နုတ်လှီးထားပါ
  6. ကျန်သော ကြက်သွန်နီ ၃လုံးကို လက်တလုံးခန့်အထူ အကွင်းလိုက် လှီးထားပါ
  7. ငရုတ်သီးစိမ်းကို အနေတော် လှီးထားပါ
  8. ခရမ်းချဉ်သီးကို ပုံပါအတိုင်း လေးစိတ် စိတ်ထားပါ
  9. ငရုတ်သီး အရောင်တင်မှုန့်ကို အဆင်သင့် ပြင်ထားပါ

ဟင်းချက်ရန်

  1. ဇောက်နက်သော အိုးကို အပူပေးပါ။
  2. အိုးပူလာပါက ဆီကိုအငွေ့တက်လာအောင် တည်ပါ။
  3. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာတဲ့ထိ ဆီသတ်ပါ။
  4. ငရုတ်သီးနံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ဆိတ်သားကို ထည့်ပြီး ဆီသတ်ပါ။
  5. ဆီသတ်စဉ် အသားများကို မကြာမကြာ မွှေပေးပါ။
  6. ၅မိနစ်လောက်ကြာအောင် ဆီသတ်ပြီးမှ အသားနူးစေရန် ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ။
  7. ရေမခမ်းခင် အကွင်းလိုက် လှီးထားသော ကြက်သွန်နီ ငရုတ်သီးစိမ်း ခရမ်းချဉ်သီးနှင့် ကျန်သော မဆလာတ၀က်တို့ကို ထည့်မွှေ၍ ရေခမ်းပြီး ဆီပြန်အောင် တည်ပေးပါ။
  8. ဆီပြန်လာပါက အရသာမြည်းကာ လိုသလိုပြင်ပြီး ပေါင်မုန့် နံပြား ပလာတာ  ချာပါတီ ထမင်းပူပူတို့နှင့် နှစ်သက်သလိုတွဲဖက်ပြီး သုံးဆောင် နိုင်ပါပြီ။
  9. ဆိတ်သားအစား အမဲသား သိုးသားတို့နှင့်လည်း ဤနည်းအတိုင်း ချက်နိုင်ပါတယ်။

Wednesday 24 February 2016

ပြည်တော်သာ မုန့်ပြားသလက် (မုန့်ရေပါး)







နေ့လည်နေ့ခင်း အပျင်းလဲပြေ စားလို့လဲကောင်းတဲ့ မုန့်လေးပါ ဒီမုန့်ကို အခေါ်အဝေါ်တွေက များလွန်းလို့ ခေါင်းစဉ်ကို ပြည်တော်သာ မုန့်ပြားသလက်လို့ဘဲ ရေးလိုက်ပါတယ်။

တချို့ကတော့ ပြည်တော်သာ မုန့်ပြားသလက် မုန့်ရေပါး ခြွေတာရေးမုန့် လမ်းသရဲခေါက်မုန့် ရေမုန့်ဆိုပြီး အမျိုးမျိုးခေါ်ကြပါတယ် ဒါပေမဲ့လဲ မာမာပြင်ဆင်ထားပြီး စားလို့ကောင်းလွန်းတဲ့ မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ ( မုန့်၅ခုစာအတွက်)

  1. ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  2. ရေ. - ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူး
  3. ချင်း - တလက်မလောက်ကို ထောင်းပြီး အရည်ညှစ်ယူပါ
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆိုဒါ - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. အနေတော်လှီးထားသော ခရမ်းချဉ်သီး - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  8. ပဲပင်ပေါက် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  9. အနေတော်လှီးထားသော ကြက်သွန်မိတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  10. ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - ၇တောင့်
  11. ပဲပြုပ် - တစ်ဆယ်သား
  12. ဆီ - လိုသလောက် သုံးပေးပါ

မုန့်နှစ်ရည်စပ်ရန်အတွက်
  • ဆန်မှုန့် ရေ ချင်းရည် အရသာမှုန့် ဆိုဒါ ဆားတို့ကိုရောပြီး မုန့်ရည်စပ်ထားပေးပါ
  • အနေတော်လှီးထားသော ကြက်သွန်မိတ်နှင့် ပဲပြုပ်တို့ကို မုန့်နှစ်ရည်ထဲမှာ ရောပြီးမွှေထားပါ
မုန့်လုပ်ရန်
  1. မုန့်လုပ်သော ဒယ်အိုးအပြားကို မီးအနေတော်နှင့် အပူပေးပါ
  2. အိုးပူလာပါက အိုးကိုဆီသုတ်ပေးပြီး မုန့်နှစ်ရည်ကို ယောက်ချိုဇွန်းဖြင့် မွှေခတ်ကာ အိုးထဲမှာ ဖြန့်ထည့်ပေးပါ
  3. ပြီးတာနဲ့ ပဲပင်ပေါက် ခရမ်းချဉ်သီး ငရုတ်သီးစိမ်းတို့ကို ပုံပါအတိုင်း ထည့်ပေးပါ
  4. မုန့်သားအပေါ်ကို ဆီသုတ်တံဖြင့် ဆီလိုက်သုပ်ပေးပါ
  5. ဆီသုပ်ပြီးတာနဲ့ အိုးအဖုံးကို  ခနလေးအုပ်ပေးပြီး ဘေးသားများ ကြွတ်လာတာနဲ့ မုန့်ဘေးသားများကို အစာပေါ်သို့ ပုံပါအတိုင်း ခေါက်တင်ပေးပါ
  6. အိုးအပူပေါ်မှာ မုန့်သားများ ပိုပြီးကြွတ်လာစေရန် ခနထားပြီးမှ ပန်းကန်တချပ်ပေါ် ပြောင်းတင်ပြီး ချဉ်ချဉ်စပ်စပ်မွှေးမွှေး မုန့် ပူပူလေးကို စားသုံးနိုင်ပါပြီ။

Tuesday 23 February 2016

မုန့်ကြပ်တိုက်






ဒီနေ့တော့ မြန်မာမုန့်အချိုစိမ့်စိမ့်လေး စားရအောင် မာမာ မုန့်ကြပ်တိုက်လေး လုပ်ပါတယ် မာမာတို့ငယ်ငယ်က အိမ်မှာ ခနခနလုပ်စားဖြစ်တဲ့ မုန့်တမျိုးပါ ကောက်ညှင်းမုန့် ကြိုက်သူတွေအတွက် နှစ်သက်မဲ့ မုန့်တမျိုးပါ။

မုန့်ကြပ်တိုက်က ကောက်ညှင်းမှုန့်နဲ့ရေရောပြီး မုန့်စပ်ရုံပါဘဲ မုန့်သားမပေါက်အောင်တော့ မုန့်နှစ်ကို အသားသေအောင် ထားရပါတယ်။

မုန့်ကြပ်တိုက် ဆိုပေမဲ့ ဆီနည်းနည်းနဲ့ အိုးပူတိုက်တာဘဲ ဖြစ်ပါတယ် နည်းလေးသိရင် စားလို့အရမ်းကောင်းသလို မုန့်လုပ်ရတာလို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ အိုးပူတိုက်နည်း ကျွမ်းကျင်ရင်တော့ ခနခနလုပ်စားဖြစ်မဲ့ မုန့်လေးတမျိုး ဖြစ်ပါတယ်။

မုန့်မလုပ်ခင် မုန့်သားနယ်ပြီး အနည်းဆုံ ၂နာရီ၃နာရီလောက် မုန့်သား အသားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ထပေါက်ပြီး  မုန့်သားပူပူတွေ  ခပ်ဝေးဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ်။

ဒါကြောင့်မို့ ဆီပူမထိရလေအောင် မုန့်သား အသားသေအောင်ထားပြီးမှ အိုးပူတိုက်တာအကောင်းဆုံးပါ မုန့်သား အသားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ပါဘူး။

မုန့်ကြပ်တိုက် ၁၅ခုစာအတွက်

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ရေနွေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ထန်းလျှက်ခဲ - 200 g

ပြင်ဆင်ပုံ

  • အိုးတလုံးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ကောက်ညှင်းမှုန့်ကို ရေနွေးထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာတို့ကို နည်းနည်းချင်းထည့်ကာ နယ်ပေးပါ
  • ကောက်ညှင်းမှုန့်အပေါ်မူတည်ပြီး ရေကို နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ
  • မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်းမပျော့စေရန် ရေအကုန်မထဲ့ဘဲ ရေကိုချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
  • မုန့်သား အသားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို အနည်းဆုံး ၂နာရီကျော် ၃နာရီလောက် နှပ်ထားပေးပါ။
  • မုန့်သားနှပ်ပြီးတာနဲ့ လက်တဖျစ်စာသာသာ  အနေတော် မုန့်သားကိုယူကာ လက်ဖ၀ါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေးရအောင်လုပ်ကာ ပုံပါပြထားတဲ့အတိုင်းရအောင်  ဖိပြီးပြားလိုက်ပါ
  • အောက်ခြေမကပ်သော ဒယ်အိုးပြားကို ဆီပါတယ် ဆိုရုံလေးထည့်ပြီး ဆီကိုမီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့လိုက်ပါ
  • မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
  • မီးအနေတော်နဲ့ အိုးပူတိုက်နေစဉ်  တဖက်ကျက်ရင် တဖက်ကို လှန်ပေးပါ
  • ၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး အပြင်ခွံ ကျွတ်လာပါက ဆယ်ပြီး ဆီစစ်သော စက္ကူပေါ်တင်ပြီး ဆီစစ်ပေးပါ
ထန်းလျှက်ရည်ကျိုရန်
  • ထန်းလျှက်ခဲ - 200 g
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • မီးအနေတော်နဲ့ ရေနှင့် ထန်းလျှက်ခဲကို ကျေအောင်ကျိုပေးပါ
  • ထန်းလျှက်ခဲများ ကျေသွားပါက အရည်ကို ဆက်တိုက်မွှေပေးပါ
  • မွှေနေစဉ် ထန်းလျှက်ရည် ပေါက်စေးကျအောင် ကျိုပေးပါ
  • ပေါက်စေးကျမကျ  အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
  • သစ်သားယောင်းမမှာ ခပ်ပြစ်ပြစ်အနေအထား ကပ်နေပြီဆိုရင် ရပါပြီ
  • ထန်းလျှက်ရည် ပေါက်စေးကျ အနေအထားလောက်ရရင် အအေးခံပြီး မုန့်ကြပ်တိုက်နှင့် တို့ပြီး စားလို့ရပါပြီ။

ဆိတ်သားခပါတ်






ဒီနေ့တော့ ဆိတ်သားကို ဘယ်လိုချက်ရမလဲ စဉ်းစားနေရင်းက ပလာတာ နံပြား ပေါင်မုန့် ချာပါတီ ထမင်းပူပူလေးတို့နဲ့ လိုက်ဖက်တဲ့ ဆိတ်သားခဘတ်လေးဘဲ ချက်ဖြစ်လို့ မာမာချက်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ဆိတ်သားခဘတ်က ပူစီနံရွက်လေး အုပ်ချက်ရင် အရသာ ပိုပြီးကောင်းပါတယ် မာမာကတော့ ပူစီနံရွက် ဝယ်လို့ မရတာနဲ့ ထည့်မချက်ထားပါဘူး ဒါပေမဲ့လဲ ဆိတ်သားခဘတ်ချက်တဲ့ မဆလာရဲ့  အနံ့ အရသာကြောင့် စားလို့တော့ အရမ်းကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 250 g
  2. ကြက်သွန်နီ - အနေတော် ၅လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ခရမ်းချဉ်သီး - အနေတော် ၄လုံး
  5. ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၇တောင့်
  6. သံပုရာသီး - တစ်ခြမ်း
  7. ချင်း - လက်တစ်ဆစ်ခန့်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ခဘတ် မဆလာ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. နွားနို့ - ထမင်းစားဇွန်း ၃ဇွန်း
  13. ပူစီနံ - ဆယ်ညွန့်ခန့် 
  14. ဆီ - ဟင်းခပ်ဇွန်းကြီး ၂ဇွန်း
ဆိတ်သားခဘတ်အတွက် မဆလာစပ်ရန်
  1. နံနံစေ့ - ထမင်းစားဇွန်း ၅ဇွန်း
  2. ဇီယာစေ့ - ထမင်းစားဇွန်း ငါးဇွန်း
  3. ငရုတ်ကောင်းစေ့ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
  • ဒယ်အိုးတစ်လုံးထဲမှာ နံနံစေ့ ဇီယာစေ့နှင့် ငရုတ်ကောင်းစေ့တို့ကို ထည့်ပေးပြီး လှော်ပေးပါ
  • အနံ့လေး သင်းလာတာနဲ့ မီးပိတ်ပေးပြီး ငရုတ်ဆုံထဲထည့်ကာ ညက်နေအောင် ထောင်းထားပါ
  • ပြီးတာနဲ့ ဟင်းချက်တဲ့ အထဲကို လိုသလောက်ဘဲ သုံးပေးပြီး ပိုတာကို လေလုံပုလင်းထဲမှာ ထည့်ပေးပြီး နောက်ထပ်ချက်တဲ့အခါ ပြန်သုံးနိုင်အောင် သိမ်းထားပါ။
ဟင်းချက်ရန် ပြင်ဆင်ပုံ
  1. ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
  2. လှီးထားသော ဆိတ်သားကို ဆား နနွင်း အရသာမှုန့်နှင့် သံပုရာရည် နွားနို့နှင့်နယ်ကာ အနည်းဆုံး တနာရီလောက် နှပ်ထားပါ။
  3. ကြက်သွန်နီများကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ။
  4. ကြက်သွန်ဖြူများကို အခွံခွာပြီး ရေဆေးက ခပ်နုတ်နုတ်စဉ်းထားပါ။
  5. ကြက်သွန်နီ နှစ်လုံးကို ခပ်နုတ်နုတ် လှီးထားပါ။
  6. ကျန်သော ကြက်သွန်နီ ၃လုံးကို လက်နှစ်လုံးခန့် အဖတ်လေးများ လှီးထားပါ။
  7. ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ။
  8. အစပ်မစားပါက ငရုတ်သီးစိမ်းကို အတောင့်လိုက် ထည့်ပေးပါ
ဟင်းချက်ရန်
  • ဇောက်နက်သော အိုးကိုအပူပေးပါ။
  • အိုးပူလာပါက ဆီထည့်ပြီး ဆီကိုအငွေ့တက်လာအောင် တည်ပေးပါ။
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီးစိမ်း ထောင်းပြီးသားတို့ကို မွှေးလာတဲ့ထိ ဆီသတ်ပါ။
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ဆိတ်သားကို ထည့်ပြီး ဆီသတ်ပါ။
  • ဆီသတ်စဉ် အသားများကို မကြာမကြာ မွှေပေးပါ။
  • ၈မိနစ်လောက်ကြာအောင် ဆီသတ်ပြီးမှ အသားနူးစေရန် ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ။
  • ရေမခမ်းခင် အဖတ်လေးများ လှီးထားသော ကြက်သွန်နီ ခရမ်းချဉ်သီးနှင့် ခဘတ်မဆလာတို့ကို ထည့်မွှေ၍ ရေခမ်းပြီး ဆီပြန်အောင် တည်ပေးပါ။
  • ဆီပြန်လာပါက အရသာမြည်းကာ လိုသလိုပြင်ပြီး ပူစီနံရွက်ကို အုပ်ပေးပြီးပါက ပေါင်မုန့် ပလာတာ ချာပါတီ ထမင်းပူပူတို့နှင့် နှစ်သက်သလို တွဲဖက်ပြီး သုံးဆောင်နိုင်တဲ့ ဆိတ်သားခဘတ် ခပ်စပ်စပ်လေး ရပါပြီ။
  • ဆိတ်သားအစား အမဲသား သိုးသားတို့အပြင် ကြက်သားတို့နှင့်လည်း ဤနည်းအတိုင်း ချက်နိုင်ပါတယ်။