Monday 29 February 2016

သင်္ဘောသီး ချဉ်ရည်ဟင်း






အိမ်က သင်္ဘောပင်လေး သီးနေတာ အသီးတွေ ပြွတ်နေတော့ အလုံးသေးတွေခူးပြီး သုပ်စားလိုက် ချဉ်ရည်ဟင်းချက်လိုက် ထောင်းစားလိုက်နဲ့ ဇိမ်ကျလိုက်တဲ့ ဖြစ်ခြင်းပေါ့ရှင် စိုက်လိုက် ခူးလိုက် အိမ်နောက်ဖေးက မာမာ့ဈေးဆိုင်လေးက လိုတရလေးပါ။

ဒီနေ့တော့ခြံထဲက ရုန်းပတေသီး သင်္ဘောသီးလေးတွေနဲ့ချက်ပြီး အင်မတန်စားလို့ကောင်းပြီး ထမင်းစားလို့ မိန်စေမဲ့ သင်္ဘောသီးစိမ်း ချဉ်ရည်ဟင်းလေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သင်္ဘောသီးစိမ်း - အနေတော် တစ်လုံး
  2. ရုန်းပတေသီး - ၈တောင့်
  3. ပုဇွန်ထုတ် - ၅ကောင်
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ -၂မွှာ
  6. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. မကျည်းသီးမှည့် - ကွမ်းသီဆံလုံးလောက်
  12. ဆီ - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ပုံ
  1. သင်္ဘောသီးကို အညှာဖက်မှ လှီးချပြီး ထွက်လာသော အစေးများ စင်သွားအောင် ရေနိုင်နိုင်ဆေးချပါ
  2. ရေဆေးပြီး အစေးကုန်ချိန်ကျမှ အခွံခွာကာ နောက်တစ်ခါ ရေဆေးပြီးမှ ပုံပါအတိုင်း လှီးပေးပါ
  3. ရုံးပတေသီးကို ရေဆေးပြီးမှ အညှာဖြတ်ကာ အနေတော် လှီးပေးထားပါ
  4. ကြက်သွန်ဖြူ ကြက်သွန်နီကို ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းပေးပါ
  5. မန်ကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် ခါဆေးပြီး ရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးသာသာနှင့် စိမ်ထားပါ
  6. ပုဇွန်ကို ရေဆေးပြီး ကြောဖက်မှ အမည်းကြောင်း ထုတ်ကာ ခေါင်းအခွံ ခွာပေးထားပါ
  7. ဇောက်နက်သော အိုးတစ်လုံးထဲမှာ သင်္ဘောသီးကို ဆား ငံပြာရည် ငရုတ်သီးထောင်း ဆီ အချိုမှုန့်တို့ကို ရောပြီး နယ်ပေးပါ
  8. အရသာ နယ်ထားသော အိုးထဲသို့ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  9. ရေဆူလာပြီး အသီးများ အိလာပါက ပုဇွန်ထုတ်ကို ထည့်မွှေကာ မိနစ်ဝက်လောက်ထားပါ
  10. ပြီးမှ ရေတရုတ်ဟင်းရည်သောက် ပန်းကန်လုံး တလုံးခွဲစာထည့်ပြီး ဆူအောင်တည်ပါ
  11. ရေဆူလာတာနဲ့ အဖတ်များဖယ်ကာ မကျည်းမှည့်ရည် ထည့်ပြီး နှစ်မိနစ်လောက် ရေဆူစေ၍ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  12.  ရုန်းပတေသီးထည့်ပြီး တမိနစ်လောက်ဆူပြီးတာနဲ့ သင်္ဘောသီးစိမ်း ချဉ်ရည်ဟင်းကို စားရန်ပြင်နိုင်ပါပြီ။

No comments:

Post a Comment