Thursday, 25 February 2016

တို့ဟူး တုံတုံလေး ကျိုရအောင်



တိုင်းတပါး ရောက်နေချိန်မှာ မြန်မာအစားအသောက်လေးတွေ တမ်းတမက်မောမိလေတိုင်း ကိုယ်တိုင်ပြင်ဆင်ရတာ သဘောကြသလို သမီးငယ်လေးကိုလဲ တတ်သည့်ပညာ မနေသာ သင်ပေးတတ်လေတော့ ဒီတခါလဲ တို့ဟူးသုပ် ချဉ်ငံစပ်လေး စားချင်စိတ်ပေါ်လာတာမို့ သားအမိ၂ယောက် တို့ဟူးကျိုကြပါတယ်။

ပဲမှုန့်ရေစိမ်ချိန် လျှော့ထားသလို ပဲကျိုချိန်မှာ ဆီကိုလဲ ပိုပြီးထည့်ပြီး ကျိုထားတဲ့အတွက် တို့ဟူးသား တုန်တုန်အိအိလေး ရတဲ့အတွက် ကျိုတဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် ၃ခွက်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် ၄ခွက်ခွဲ
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပဲမှုန့်နှင့်ရေကိုရောကာ ပဲအနှစ်တွေ ကျေအောင်ချေပြီး ၂နာရီလောက် နှပ်ထားပေးပါ
  • ပဲမှုန့်ချင်တွယ်ရာမှာ မည်သည့်ခွက်နှင့်ဘဲချင်ချင်  ပဲမှုန့်တစ်ခွက်ကို ပဲမှုန့်ချင်သည့်ခွက် ရေတစ်ခွက်ခွဲနှင့် ရောပေးရင်ရပါတယ်။

တို့ဟူးကျိုဖို့ပြင်ပါမယ်
  • တို့ဟူးကျိုပြီးထဲ့ရန် ဇလုံပန်းကန်လုံးကို ဆီနှင့်နေရာနှံ့အောင် သုပ်ထားပေးပါ
  • တို့ဟူးကျိုရန် ဇောက်နက်သော အိုးကိုအပူပေပါ
  • အိုးပူလာပြီဆိုတာနဲ့ ရေစိမ်ထားသော ပဲရည်ကြည်ကို အရင်ဆုံး ဇလုံတခုအတွင်း သွန်ချလိုက်ပါ
  • သွန်ပြစ်သော ပဲရည်ကြည်ကို ပြန်မသုံးတော့ဘဲ သွန်ပြစ်လိုက်ပါ
  • သွန်ပြစ်သော ပဲရည်ကြည် အချိုးအစားအတိုင်း ရေသန့်သန့်ကို ထည့်ပေးပါ
  • အိုးထဲသို့ ပဲရည်ကြည်အစား ထည့်သောရေနှင့် ပဲအနှစ်တို့ ထဲ့ပြီးတာနဲ့ ဆားလက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့်လက်ဖက်ရည်ဇွန်း သုံးပုံတပုံ ဆီထမင်းစားဇွန်း သုံးဇွန်းတို့ထဲ့ကာ ပြစ်လာအောင် ကျိုလိုက်ပါ
  • ပဲအရည် ကျိုနေစဉ် ပဲအိုးကို သစ်သားယောင်းမနှင့် အဆက်မပြတ် မွှေပေးပါ
  • ကျိုနေရင်း ပဲရည်ပြစ်လာပြီးတာနဲ့ မီးကိုနဲနဲထပ်လျှော့ပေးပြီး အဆက်မပြတ်မွှေပေးပါ
  • ၁၀မိနစ်ကျော်ကျော်လောက် မွှေပြီးပါက ပဲအနှစ်များပြစ်ပြီး ခဲလာပါပြီ
  • ဆီသုပ်ထားသော ဇလုံပန်းကန်ထဲသို့ ကျိုထားသောပဲအနှစ်များ လောင်းချပေးပြီး မျက်နှာပြင်ညီအောင်ညှိပေးပါ
  • နာရီဝက်လောက်နေရင် အေးပြီးခဲနေသာ တို့ဟူးတုန်တုန် အိအိလေးရပါပြီ
  • ချဉ်ငံစပ်လေး သုပ်စားမလား တို့ဟူးကြော်လေး ကြော်စားမလား အရမ်းကို အဆင်ပြေစေတဲ့ တို့ဟူးလေးပါ

2 comments:

  1. တီမာ ပဲမှုန့်ကို ဘယ်လောက်ကြာအောင် စိမ်ရလည်း

    ReplyDelete
    Replies
    1. အနည်းဆုံး ၂နာရီလောက် စိမ်ပေးရင် ရပါတယ် သမီးရေ

      Delete