Thursday 25 February 2016

တို့ဟူး ကျိုနည်း



တိုင်းတစ်ပါး ရောက်နေချိန်မှာ မြန်မာအစား အသောက်လေးတွေ တမ်းတမက်မောမိလေတိုင်း ကိုယ်တိုင်ပြင်ဆင်ရတာ သဘောကျသလို သမီးငယ်လေးကိုလဲ တတ်သည့်ပညာ မနေသာ သင်ပေးရပါသေးတယ်။

ဒီတခါလဲ တို့ဟူးသုပ် ချဉ်ငံစပ်လေး စားချင်စိတ်ပေါ်လာတာမို့ သားအမိ၂ယောက် တို့ဟူတုံတုံလေး ကျိုကြပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂၀ဗူး
  3. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဂျုံစစ်ဇကာ - တစ်ခု
  7. ဇောက်နက်ပြီး မကပ်သောအိုး ခပ်ကြီးကြီး - တစ်လုံး
  8. သစ်သားယောင်းမ - အရိုးးရှည်ရှည် တစ်ခု
  9. ဇလုံ - ခပ်ကြီးကြီး ၂လုံး

ပဲမှုန့်​ရေစိမ်​ရန်
  • ဇလုံကြီးကြီး တလုံးထဲမှာ ပဲမှုန့်နှင့်ရေကိုရောကာ ပဲအနှစ်တွေကျေအောင် မွှေတံနှင့်ချေပေးပါ
  • ပြီးတာနဲ့ နောက်ဇလုံကြီးကြီး တလုံးပေါ်မှာ ဂျုံစစ်ဇကာ ဇကာစိတ်စိတ်လေးကို တင်ပေးပါ
  • ပဲရည်များကို ထိုဇကာပေါ် လောင်းထည့်ပြီး မကျေဘဲ ကျန်နေသော ပဲအနှစ်များကို ဇွန်းနှင့်ဖိပြီး ချေပေးကာ ပဲအကြည်ရည်အနည်းငယ်နှင့် လောင်းချပေးပါ
  • ပဲရည်ပေါ်မှာ တက်လာသော အမြှုပ်များကို ခပ်သွန်ပေးပါ
  • ပြီးတာနဲ့ အနည်းဆုံး ၁၀နာရီလောက် ပဲအနည်ထိုင်အောင် နှပ်ထားပေးပါ (သို့မဟုတ်)
  • မနက်ကျိုမယ်ဆို ညဘက်ထဲက နှပ်ပြီး အနည်ထိုင်ထားပေးပါ

တို့ဟူးကျိုရန်
  • တို့ဟူးကျိုပြီးထဲ့ရန် ဇလုံ (သို့) ပန်းကန်လုံး (သို့) အပူခံနိုင်သော ဗူးကို ဆီအနည်းငယ်နှင့် နေရာနှံ့အောင် သုပ်ထားပေးပါ
  • ညကပဲရည် အနည်ထိုင်ထားသော ပဲရည်ဇလုံထဲမှ အပေါ်ယံအရည်ကြည် ထမင်းပေါင်းအိုး ဆန်ချင်ဗူး၁၂ဗူးစာကို အသာလေးခပ်ပြီး သွန်ပလိုက်ပါ
  • ပြီးတာနဲ့ ပဲအနှစ်များ ပျော်သွားအောင် ရေ ပေါင်အိုးဆန်ချင်ဗူး နှစ်ဗူးထည့်ကာ အနည်ထိုင်နေသော ပဲအနှစ်များကျေအောင် ဖျော်ပေးပါ
  • ပြီးတာနဲ့ တို့ဟူးကျိုရာမှာ ပါဝင်မဲ့ ပါဝင်ပစ္စည်းများကို တခါထဲ ပြင်ထားပါ
  • တို့ဟူးကျိုရန် ဇောက်နက်သော အိုးထဲကို ရေတစ်ဗူးစာထည့်ပြီး ဆူအောင်တည်ပေးပါ
  • အိုးပူလာပြီး ရေပွက်ပွက် ဆူလာတာနဲ့ ဆီ ဆားနှင့် နနွင်းမှုန့်တို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပြီးမှ ပဲရည်ကြည် ဖယ်ထားသော ပဲအနှစ်များကို ဇလုံထဲမှာ ကုန်သွားအောင် လောင်းထည့်ပေးပါ
  • ထည့်ပေးပြီးတာနဲ့ သစ်သားယောင်းမ အရိုးရှည်ရှည်ဖြင့် အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်းက စပြီးပြစ်လာတာနဲ့ အဆက်မပြတ် ဆက်မွှေပေးပါ
  • မွှေနေစဉ် အိုးမကပ်စေရန် မီးအပူချိန်ကို သတိထားပါ
  •  ပဲအနှစ်များ ပျစ်လာတာနဲ့ လက်အားသန်သန်နဲ့ ခပ်သွက်သွက်လေး မွှေပေးပါ 
  • အဆက်မပြတ် မွှေပေးရင်းက ပဲများပျစ်လာပြီး ပဲအနှစ် ကြည်ရောင်လေး သန်းလာတာနဲ့ အထဲမှ ရေများကုန်အောင် မွှေပေးပါ
  • ပဲပျစ်လာချိန်မှစပြီး ၈မိနစ်မှ၁၀မိနစ်လောက် မွှေပြီးပါက အထဲများ ရေများတဗွက်ဗွက် ပေါက်မလာတော့ရင် ရပါပြီ
  • ဆီသုပ်ထားသော ဇလုံ(သို့) ပန်းကန်(သို့) ဗူး အစရှိသည့် မိမိအစဉ်ပြေသော အထဲသို့ ကျိုထားသော ပဲအနှစ်များ လောင်းချပေးပြီး မျက်နှာပြင်ညီအောင် ညှိပေးပါ
  • တနာရီ တနာရီခွဲဝက်လောက်နေရင် ကောင်းကောင်းကြီး အေးပြီးခဲနေသာ တို့ဟူးတုံတုံ အိအိလေးရပါပြီ
  • ပူနေသော တို့ဟူးထည့်ထားသည့် ဗူးများကို ရေခဲသေတာထဲ မထည့်မိဖို့ သတိထားပါ
  • အခန်းအတွင်းမှာ ရိုးရိုးလေးဘဲ အအေးခံထားပါ
  • ချဉ်ငံစပ်လေး သုပ်စားမလား တို့ဟူးကြော်လေး ကြော်စားမလား တို့ဟူးချဉ်စပ်လေး ချက်စားကြမလား အရမ်းကို အဆင်ပြေစေတဲ့ တို့ဟူးတုံတုံ အိအိလေး ရပါပြီရှင်။

2 comments:

  1. တီမာ ပဲမှုန့်ကို ဘယ်လောက်ကြာအောင် စိမ်ရလည်း

    ReplyDelete
    Replies
    1. အနည်းဆုံး ၂နာရီလောက် စိမ်ပေးရင် ရပါတယ် သမီးရေ

      Delete