Saturday 27 February 2016

ဆိတ်သား အစပ်ကြော်




အသားဟင်းအတွက် ဘာချက်ရင်ကောင်းမလဲ စဉ်းစားစဉ်းစားပြီး ဒီတခါတော့ ဆိတ်သားကို ချင်းအစပ်ကြော်ချက်လေး ချက်လိုက်တာမို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်

တကယ်တော့ အခုလိုချက်တာ အမဲသားနဲ့ချက်တဲ့ တရုတ်ဟင်းလျာ တမျိုးပါ မာမာက အမဲသားအစား ဆိတ်သားနဲ့ ချက်ထားတာပါ

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ
  4. ငရုတ်သီး အခြောက်တောင့် - ၆တောင့်
  5. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
  6. ချင်း - လက်မ၀က်ခန့်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  1. ဆိတ်သားကို လက်၂လုံးလောက်အနေအထား ရအောင်လှီးထားပါ
  2. လှီးထားသော ဆိတ်သားကို သံပုရာရည်ညှစ်ပြီး နယ်ထား၍ ၁၅မိနစ်လောက် နှပ်ထားကာ ပြီးတာနဲ့ ရေ ၂ထပ် ဆေးထားပါ
  3. ရေဆေးထားသော ဆိတ်သားကို ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ထားပါ
  4. ကြက်သွန်နီကို ခပ်ကြမ်းကြမ်း အဖတ်လေးများ ရအောင် လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာကာ ဓါးပြားရိုက်ပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  6. ချင်းကို အခွံခွာပြီး အရှည်အမြှောင်း ရအောင်လှီးထားပါ
  7. ငရုတ်သီးအခြောက်တောင့်နှင့် ငရုတ်သီးအကြမ်းမှုန့်တို့ကို ပြင်ထားပါ
  8. ဇောက်နက်သော အိုးတလုံကို အပူပေးပြီး ဆီထည့်ပါ
  9. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်ဖြူ  ကြက်သွန်နီ ငရုတ်သီးတောင့်တို့ကို မွှေးလာအောင် ကြော်ပေးပါ
  10. ကြက်သွန်များ မွှေးလာတာနဲ့ အရသာနယ်ထားသော ဆိတ်သားကို ထည့်ကြော်လိုက်ပါ
  11. ကြော်ထားသော ဆိတ်သား မွှေးလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ထားပါ
  12. ရေမခမ်းခင် လှီးထားသော ချင်းကို ထည့်မွှေပြီး အဖုံးပြန်အုပ်ထားပါ
  13. ဆီသံကြားတာနဲ့ ငရုတ်သီး အကြမ်းမှုန့်ထည့်ပြီး အဆက်မပြတ် မွှေပေးပါ
  14. ငရုတ်သီးနံ့ မွှေးလာပြီး ဆိတ်သားနံ့မွှေးလာကာ ဆီကျွတ်ကျွတ်မြည်တာနဲ့ ဆိတ်သားချင်း အစပ်ကြော် မွှေးမွှေးစပ်စပ်လေးကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။
ဆိတ်သားအစား ၀က်သား အသားကောင်းကောင်း အမဲသား အသေားကောင်းကောင်း သိုးသားတို့ကိုလဲ ဤကဲ့သို့ ချက်နိုင်ပါတယ်။

No comments:

Post a Comment