Sunday, 28 February 2016

ရှမ်းနံနံအုပ် ပုဇွန်လုံး ချဉ်ရည်ဟင်း









ပုဇွန်ထုတ်ကို စဉ်းကောလုပ်ပြီး အမွှေးနံ့သာတွေနဲ့ရောကာ ချဉ်ရည်ဟင်း တမယ်ချက်ထားပါတယ်
ချက်နည်းကတော့ ချဉ်ရည်ဟင်း ချက်နည်းအတိုင်း ရိုးရိုးလေးပါဘဲ ဒါပေမဲ့ ချင်းနဲ့ပုဇွန် ရောပြီးထောင်းထားတဲ့ ပုဇွန်လုံးဟင်း အရသာကက အရသာရှိလွန်းလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ
  • ပုဇွန်ထုတ် ကြီးကြီး - ၈ကောင်ခန့်
  • ကြက်သွန်နီ - ဥကြီးကြီး တဥနှင့်တ၀က် (တဥကို ပုဇွန်စဉ်းတဲ့အထဲထည့်ရန်)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ (၃မွှာကို ပုဇွန်စဉ်းတဲ့အထဲထည့်ရန် )
  • ချင်း - လက်တဆစ်
  • ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆီ - ထမင်းစားဇွန်း ၇နှစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို ပုဇွန်စဥးတဲ့အထဲထည့်ရန်)
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို ပုဇွန်စဉ်းတဲ့အထဲထည့်ရန် )
  • ရှမ်းနံနံ - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  1. ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ် ကြောဖက်မှ အမည်းကြောင်းထုတ်ကာ ရေတထပ် ထပ်ဆေးထားပါ
  2. ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  3. ပုဇွန်ကို ပုံပါအတိုင်း ခပ်နုတ်နုတ်စဉ်းထားပါ
  4. ပုဇွန်စဉ်းပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ဆား နနွင်းမှုန့် အရသာမှုန့်တို့ထည့်ကာ အချက် ၁၀၀လောက် ဓါးနဲ့ထပ်စဉ်းပေးပါ
  5. ဓါးနဲ့စဉ်းပြီးတာနဲ့ ပြောင်းကော်မှုန့်ကာ ငရုတ်ဆုံထဲထည့်ပြီး အချက်၅၀လောက် ထောင်းပေးပါ
  6. ပုဇွန်ထောင်းပြီးတာနဲ့ အနေတော် အလုံးလေးများ လုံးပေးပါ
  7. ကြက်သွန်ဖြူ  ကြက်သွန်နီတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ သို့မဟုတ် ပုံပါအတိုင်း လှီးထားပါ
  8. ခရမ်းချဉ်သီးကို ခပ်ပါးပါး လှီးထားပါ
  9. နံနံပင်ကို ရေဆေးထားပါ
  10. ဇောက်နက်သောအိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ထည့်ပါ 
  11. ဆီပူထဲမှာ ပုဇွန်လုံးများကို ထည့်ကြော်ပေးပြီး ရွှေဝါရောင်သန်းလာရင် ဆယ်ထားပါ
  12. ကြော်ပြီးသော ဆီများထဲမှ ဆီ ထမင်းစားဇွန်း ၃ဇွန်းစာလောက် ဖယ်ထားပြီး ခပ်နုတ်နုတ်လှီထားသော ကြက်သွန်များနှင့် ငရုတ်သီးကိုထည့်ပြီး ဆီသတ်ပေးပါ
  13. ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်မွှေပါ
  14. ခရမ်းချဉ်သီးကျေတာနဲ့ ပုဇွန်လုံး ငံပြာရည် ဆား အရသာမှုန့်ထည့်ကာမွှေပါ
  15. အရသာများ ထည့်ပြီးပါက ပုဇွန်လုံးကို ရေမြုပ်အောင်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ
  16. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်း၍ လိုသလိုပြင်ကာ ရှမ်းနံနံအုပ်ပြီး စားသုံးရန် ပြင်ပေးပါ



3 comments:

  1. အကြိုက်ပေါ့မမာရယ်။
    အပင်လေးတွေရှိသေးလား။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. စားနော် အိုင်အိုရာရေ
      အပင်တွေ များလို့ မမာ လေ အိုင်အိုရာကို သတိရနေတာ

      Delete
    2. အိုင်အိုရာလည်း သဘောင်္စေ့လေးတွေကိုယ့်ဟာကိုယ်ပျိုးပြီးစိုက်ထားတာ အပင်လေးတွေ တတောင်လောက်ရောက်နေမှ ရာသီဥတုကြောင့် အိမ်ထဲသွင်းထားရင်းနဲ့ ပဲ သေကုန်လို့ နှမြောနေတာ။
      အိုင်အိုရာက အသီးဝယ်စားလို့ ရတော့ အရွက်လေးစားရရင်တော်ပါပြီဆိုပြီးအရိပ်တကြည့်ကြည့်နဲ့ နေတာခုတော့ကုန်ပြီမမာရေ။
      အပင်လေးတွေတင်အုန်းနော် မမာအားရင်။
      အိုင်အိုရာ

      Delete