Sunday 28 February 2016

ရှမ်းနံနံအုပ် ပုဇွန်ဆုတ်ချဉ်ရည်ဟင်း








ပုဇွန်ထုတ်ကို ကြိတ်ပြီး အမွှေးနံ့သာတွေနဲ့ရောကာ ချဉ်ရည်ဟင်း တမယ်ချက်ထားပါတယ် ချက်နည်းကတော့ ချဉ်ရည်ဟင်း ချက်နည်းအတိုင်း ရိုးရိုးလေးပါဘဲ ဒါပေမဲ့ ချင်းနဲ့ပုဇွန် ရောပြီးထောင်းထားတဲ့ ပုဇွန်လုံးဟင်း အရသာက အရသာရှိလွန်းလို့မာမာပြင်ဆင်ပြီး ချက်ထားတဲ့  ချက်နည်းလေးကို မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် အကောင်ကြီးကြီး - ၈ကောင်ခန့်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ (၃မွှာကို ပုဇွန်ကြိတ်တဲ့ အထဲထည့်ရန် )
  3. ချင်း - လက်တစ်ဆစ်
  4. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. နနွင်းမှုန့် - လိုသလောက် သုံးပေးပါ
  6. ကြက်ဥ - တစ်လုံး
  7. ဆီ - ထမင်းစားဇွန်း ၇နှစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ကို ပုဇွန်ကြိတ်တဲ့ အထဲထည့်ရန်)
  10. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ကို ပုဇွန်ကြိတ်တဲ့ အထဲထည့်ရန် )
  12. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ပေးပါ
  2.  ကြောဖက်မှ အမည်းကြောင်းထုတ်ကာ ရေတစ်ထပ် ထပ်ဆေးထားပါ
  3. ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  4. ကြက်ဥကို အကာနှင့် အနှစ်ခွဲပြီး အကာကိုဘဲ သုံးပေးပါ
  5. ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  6. ဗလင်ဒါထဲမှာ ပုဇွန် ဆား အရသာမှုန့် ကြက်ဥအကာနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့ ထည့်ပေးကာ ညက်နေအောင် ကြိတ်ပေးပါ 
  7. စေးညက်လာတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပြီး cling wrap နဲ့အုပ်ပြီး  ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာထည့်ကာ နှစ်နာရီခန့် နှပ်ထားပါ
  8. ပုဇွန်ကြိတ်သား နှပ်ထားချိန် ပြည့်တာနဲ့ ကြော်ဖို့ ပြင်ပေးပါ
  9. ပုဇွန်ကြိတ်ပြီးသားကို အနေတော် အလုံးလေးများ လုံးပေးပါ
  10. ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ပြီး အပူပေးပါ
  11. ဆီပူလာတာနဲ့ လုံးထားသော ပုဇွန်လုံးလေးများကို ထည့်ကြော်ပေးပါ
  12. ပုဇွန်လုံး တစ်လုံးလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူ  ကြက်သွန်နီတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ သို့မဟုတ် ပုံပါအတိုင်း လှီးထားပါ
  2. ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  3. ရှမ်းနံနံကို ရေဆေးထားပါ
  4. ဇောက်နက်သောအိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်ပြီး အပူပေးပါ 
  5. ဆီပူထဲမှာ ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  6. ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်မွှေပေးပါ
  7. ခရမ်းချဉ်သီးကျေသွားတာနဲ့ ပုဇွန်လုံောကာ်း ငံပြာရည် ဆား အရသာမှုန့်တို့ ထည့်ကာမွှေပေးပါ
  8. အရသာများ ထည့်ပြီးပါက ပုဇွန်လုံးကို ရေမြုပ်အောင်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  9. ရေဆူလာတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်း၍ လိုသလိုပြင်ပေးကာ ရှမ်းနံနံအုပ်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

3 comments:

  1. အကြိုက်ပေါ့မမာရယ်။
    အပင်လေးတွေရှိသေးလား။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. စားနော် အိုင်အိုရာရေ
      အပင်တွေ များလို့ မမာ လေ အိုင်အိုရာကို သတိရနေတာ

      Delete
    2. အိုင်အိုရာလည်း သဘောင်္စေ့လေးတွေကိုယ့်ဟာကိုယ်ပျိုးပြီးစိုက်ထားတာ အပင်လေးတွေ တတောင်လောက်ရောက်နေမှ ရာသီဥတုကြောင့် အိမ်ထဲသွင်းထားရင်းနဲ့ ပဲ သေကုန်လို့ နှမြောနေတာ။
      အိုင်အိုရာက အသီးဝယ်စားလို့ ရတော့ အရွက်လေးစားရရင်တော်ပါပြီဆိုပြီးအရိပ်တကြည့်ကြည့်နဲ့ နေတာခုတော့ကုန်ပြီမမာရေ။
      အပင်လေးတွေတင်အုန်းနော် မမာအားရင်။
      အိုင်အိုရာ

      Delete