တစ်ခါတလေမှာ အသီးအရွက်လေးတွေချက်တိုင်း သတိထားရတာလေးတွေ ရှိတတ်ပါတယ် အရွက်လေးတွေ မသင်ခင်မှာ အပင်လိုက်ကို ရေအရင်ဆေးပြီးမှ သင်ပေးတာ အကောင်းဆုံးပါ။
ဘာလို့အပင်လိုက် ရေအရင်ဆေးလဲဆိုရင် အရွက်တွေမှာကပ်နေတဲ့ ပိုးသတ်ဆေးတွေ အရင်ဆုံး စင်စေချင်လို့ပါဘဲ။
အရွက်တွေ သင်ပေးပြီးရင်လဲ ဇလုံထဲမှာ ရေနဲ့ဆားအနည်းငယ်ထည့်ပြီး အရွက်ထည့်ကာ ရေနာဝက်လောက် စိမ်ပေးပါ အခုလို စိမ်ပေးခြင်းကြောင့် အရွက်တွေမှာ ကပ်နေတတ်တဲ့ ပိုးကောင်လေးတွေ ကပ်နေတာ စင်စေချင်လို့ပါဘဲ။
နောက်တခုက အခုကြော်မဲ့ ဂေါ်ရခါးညွန့်က ရေဆူဆူထဲမှာ နှစ်မိနစ်လောက် ပြုပ်ပေးပြီးမှ ကြော်တာက နူးနူးညံ့ညံ့နဲ့ စားလို့ပိုပြီးတော့ ကောင်းစေပါတယ်၊ရေနွေးနဲ့ မပြုပ်ဘဲ ကြော်တာက မာဆတ်ဆတ်ကြီး ဖြစ်တတ်တဲ့အတွက် စားရတာ အဆင်မပြေလှပါဘူး။
အရွက်ကြော်တာကတော့ ထုံးစံအတိုင်း ကြက်သွန်ဖြူ ကိုဆီသတ်ပြီး ကြော်တာဘဲမို့ လွယ်လွယ်ကူကူနဲ့ ကြော်လို့ရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဂေါ်ရခါးညွန့် - အညွန့် သုံးဆယ်ခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အရွက်ကြော်ထဲ ထည့်ရန် )
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အရွက်ဆေးတဲ့အထဲ ထည့်ရန် )
- ဆား - ထမင်းစားဇွန်း တစ်ဝက်သာသာ (အရွက်ပြုပ်ထဲ ထည့်ရန်)
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (အရွက်ပြုပ်ထဲ ထည့်ရန်)
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း (အရွက်ေကြာ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
- ပုဇွန်ခြောက် - မိမိနှစ်သက်သလောက်ထည့်ပါ
- ငရုတ်သီးစိမ်း - မိမိနှစ်က်သလောက်ထည့်ပါ
ပြင်ဆင်ပုံ
- ဂေါ်ရခါးညွန့်ကို အရင်ဆုံး အပင်လိုက် ရေဆေးပေးပါ။
- ရေဆေးပြီးတာနဲ့ အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပေးပါ။
- ပြီးတာနဲ့ အပင်မှ အရွက်များကို အရင်ဆုံး ဖြတ်ပေးပါ။
- ပြီးတာနဲ့ အပင်ကို အလယ်မှခြမ်းပြီး အနေတော် ပိုင်းဖြတ်ကာ မာနေသော အကြောမျှင်များကို ဖယ်ထားပေးပါ။
- ထွင်ထားသော အရွက်များကို ဇလုံထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ဆားထည့်မွှေပေးပြီး အရွက်ထည့်ကာ နာရီဝက်ခန့် စိမ်ထားပါ။
- ထိုသိုရေ့စိမ်ထားပါက အရွက်မှာ ကပ်နေသော ပိုးကောင်လေးတွေ ထွက်လာတတ်ပါတယ်။
- အိုးတစ်လုံးထဲမှာ ရေခပ်များများ ဆီနှင့် ဆားတို့ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ပေးပါ။
- ရေဆူလာတာနဲ့ အရွက်များကို နှစ်မိနစ်လောက် ပြုပ်ပေးပါ။
- ပြီးတာနဲ့ ရေပူများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေ
- စစ်ထားပါ။
- ငရုတ်သီးစိမ်းကို ရေဆေးထားပါ။
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပုဇွန်ခြောက်ကို ရေဆေးကာ နာရီဝက်လောက် ရေထာစိမ်ထားပါ။
- ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ။
- ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ။
- ပြီးတာနဲ့ ပုဇွန်ခြောက်နဲ့ ဂေါ်ရခါးညွန့်များထည့်ပြီး ဆားနှင့် အရသာမှုန့် ထည့်မွှေပါ။
- နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်သီးစိမ်းထည့်ကာ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ။
- ပြီးတာနဲ့ ဂေါ်ရခါးညွန့်ကြော်ကို ပူနေတုန်းလေး မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:
Post a Comment