Thursday 5 December 2019

တို့ဟူး နှစ်ပြန်ကြော်


မနက်စောစော အဆာပြေ အစာလေးဘဲဖြစ်ဖြစ် နေ့လည်အဆာပြေ အစာလေးဘဲဖြစ်ဖြစ် တို့ဟူးနှစ်ပြန်ကြော်လေးကလဲ မြန်မာပြည်ကို အလွမ်းတွေပြေစေသလို အပျင်းလဲပြေ ဗိုက်လဲဝပေါ့နော်။

တို့ဟူးသုပ် တို့ဟူးကြော်ဆိုရင် ဘယ်အချိန်လာလာ စားချင်တာမို့ မြန်မာပြည်မှာနေထဲက ကိုယ့်ဘာသာကိုယ် ကျိုတတ်အောင် အမျိုးမျိုး စမ်းပြီးကျိုပါတယါ။

အရသာအမျိုးမျိုး ထွက်အောင်လဲ ကျိုကြည့်ဖူးလေတော့ အခုလဲ တို့ဟူးကို ဆားအရသာထည့်ပြီး ကျိုထားတာလေး ပြောပြချင်ပါတယ် အစိမ့်ခပ်ပေါ့ပေါ့ မဟုတ်ဘဲ အစိမ့်ခပ်လေးလေး အရသာလေးမို့ တို့ဟူးအရသာကို ပိုပြီးပေါ်စေပါတယ်။

တို့ဟူးကျိုရန်
  • ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးကို ရေ ၄ဗူးခွဲနှင့် ၅နာရီလောက် အနည်းဆုံးစိမ်ထားပါ
  • ပဲကျိုပြီးသားထည့်ရန် အနေတော် စတီးဇလုံကို ဆီသုပ်ထားပေးပါ
  • ပဲကျိုမည့်အိုးကို အောက်ခြေထူပြီး မကပ်သော အိုးကိုသုံးကာ အပူပေးပါ
  • အိုးပူလာတာနဲ့ ပဲရည်ကိုအရင်ထည့်ပြီး ၂မိနစ်လောက် ပြစ်လာအောင် ကျိုလိုက်ပါ
  • ပဲရည်ပြစ်လာတာနဲ့ ကျန်နေသော ပဲအနှစ်များကို မုန့်လုပ်လျှင်သုံးသော ဂျုံစစ်ဇကာခံကာ ပဲရည်အိုးထဲလောင်းချပါ
  • ဆီ ထမင်းစားဇွန်း ၂ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တ၀က်မရှိ တရှိထည့်ပြီး ဆက်တိုက်မွှေပေးပါ
  • ၁၁မိနစ်လောက်နေရင် ပဲအနှစ်ပြစ်လာပြီဆိုတာနဲ့ ဆီသုပ်ထားသော ဇလုံထဲကို ခပ်မြန်မြန်လောင်းချပါ
  • မျက်နှာပြင် ညီအောင်ညှိပြီး နာရီ၀က်လောက် အအေးခံကာ မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ

တို့ဟူးနှစ်ပြန်ကြော်ရန်
  • တို့ဟူးကို နည်းနည်းခပ်ထူထူ အနေတော် အတုံးလေးများ လှီးထားပါ
  • ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ တို့ဟူးကို တစ်တုံးခြင်း ထည့်ကာ အိုးဆန့်သလောက် ထည့်ပေးပြီး ကြော်ပေးပါ
  • တို့ဟူးတုံးများ တစ်ဖက် ရွှေဝါရောင် သန်းလာတာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပါ
  • တို့ဟူးတစ်တုံးလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  • ဆီစစ်ထားသော တို့ဟူးများ အနည်းငယ် အေးလာတော့မှ နောက်တစ်ကြိမ် ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျော့ချပြီးမှ ကြော်ပြီးသား တို့ဟူးများကို တစ်ခုခြင်း အိုးဆန့်သလောက်ထည့်ကာ ပြန်ကြော်ပေးပါ
  • မိနစ်၀က်လောက်ဘဲကြော်ပြီး ပြန်ဆယ်ပေးကာ ဆီစစ်ပေးပါ
  • ဆီစစ်တာနဲ့ တို့ဟူးနှစ်ပြန်ကြော် ကြွတ်ကြွတ်လေးကို နှစ်သက်ရာ အချဉ်နှင့်တို့ကာ စားနိုင်ပါပြီ။