Sunday 31 July 2016

​ရွှေဖရုံသီးဟင်း




ဒီက ရွှေဖရုံသီးတွေ စားရတာ မြန်မာပြည်က ရွှေဖရုံသီးလို စေးစေးထန်းထန်းလေး မနေဘဲ ချက်လိုက်တိုင်း ဖွာလန်ကျဲလေးလေး ဖြစ်နေတော့တာပါဘဲ ဒါပေမဲ့လဲ ရွှေဖရုံသီးဆို ဘယ်လိုချက်ချက် အရမ်းကြိုက်တဲ့အတွက် မကြာမကြာတော့ ချက်စားဖြစ်ပါတယ် ဒီနေ့လဲ ပုဇွန်ခေါင်းချိုး ပိစိကွေးလေးတွေ ရလာတော့ အရည်သောက်ဆမ်း ဟင်းတမယ် လွယ်ကူမြန်ဆန်စွာ ချက်မိပြန်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရွှေဖရုံသီး - တစ်ကီလို
  2. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ပုဇွန်ခေါင်းချိုး - ၁၅ကျပ်သား
  10. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံးအလတ် တစ်လုံးခွဲစာ

ပြင်ဆင်ပုံ
  • ရွှေဖရုံသီးကို အခွံခွာပြီး အစေ့ထုတ်ကာ အနေတော်တုံးပြီး ရေဆေးထားပေးပါ
  • ပုဇွန်ကိုရေဆေးကာ ခေါင်းအမြှီးဖြုတ်ပြီး ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းနှင့် နယ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် နနွင်းမှုန့် ထည့်ကာ မိနစ်ဝက်ခန့် ကြော်ပေးပါ
  • ပြီးတာနဲ့ ရွှေဖရုံသီးထည့်ပြီး ၁ မိနစ်ခန့် ကြော်ပေးကာ ဆားနှင့် ရေကို ထည့်ပေးပါ
  • ဟင်းရည်အပျစ် အကျဲကို လိုသလိုပြင်၍  ထည့်ပေးပါ
  • ရွှေဖရုံသီး ပျော့ရုံလေး တည်ပေးပြီး အထက်အောက် အသာလေး လှန်ပေးပါ
  • ပြီးတာနဲ့ပုဇွန်ထည့်ပြီး အဖုံးအုပ်ကာ ၄မိနစ်ခန့် တည်ပေးပါ
  • ပုဇွန်ကျက်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ရွှေဖရုံသီး ပုဇွန်ခေါင်းချိုး အရည်သောက်ဆမ်းဟင်းကို ပုဇွန်ငါးပိထောင်း သရက်သီးကုလားတယ်နှင့်ချက်ထားသော ကြက်သားဟင်းဆီပြန်တို့နှင့် တွဲဖက်ပြီး သုံးဆောင်ရန်ပြင်ပေးပါ။

Saturday 30 July 2016

ကြက်တောင်ပံ ပူစပ်ဟင်းချို



ခရီးသွားကအပြန် ပဒဲကောတွေ တနင့်တပိုး ၀ယ်လာပြီး ဘာချက်ရမလဲ စဉ်းစားနေမိရာက ခရီးပန်းကာ ပင်ပန်းတာရော ဖျားတာရော ရောပြီးသကာလ ခံတွင်းတွေပျက် အရသာတွေ မဲ့နေလေတော့ ချဉ်ငံစပ်လေး သောက်ချင်တာနဲ့ ထိုင်းအစာကို အခြေခံပြီး ပြင်ဆင်လိုက်တဲ့ ချဉ်ငံပူစပ် အရည်သောက်ဆမ်း ဟင်းတပွဲအတွက် လွယ်ကူမြန်ဆန် ချက်ပြုပ်နိုင်ဖို့ ပြင်ဆင်ပုံလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ - 500g
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • စပါးလင် - ၂လက်မအရွယ် ၂ချောင်း
  • ကြက်သွန်ပင်အမြစ် - ၂လက်မအရွယ် ၄ခု
  • နံနံပင်အမြစ် - ၂ခု
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ပဒဲကော - တလက်မခွဲခန့် 
  • ငရုတ်သီး လုံးခြမ်းကွဲ - စားနိုင်သလောက်
  • သံပုရာသီး - နှစ်သက်သလောက်
  • ရေ - 6cups (ဟင်းရည်ချက်ရန်)
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ရေတ၀က်လောက်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ
  • ပွက်ပွက်ဆူနေသော ရေနွေးထဲမှာ သန့်စင်အောင် ဆေးထားသော ကြက်တောင်ပံများကို ၃မိနစ်လောက် ပြုပ်ကာ ရေသွန်ပေးထားပါ
  • ဟင်းရည် ကြည်ကြည်လေးရအောင် ပထမပြုပ်ရည်များကို သွန်ပေးရပါမယ်
  • အိုးအသစ် နောက်တလုံးထဲကို ကြက်တောင်ပံအရိုးများ ဆယ်ပြီး ပြောင်းထည့်ပေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ထုထားပါ
  • နံနံပင်အမြစ်ကို ရေဆေးပြီး ထုထားပါ
  • ကြက်သွန်ပင်အမြစ်ကို ရေစင်အောင် ဆေးထားပါ
  • ပဒဲကောကို ရေဆေးပြီး ထုထားပါ
  • သံပုရာသီးကို အနေတော် စိတ်ထားပါ
  • ရေ 6cups
ကြက်တောင်ပံပြုပ်ရန်
  • အိုးပြောင်းထည့်ထားသော ကြက်တောင်ပံများကို ရေ ဆား ငံပြာရည်တို့ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ပေးပါ
  • ရေ ပွက်ပွက်ဆူလာလျှင်  ငရုတ်သီးမှုန့် စပါးလင် ကြက်သွန်ပင်အမြစ် နံနံပင်အမြစ် ပဒဲကော တို့ကို ထည့်ကာ ရေပြန်ဆူလာသည်အထိ ပြုပ်ပေးပါ
  • ရေဆူလာတာနဲ့ အချိုမှုန့်ထည့်ပေး၍ အဖုံးဖုံးကာ ၁၅မိနစ်လောက် ပြုပ်ပေးပြီး အရသာမြည်း၍ လိုသလိုပြင်ပေးပါ
  • ပြီးတာနဲ့ စားနိုင်သလောက် တပွဲစာယူပြီး သံပုရာရည်တို့ ညှစ်ကာ ချဉ်ငံပူစပ် ကြက်တောင်ပံ အရည်သောက်ဆမ်းကို  စားသုံးနိုင်ပါပြီ။
သောက်မည့်သူနည်းပါက ဤနည်းအတိုင်း အချိုးအစားအားလုံး တ၀က်ဆီပြင်ကာ  တ၀က်လောက်ဘဲ ပြုပ်ပေးပါ

Friday 29 July 2016

အမဲသားထောင်းကြော်











အိမ်မှာ စားလေ့စားထ မရှိပေမဲ့ မိတ်ဆွေတယောက်အိမ်ကို ယူသွားချင်လို့ အမဲသားထောင်း ကြော်လေးကြော်ဖြစ်သွားပါတယ် စပ်စပ်လေးနဲ့မွှေးနေပြီး အရသာ ကောင်းလွန်းကာ စားကောင်းလွန်းတဲ့ အမဲသားထောင်းဟင်းတစ်မယ် ပြင်ဆင်ချက်ပြုပ်နိုင်အောင် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အမဲသား - 1 kg
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ကြက်သွန်ဖြူအမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ချင်းအမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. နံနံပင် အခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. နာနတ်ပွင့် - ခပ်သေးသေး တစ်ပွင့်
  10. နံနံစေ့ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ခရုဆီ - ထမင်းစားဇွန်း သုံးဇွန်း
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  14. ရေ  - 1/3 cups

အရသာနယ်ရန်နှင့် ပြင်ဆင်ပုံ
  • အမဲသား အတုံးလိုက်ကို ရေစင်အောင် ဆေးပေးပါ
  • ရေဆေးပြီးမှ လက်တစ်လုံးလောက် အထူမှန်းပြီး အရှည်လိုက် လှီးပေးပါ
  • အသားကို ကန့်လန့်ဖြတ် မလှီးမိအောင် သတိထားပါ
  • ကန့်လန့်ဖြတ် လှီးမိပါက အသားအမျှင်လေးများ မရဘဲ တိုပြတ်ပြတ်လေး ဖြစ်သွားပြီး ဟင်းပွဲပြင်ရင် မလှနိုင်ပါ
  • ပြီးမှ အရှည်လိုက် လှီးထားသော အသားတုံးကို အလယ်မှ ထက်ဝက်လှီးပေးပါ
  • နာနတ်ပွင့်နှင့် နံနံစေ့တို့ကို ညက်နေအောင် ထောင်းထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်ခုထဲမှာ ပါဝင်ပစ္စည်း အကုန်ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အသားထည့်ပြီး အရသာနယ်ထားသော ဇလုံကို cling wrapဖြင့် လုံအောင်အုပ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ အနည်းဆုံး ၆မှ၈နာရီကြာအောင် ထည့်ထားပါ
  • အသားနှပ်ချိန် ပြည့်တာနဲ့ အိုးတစ်လုံးကို အပူပေးပါ
  • အိုးပူလာတာနဲ့ အရသာ နှပ်ထားသော အသားကို ထည့်ပြီး ၄မိနစ်ခန့် တည်ပေးပြီး မွှေမွှေပေးပါ
  • အသားများ အရောင်ပြောင်းလာတာနဲ့ ရေထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ပြုပ်ထားသော ရေခမ်းလာတာနဲ့ အသားများကို ဆယ်လိုက်ပါ
  • ပြုပ်ထားသော အသားများကို တစ်တုံးခြင်းဆီ စဥ့်နီတုန်းပေါ်တင်ပြီး ငရုတ်ကျည်ပွေ့နှင့် ထုပေးပါ
  • ထုထားသော အသားများကို ထုနေစဉ် အာဗင်ကို 110°cနှင့် ၁၅မိနစ် ကြိုပြီးဖွင့်ထားပေးပါ
  • ထုထားသော အသားများကို အမျှင်အဖတ်လေးများရအောင် ဖွပြီးနွှင်ထားပေးပါ
  • ပြီးတာနှင့် အာဗင်သုံးလို့ ရသည့် ဗန်းတစ်ခုထဲမှာ ဖွပြီးနွှင်ထားသော အသားများကို ဖြန့်ပြီးထည့်ပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ အပူပေးထားသော အာဗင်ထဲမှာ ထည့်ပြီး မိနစ်၃၀မှ မိနစ် ၆၀ခန့် အတွင်း ကင်ပေးပါ
  • ကင်နေစဉ် မိနစ် ၃၀ပြည့်တာနဲ့ အပြင်ခနထုတ်ပြီး အထက်အောက် သမအောင်မွှေပြီး အာဗင်ထဲ ပြန်ထည့်ပေးပါ
  • အာဗင်ထဲ ထည့်ချိန်ပြည့်တာနဲ့ အပြင်ထုတ်ပေးကာ မွှေးပျံ့သော အမဲသားထောင်းကင်ကို စားသုံးနိုင်ပါပြီ။

Thursday 28 July 2016

အသုပျစုံ


ကိုယ်စားနေကျ မဟုတ်တဲ့ ပေါ့လျံလျံအစာတွေနဲ့ နပမ်းလုံးလာခဲ့ရတဲ့ အစာတွေစားပြီး နေတွေလဲ မကောင်းချင်သလိုလိုနဲ့ အိမ်ပြန်ရောက်တာနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ထမင်းနဲ့ပဲကြာဇံအရောလေး ချဉ်ပြီး ငံစပ်နေအောင် သုပ်စားဖြစ်လို့ တစ်ခါထဲ ဗိုက်ဝစေမဲ့ လွယ်ကူမြန်ဆန် ချဉ်ငံစပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  1. ပဲကြာဇံ အခြောက် - 50 g
  2. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတပုံ (ဆီချက်ချက်ရန်)
  6. ဆီ - လိုသလောက် သုံးပေးပါ
  7. အရသာမှုန့် - လိုသလောက်
  8. ကြက်သွန်ဖြူ ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  9. မကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
  10. ငါးငံပြာရည် - လိုသလောက်
  11. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  12. ကြက်သွန်ဖြူ (၁၃မွှာ ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  13. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငရုတ်ကောင်းမှုန့် ငါးစေ့ခန့်
  15. ဂေါ်ဖီ - အနည်းငယ်
ထမင်းချက်ရန်
  1. ဆန်ကိုရေနှစ်ထပ်ခန့်ဆေးကာ ပုံမှန်ထမင်းချက်သည့်အတိုင်း ချက်ပေးပါ
  2. ထမင်းကျက်တာနဲ့ အအေးခံထားပါ
အာလူးပြုပ်ရန်
  1. အာလူးကို ရေဆေးပြီး ဇောက်နက်သော အနေတော် အိုးထဲမှာ ထည့်ပေးပါ
  2. ပြီးတာနဲ့ အာလူးကို ရေမြုပ်အောင်ထည့်ပြီး အာလူးနူးအောင် ပြုပ်ပေးပါ
  3. အာလူးနူးတာနဲ့ အခွံခွာပြီး မထူမပါူလေးတွေ လှီးပေးပါ

ကြာဇံပြုပ်ရန်
  • ပဲကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားကာ ရေစစ်ထားပြီး ဇလုံတစ်လုံးထဲမှာ ထည့်ပေးထားပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစစ်ထားသော ကြာဇံဇလုံထဲကို ရနွေးပူပူ လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် သုံးမိနစ်လောက်ကြာတာနဲ့ ရေနွေးကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
ဆီချက် ချက်ရန်
  • ကြက်သွန်ဖြူငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထမင်းစားဇွန်း ဇွန်းနှစ်ဆယ်စာလောက်ထည့်ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ ဆီထဲကို နနွင်းမှုန့်ထည့်ပေးကာ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြက်သွန်ဖြူများ အ၀ါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  • ဆီကိုလဲ အအေးခံကာ ဆီချက်အေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်ကာ မီးအေးအေးနှင့် တည်ထားပါ
အသုပ် တစ်ပွဲစာပြင်ရန်
  • အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာနှင့် စိမ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ထမင်း ဂေါ်ဖီ အာလူးနှင့် ပဲကြာဇံတို့ကို တစ်ပွဲစာ ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ မကျည်းရည် ထမင်းစားဇွန်း တစ်ဝက်သာသာ တို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • ပဲကြာဇံထမင်းသုပ် အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။

Wednesday 27 July 2016

ငါးဟင်း ဆီလည်ရေလည်


ချဉ်ငံစပ် အရသာအစုံပါတဲ့ ငါးဟင်းဆီလည်ရေလည်ချက်ပြီး ထမင်းပူပူလေးနဲ့စားရလေအောင် ဒီနေ့တော့ ငါးဟင်းတမယ် ပြင်ဆင်မိပါတယ် အရိုးကြောက်သူတွေအတွက် အသားနွှင်ရလွယ်အောင် ငါးကို ခပ်ထူထူတုံးပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးတကောင် - 500 g (ပင်လယ်ငါးကို သုံးထားပါတယ် )
  2. သံမယိုသီး - တစ်လုံးနှင့်တစ်ခြမ်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း ( ငါးအရသာနယ်ရန်နှင့် ဟင်းအိုးထဲထည့်ရန်)
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက် (ဟင်းအိုးထဲထည့်ရန်)
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  10. ချင်း - လက်တစ်ဆစ်ခန့်
  11. ကြက်သွန်နီ - ဉအသေး ၅လုံး
  12. ကြက်သွန်နီ - အနေတော် တစ်လုံး
  13. ငရုတ်သီး အရောင်တင်မှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ချင်း - လက်တစ်ဆစ်ခန့်
  15. ဆီ - ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ပုံ
  • ငါးကို အကြေးခွံခွာပြီး အူကလီစာများ ထုတ်ကာ ခပ်ထူထူပိုင်းပြီး ရေစင်အောင်ဆေးပါ
  • ငါးကို ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်နှင် သံပုရာညှစ်ကာ ဖိဖိပြီး ဆုတ်ဆုတ်နယ်ပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီးရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းပေးထားပါ
  • ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
ငရုတ်သီးဆီသတ်ရန်
  • ဇောက်နက်သော အိုးတလုံးကို ဆီထည့်ပြီး အပူပေးပါ ဆီပူလာပါက ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ငရုတ်သီးဆီသတ်နံ့ သင်းလာတာနဲ့ အရသာနယ်ထားသောငါးကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် ငါးကို ၂ချက် ၃ချက်လောက် အထက်အောက် မွှေပေးပါ
  • ငါးလုံးမိတာနဲ့ ကြက်သွန်နီအလုံးလိုက်နှင့် ငါးကိုရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ ဆက်တည်ပေးပါ 
  • ရေပွက်ပွက်ဆူလာပါက ငံပြာရည်နှင့် အချိုမှုန့်ထည့်ပေးပါ
  • ကြက်သွန်နီအလုံးများ နူးလာတာနဲ့ ခရမ်းချဉ်သီးကို လေးစိတ်စိတ်ပြီး အိုးထဲထည့်ပေးပြီး ဆက်တည်ပါ
  • ရေအနေတော်ထားပြီး ခရမ်းချဉ်သီး နွမ်းလာတာနဲ့ အရသာမြည်းပြီး အပေါ့အငံ လိုသလိုပြင်ပေးကာ စားသုံးရန် ပြင်နိုင်ပါပြီ။

Tuesday 26 July 2016

ပုန်းရည်ကြီး ထမင်းနယ်




ဒီနေ့တော့ ပုန်းရည်ကြီးသုပ်နဲ့ ထမင်းကို နယ်ဖတ်ပြီး စားချင်နေတာနဲ့ ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် စားမြိန်ထမင်းသုပ်လေး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ ထမင်းသုပ် သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုန်းရည်ကြီး - တထုတ်သေး တစ်ထုတ်
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်းမောက်မောက် သုံးဇွန်း
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံကိုး ခပ်ပါးပါး လှီးထားပါ
  4. ငရုတ်သီးစိမ်း - စားနိုင်သလောက် ခပ်ပါးပါး လှီးထားပါ
  5. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်ုး
  8. ပဲဆီ - ထမင်းစားဇွန်း ၁၀ဇွန်း
  9. ငါးငပိအနှစ် - ထမင်းစားဇွန်း ၂ဇွန်း  (ငါးပိရည်ကျိုရန်)
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ(   ။         )
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်(        ။     )
  12. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်( ငါးပိရည်ဖျော်ရန်)
  13. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း (       ။    )
  14. ချက်ပြီးသားထမင်း - တရုတ်ဟင်းပြင် ပန်းကန်အလတ် တစ်လုံးစာ


ငါးပိရည်ကျိုရန်
  • ငါးငပိအနှစ်ကို ဆား နနွင်းနှင့် ရေသင့်ရုံထည့်ပြီး ကျိုပေးပါ
  • ရေပွက်ပွက် ဆူလာပါက ၃မိနစ်လောက် ကျိုပေး၍ ပန်းကန်တခုထဲသို့ အရိုးများ မပါအောင် ပြောင်းထည့်ပေးပါ
  • ကျိုထားသော ငါးပိရည် ပန်းကန်ထဲသို့ ငရုတ်သီးအလှော်မှုန့်နှင့် အချိုမှုန့်ထည့်ပြီး မွှေပေးထားပါ
ပုန်းရည်ကြီးသုပ်ရန်
  • ဇလုံတလုံးထဲမှာ ပုန်းရည်ကြီးနှင့် ပါးပါးလှီးထားသော ငရုတ်သီးစိမ်း ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးအလှော်မှုန့် ပါးပါးလှီးထားသော ကြက်သွန်နီ အချိုမှုန့်နှင့် ဆီတို့ထည့်ပြီး သမအောင် ဇွန်းနဲ့နယ်ပေးပါ
ပြင်ဆင်ပုံ
  • ဇလုံတလုံးထဲမှာ ချက်ပြီးသားထမင်း တရုတ်ဟင်းပြင်ပန်းကန် အလတ်တလုံးစာနှင့် ပုန်းရည်ကြီးသုပ် ထမင်းစားဇွန်း ၃ဇွန်း ငါးပိရည် ထမင်းစားဇွန်း တဇွန်းတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ပုန်းရည်ကြီး ထမင်းသုပ် မွှေးမွှေးစပ်စပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Monday 25 July 2016

ကြက်သား ဘူးသီးဟင်း




ဆောင်းတွင်းအချိန်အခါ သမယလေးမှာ စားချင်တာက စပ်စပ်လေးဆိုတော့ ဒီတခါ ကြက်သားဘူးသီးကို ကာလသမီးချက်လေး ချက်လိုက်ပါတယ် မာမာချက်တဲ့ ကာလသမီးချက်လေးပေါ့နော်။

ကြက်သားတစ်ကောင်လုံးကို ကြိုက်နှစ်သက်ရာ အသားတွေနဲ့ ခုတ်ထစ်ပြီး ချက်လို့ရပါတယ် မာမာကတော့ အတောင်ပံ အရင်းကနေ အဖျားသားအထိ ခုတ်ထစ်ပြီး ချက်ထားပါတယ် ဟင်းအရောင် လှတာလေး လိုချင်လို့ ခရမ်းချဉ်သီးကိုလဲ ready made ဗူးသုံးပြီး ချက်ထားတဲ့ စားမိန်ဟင်းတမယ်အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်သား - တကီလို
  2. ဘူးသီး - တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် တစ်လုံးစာ
  3. ကြက်သွန်နီ - အနေတော်တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  10. စပါးလင် - ၂လက်မအရွယ် ၃ချောင်း
  11. ငရုတ်သီးစိမ်း - အနီရောင် ၅တောင့်
  12. ခရမ်းချဉ်သီး - အနေတော် ၃လုံး (or) ready made ခရမ်းချဉ်သီး -250 g
  13. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  14. ရေ - 1000 ml

ပြင်ဆင်ပုံ
  • ကြက်အကောင်လိုက်ကို ချက်ပါက တစ်ကာင်လုံးကို မလိုတာတွေဖယ်ပြီး အကောင်လိုက် ရေဆေးပေးပြီးမှ နှစ်သက်သလို ခုတ်ထားပါ
  • အတောင်ပံ ပေါင် ရင်ပုံသားစသည့် အသားများ သုံးပါက အနေတော် ခုတ်ထားပါ
  • ဘူးသီးကို အခွံခွာပြီး တစ်ဝက်ခြမ်း၍ ရေဆေးပေး၍ အလယ်သားများဖယ်ကာ ခပ်ထူထူ အတုံးလေးတွေ တုံးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • ခရမ်းချဉ်သီးကို ခပ်နုတ်နုတ် လှီးထားပါ
  • Ready made ဗူး သုံးပါက ဖောက်ပြီး အဆင်သင့် ပြင်ထားပါ
  • စပါးလင်ကို အနေတော် ဖြတ်ပြီး ကျေအောင် ထုထားပါ
  • ငရုတ်သီးစိမ်းကို မညက်တစ်ညက် ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ပစ္စည်းအားလုံးကို ရောထည့်ပြီး အရသာဝင်အောင် ရောပြီးနယ်ပေးပါ
  • အရသာနယ်ပြီးတာနဲ့ မီးအားပြင်းပြင်းဖွင့်ပြီး လုံးချက်ချက်ပေးပါ
  • ချက်နေစဉ် အိုးမကပ်စေရန် မကြာမကြာ အိုးကိုလှုပ်ပေးပြီး အထက်အောက် သမအောင် မွှေပေးပါ
  • ၁၀မိနစ်ခန့် လုံးချက် ချက်ပေးပြီးပါက မီးအားကို အနေတော်သို့လျှော့ကာ ရေထည့်ပြီး အဖုံးအုပ်ကာ နာရီဝက်ခန့် တည်ပေးပါ
  • နာရီဝက်ခန့်တည်ပြီးတာနဲ့ မီးပိတ်ပြီး အရသာမြည်း၍ လိုသလို ပြင်ပေးကာ စားသုံးရန် ပြင်ဆင်နိုင်ပါပြီ
  • ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် လိုက်ဖက်လွန်းသော ကြက်သားဘူးသီး ကာလသမီးချက် အရည်သောက်ဆမ်းဟင်းကို နှစ်သက်သလို သုံးဆောင် နိုင်ပါပြီ။

Sunday 24 July 2016

ငါးငရုတ်သီးစိမ်း အစပ်ချက်


ပုံမှန် တကီလိုကို $11 လောက်ရှိတဲ့ ဘာဆာငါးတွေကို တကီလို $4 လောက်နဲ့ ဈေးချတော့ ၆ကီလို ပုံးတပုံး ၀ယ်လာပြီး ချက်လိုက် ကြော်လိုက် ငါးဆားနယ် လုပ်လိုက်နဲ့ ငါးဟင်းပွဲတွေ မရိုးရအောင်ကို ချက်နေမိပါတော့တယ်။

ဆောင်းရဲ့အေးချမ်းမှုကို ကာကွယ်နိုင်ဖို့ ငါးကို ငရုတ်သီးစိမ်းနဲ့ ခပ်စပ်စပ်လေးချက်ကာ ထမင်းမိန်မိန် စားရအောင် ချက်နည်းလေး မျှဝေလိုက်ပါတယ် ဘာဆာငါးအစား ငါးမြင်း ငါးမြစ်ချင်း ငါးချင်း ငါးရံ့ ငါးပါတ် စသည့်ငါးတွေနဲ့လည်း အစားထိုးပြီး ချက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး သို့မဟုတ် အသားများသောငါး - 500 g 
  2. အစပ်လွန်သော ငရုတ်သီးစိမ်း မိုးမျှော်ငရုတ်သီး အနီရောင် - ၁၂တောင့်
  3. အစပ်နည်းသော ငရုတ်သီးစိမ်း အတောင့်ကြီးကြီး အနီရောင် - ၇တောင့် 
  4. မစပ်သော ငရုတ်သီးစိမ်း အစိမ်းရောင် အတောင့်ကြီးကြီး - ၃တောင့်(ဟင်းအိုးအုပ်ရန်)
  5. နံနံပင် - အနည်းငယ်
  6. ခရမ်းချဉ်သီး - အနေတော် ၅လုံး (လတ်လတ်ဆတ်ဆတ် သုံပါက)
  7. Ready made လှီးပြီးသားဗူး - 250 ml (ready made ဗူးသုံးပါက)
  8. ကြက်သွန်နီ - အနေတော် တခြမ်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာခန့်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ (ဟင်းအရသာနယ်ရန်နှင့် ဟင်းအိုးထဲထည့်ရန်)
  11. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအရသာနယ်ရန်နှင့် ဟင်းအိုးထဲထည့်ရန်)
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးအရသာနယ်ရန်နှင့်ဟင်းဆီသတ်ရန်)
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • ငါးကိုရေဆေးပြီး အနေတော်တုံးကာ အချိုမှုန့် နနွင်းမှုန့် ဆားတို့နဲ့ အရသာဝင်အောင် နယ်ထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းများ နံနံပင်တို့ကို ရေဆေးထားပါ
  • ကြက်သွန်နီ မစပ်သော ငရုတ်သီးစိမ်း စပ်သော မိုးမျှော်ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူကိုရောပြီး မညက်တညက် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးကိုအပူပေးကာ ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်ထောင်း ကျန်နေသော နနွင်းမှုန့် နှင့် ခရမ်းချဉ်သီးတို့ကို အိုးထဲထည့်ကာ ဆီသတ်ပေးပါ
  • ကြက်သွန် ငရုတ်သီးထောင်း အဖတ်များနွမ်းလာပါက ကျန်နေသောအချိုမှုန့် ကျန်နေသောဆားနှင့် ရေထည့်ကာ အိုးအဖုံး ဖုံးကာ ဟင်းအနှစ်များ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူလာတာနဲ့ ငရုတ်သီးစိမ်းတောင့် နှင့်အရသာ နယ်ထားသော ငါးများထည့်ကာ အထက်အောက် သမအောင်မွှေပေးပြီး ပွက်ပွက်ဆူအောင် ၇မိနစ်လောက် တည်ပေးပါ
  • ဟင်းနံ့လေး သင်းလာပြီဆိုတာနဲ့ အိုးအဖုံးဖွင့်ကာ နံနံပင်အုပ်၍ မီးပိတ်ပေးပြီး စားသုံးရန် ပြင်ဆင်နိုင်င်ပါပြီ။

Saturday 23 July 2016

အမဲသား အမွကြော်









ဒီနေ့တော့ အလှူတစ်ခုကို ယူသွားဖို့ အမဲသားအမွကြော်လေး ကြော်ဖြစ်ပါတယ် မွရွနေပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို ကြော်စားချင် သူတွေအတွက် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. အမဲသား - 1000 g
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ကြက်သွန်နီ - အလုံးကြီးကြီး ငါးလုံး
  4. ချင်း - တစ်လက်မခန့်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အသားအရသာနယ်ရန်နှင့် ကြက်သွန်ကြော်ရန် တစ်ဝက်ဆီခွဲသုံးပါ)
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆီ - လိုသလောက် သုံးပေးပါ
  8. ရေ - 2 cups

ပြင်ဆင်ပုံ
  • အမဲသားကို ရေဆေးပြီး အမဲသားကို အရှည်လိုက် ပုံပါအတိုင်း အတုံးလေးတွေ တုံးပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလေးတွေ လှီးပေးပါ
  • ခပ်ပါးပါး လှီးထားသော ကြက်သွန်နီများကို လက်နှင့် ဆုတ်ဆုတ်ချေပြီး ဖွထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ချင်းပြား အမဲသား ဆား နနွင်းမှုန့် အရသာမှုန့်တို့နှင့် အရသာဝင်အောင် နယ်ထားပြီး အနည်းဆုံး တစ်နာရီလောက် နှပ်ထားပါ
  • ပြီးတာနဲ့ အရသာ နှပ်ထားသော အိုးထဲကို ရေမြုပ်အောင်ထည့်၍ အဖုံးဖုံးကာ မီးအနေတော်နဲ့ တည်ထားပေးပါ
  • အသားအိုး တည်ထားစဉ် အရသာဝင်စေရန်နှင့် အသားအကျက်ညီစေရန် နှစ်ခါသုံးခါလောက် လှန်ပေးပါ
  • ရေတစ်ဝက်လောက် ခမ်းသွားတာနဲ့ မီးကို အနည်းငယ် ထပ်လျှော့ပေးပြီး ရေခမ်းတဲ့အထိ တည်ပေးထားပါ
  • ရေခမ်းကာနီးပါက ဟင်းအိုးတူးပြီး ကပ်စေနိုင်တဲ့အတွက် သတိထားပြီး ကြည့်ပေးပါ
  • ရေအကုန်လုံး ခမ်းသွားတာနဲ့ အသားများကို အအေးခံပေးထားပါ
  • အသားများ အေးသွားတာနဲ့ ချင်းဖတ်များနှင့်အတူ အသားများကို ငရုတ်ဆုံထဲထည့်ပြီး  မွသွားအောင် သေသေချာချာ ထုပေးပါ
  • အသားများကို ထုပြီးတာနဲ့ အသားအမြောင်းလေးများ ဖြစ်လာအောင်  ဖွထားပေးပါ
  • ကြက်သွန်နီကြော်ရန် အိုးတစ်လုံးထဲ ဆီများများထည့်၍ အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး ကြက်သွန်ကို တစ်ဝက်ဆီထည့်ပြီ ရွှေဝါရောင် သန်းလာတဲ့အထိ ကြော်ပေးပြီး ဆယ်၍ ဆီစစ်ထားပါ
  • ကျန်နေသော ကြက်သွန်နီကိုလဲ အထက်ပါနည်းအတိုင်း ကြော်ပြီး ဆီစစ်ထားပါ
  • ထိုဆီအိုးထဲမှာဘဲ ဖွထားမွထားသော အမဲသားကို မီးအနေတော်လောက်နှင့် ၁၅မိနစ်လောက် ကြော်ပေးပြီး ကြွတ်လာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ကြက်သွန်ကြော်နှင့် အမဲသားကြော် နှစ်မျိုးလုံး အေးသွားပြီ ဆိုတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ရောပြီးမွှေပေးပါ
  • မွှေးပြီးချိုနေသော အမဲသား အမွကြော်ကို ပေါင်မုန့် ထမင်းတို့နဲ့ နှစ်သက်သလို စားနိုင်အောင် ပြင်ဆင်နိုင်ပါပြီ။

Friday 22 July 2016

ငါးဖယ်ငါးဆုတ် ဆီပြန်ဟင်း


ငါးဖယ်ငါးဆုပ်ဟင်းလို့ ဆိုလိုက်တာနဲ့ ချက်နည်းကြော်နည်းတွေက အများသားပါ ကြော်ချက်လေး ချက်မလား အစိမ်းပြစ်ချက်လေး ချက်မလား စဉ်းစားနေရင်းက ကိုယ်စားချင်သလိုလေး အရင်ဆုံး ချက်လိုက်ပါတယ်။

ငါးဖယ်ငါးဆုတ်ဟင်းဆိုရင် အစိမ်းပြစ်ချက်လေးကို ပိုပြီးကြိုက်မိလို့ ဒီနေ့တော့ အစိမ်းပြစ်ချက်လေး ချက်ထားတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးဖယ်ခြစ် - 500 g
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (ဟင်းချက်ရန် တစ်ဝက် ငါးဖယ်ထောင်းရန် တစ်ဝက်)
  3. ကြက်သွန်ဖြူ - ၆မွှာ (ဟင်းချက်ရန်နှင့် ငါးဖယ်ထောင်းရန် တစ်ဝက်စီခွဲသုံးရန်)
  4. ချင်း - လက်တစ်ဆစ်သာသာ ( ။        ။      ။        ။     ။        ။         ။  )
  5. ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ကြက်သွန်နီ - အနေတော် တစ်လုံး
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ( ဟင်းချက်ရန်နှင့် ငါးဖယ်ထေားင်ရန် တ၀က်စီ)
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  9. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  10. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  11. ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
  12. ရေ - ငါးဖယ်ငါးဆုတ် မြုပ်အောင်ထည့်ရန် လိုသလောက်

ပြင်ဆင်ပုံ
  • ငါးဖယ်ခြစ်ကို ဆား အချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က် ကြက်သွန်ဖြူ ၃မွှာ ချင်းလက်တဆစ်ရဲ့ တ၀က်တို့နဲ့ ရောပြီး မာပြီးစေးထန်းလာတဲ့အထိ ထောင်းပေးပါ
  • ငါးဖယ်ထောင်း မာပြီးစေးထန်းလာပါက လက်ကိုရေစွတ်ပြီး ရေကိုခါပလိုက်ပြီးမှ ငါးဖယ်ထောင်းကို အနေတော်ယူကာ အားလုံးကို အဆင်ပြေသလို ဆုတ်လုံးပေးထားပါ
  • ခရမ်းချဉ်သီးကို နူးအောင်ပြုပ်ပြီး အခွံခွာထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီးထောင်းပေးထားပါ
  • ဒယ်အိုးတလုံးထဲ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  နနွင်းမှုန့်နှင့် ငရုတ်သီးထောင်းတို့ကို ထည့်ပြီးဆီသတ်ပါ 
  • ဆီသတ်ထားသော ငရုတ်သီးထောင်းများ မွှေးလာတာနဲ့ ငါးငံပြာရည်ထည့်ပြီး သုံးလေးချက်လောက် မွှေလိုက်ပါ
  • ပြီးတာနဲ့ အခွံခွါထားသော ခရမ်းချဉ်သီးများထည့်ကာ ကြေသွားအောင် မွှေကြော်ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ ကြေလာတာနဲ့ အချိုမှုန့်နှင့် ရေကိုထည့်ပြီး ဆူလာအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ လုံးထားသော  ငါးဖယ်ငါးဆုပ်များကို ဆီသတ်ထားသော အိုးထဲထည့်ကာ အိုးအဖုံးကို ဖုံးပေးပြီး ၈ မိနစ်လောက် တည်ပေးပါ
  • ဟင်းအိုး တည်နေစဉ် ငါးဆုပ်လုံးထဲ အရသာ အ၀င်ညီစေရန် လေး ငါးခေါလောက် မွှေမွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ အရည်လေးနဲ့ စားချင်ရင် ရေမခမ်းခင် မီးပိတ်ပေး၍ ငါးဖယ်ငါးဆုတ်ဟင်းကို စားသုံးနိုင်ပါပြီ။

Thursday 21 July 2016

ငါးအသားလွှာ ဖက်ထုတ်ကင်









ဒီနေ့တော့ ဘာဆာငါး ၆ကီလိုတပုံး  မကုန်မချင်း ဘာဆာငါးကို ကြက်သွန်မိတ် ငရုတ်သီးစိမ်း ချင်းတို့နဲ့ စပ်စပ်မွှေးမွှေးလေး ကင်ဖြစ်လို့ ကင်နည်းလေး မျှဝေလိုက်ပါတယ် ၀ါးရွက်တွေ ၀ယ်ထားတာ မကုန်မချင်း ငါးတွေ မကုန်သရွေ့တော့ တမျိုးပြီးတမျိုး လုပ်စားနေမိမယ် ထင်ပါရဲ့နော်။

ဝါးရွက်အခြောက်အစား ၀ါးရွက်အစို ငှက်ပျောရွက်တို့ကို ခပ်ထူထူခင်းပြီး ကင်နိုင်သလို ငါးကိုလဲ အသားထူတဲ့ မည်သည့်ငါးနှင့်မဆို ကင်စားနိုင်တဲ့ အကင်တမျိုးဖြစ်လို့ အဆင်ပြေသလို ကင်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးအသားလွှာ - 500 g
  2. ချင်း - တစ်လက်မခန့်
  3. ကြက်သွန်မိတ် - 125 ml
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ဆန်အစိမ်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီးစိမ်း - ၄တောင့်
  7. အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ၀ါးရွက် - ၁၀ရွက်
  10. ၀ါးရွက်အခြောက်မရှိပါက ၀ါးရွက်အစိုနှင့် ငှက်ပျောရွက်ကို သုံးနိုင်ပါတယ်

ပြင်ဆင်ပုံ
  • ချင်း ကြက်သွန်မိတ် ငရုတ်သီးစိမ်းတို့ကို ခပ်ကြမ်းကြမ်း အနေအထားရအောင် ပုံပါအတိုင်း လှီးပေးပါ
  • ငါးအသားလွှာကို လက်၂လုံးလောက်အနေ လှီးထားပေးပါ
  • ၀ါးရွက်အခြောက်ကို သုံးပါက ရေနွေးပူပူနှင့် အနည်းဆုံး ၄နာရီလောက် စိမ်ထားပေးပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ ဆန်စိမ်းမှုန့် အချိုမှုန့် ခပ်ကြမ်းကြမ်းလှီးထားသော အစာများ ငံပြာရည် ငါးနှင့်ဆီတို့ရောကာ အရသာဝင်အောင်နယ်ပြီး မိနစ်၂၀လောက် နှပ်ထားပေးပါ
  • ၀ါးရွက်ကို ဖြန့်ခင်းပေးပြီး အစာထည့်ပြီး ထုတ်သောအခါ ပေါက်ပြဲပြီး မထွက်စေရန်နှင့် ကင်သောအခါ ၀ါးရွက်များ မီးကျွမ်းလွယ်ပြီး ပေါက်မထွက်စေရန် တရွက်နှင့်တရွက် ခပ်ထူထူ ၅ရွက်လောက် ထပ်ပြီးခင်းပေးပါ
  • ခပ်ထူထူ ထပ်ပြီးခင်းထားသော ၀ါးရွက်ပေါ်မှာ အရသာ စပ်ထားသော ငါးအရသာနယ်ကို တ၀က်စီ ခွဲထည့်ပေးပြီး အစာများကို အုပ်ကာ ၀ါးရွက်ကို ကျစ်နေအောင် အဆင်ပြေသလို ထုတ်ပေးပါ
  • ထုတ်ထားသော ငါးထုတ် ပြေမသွားစေရန် ဒုတ်တံနှင့် ထိုးပေးထားပါ
  • အဆင်သင့်ဖြစ်တာနဲ့ grill pan ကို အပူပေးပြီး မီးအားအပူဆုံးနှင့် တဖက်ကို ၁၅မိနစ်စီ ကင်ပေးပါ
  • Grill pan မရှိပါက ဒယ်အိုးအောက်ခြေထူသော အိုးကို အသုံးပြုနိုင်သလို မီးသွေးမီးဖိုပေါ်မှာ ကင်ပြစ်ပေါ်တင်ပြီး မီးအေးအေးနဲ့ ကင်နိုင်ပါတယ်
  • တစ်ဖက်ကျက်တာနဲ့ နောက်တဖက်ကိုလှည့်ပြီး ၁၅မိနစ် ကင်ပေးပါ
  • နှစ်ဖက်လုံး ကျက်တာနဲ့ ၀ါးရွက်ကိုဖြည်ကာ ငါးဖက်ထုတ်ကင် စပ်စပ်မွှေးမွှေးလေးကို ပူပူလူလူ စားသုံးနိုင်ပါပြီ။

Wednesday 20 July 2016

ငါးပဲငပိဟင်း မွှေးမွှေးလေး












ဒီနေ့တော့ ငါးကိုကြော်တယ်ဆိုရုံလေး ကြော်ပြီး ပဲငပိနဲ့ပြန်ချက်ထားတဲ့ ငါးပဲငပိချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

တီလားဖီးယား ငါးမြစ်ချင်း ငါးချင်းတို့ကို အခုလို ငါးပဲငပိ ကြော်ချက်လေး ချက်စားနိုင်တဲ့အတွက် ချက်စားကြည့်စေချင်ပါတယ်။

မာမာကတော့ ပင်လယ်ငါး တမျိုးကို တရုတ်နှစ်ကူးတွေမှာ ချက်သလိုမျိုး ချက်ထားတဲ့အတွက် စားလို့အရမ်းကောင်းပြီး ချက်ချိန်လဲ သိပ်မကြာတဲ့အတွက် အဆင်ပြေရင် ချက်စားကြည့်ရအောင် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါးတကောင်  - တစ်ကီလိုခန့်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  3. ချင်း - တစ်လက်မခန့်
  4. ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
  5. တို့ဟူး - အနည်းငယ်
  6. ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး
  7. ကြက်သွန်မိတ် - အနည်းငယ်
  8. ပဲငပိ - ထမင်းစားဇွန်း ၃ဇွန်း
  9. ကော်မှုန့် potato starch - ထမင်းစားဇွန်းတစ်ဇွန်း
  10. ရေ - ထမင်းစားဇွန်း ၂ဇွန်း ( ကော်ရည်ဖျော်ရန်)
  11. ရေ - 500 ml (ဟင်းချက်ရန် )
  12. ငရုတ်သီးစိမ်း - ၃တောင့်
  13. ငံပြာရည်အကျဲ - ထမင်းစားဇွန်း ၂ဇွန်း
  14. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ငါးကို အကြေးခွန် ဆူးတောင် ပါးဟက်နှင့် ဗိုက်ထဲမှ ကလီစာများ ဖယ်ပေးပါ
  • မလိုတာတွေ ဖယ်ထားပြီးသော ငါးကိုအကောင်လိုက် ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးကာ ပုံပါအတိုင်း ၄ချက်စီ မွှန်းပေးထားပါ
  • ကြက်သွန်ဖြူကို ခပ်နုတ်နုတ် လှီးပေးထားပါ
  • ကြက်သွန်မိတ်ကို ခပ်ထူထူ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးထားပါ
  • တို့ဟူးကို လက်တဆစ်ခန့် အနေလေးတွေ လှီးထားပါ
  • ချင်းကို အခွံခွါပြီး ခပ်ပါးပါး သေးသေးရှည်ရှည်လေးတွေ လှီးပေးထားပါ
  • ခရမ်းချဉ်သီးကို အစေ့ထုတ်ကာ ခပ်ပါးပါး လှီးထားပါ
  • ပဲငပိကို အဆင်သင့် ပြင်ထားပါ
  • ဟင်းချက်ရန် လိုသောရေကို အဆင်သင့် ပြင်ထားပါ
  • ကော်မှုန့်နှင့်ရေကို ဖျော်ထားပါ
  • အောက်ခြေ မကပ်သည့် ဒယ်အိုးကို အရမ်းပူလာအောင် မီးအားပြင်းပြင်းဖြင့် အပူပေးလိုက်ပါ
  • အိုးအရမ်း ပူလာပါက ဆီကိုထည့်ပေးပါ
  • ဆီ ပူလာပြီး အငွေ့တက်လာတာနဲ့ ငါးကိုထည့်ပေးပါ
  • ငါးအရည်ခွံများ အိုးမှာမကပ်စေရန် ငါးထည့်ပြီးပြီးချင်း ငါးကိုမလှန်ဘဲ ခနထားပေးပါ
  • ငါးကြော်အိုးကို ဆီပြန့်သွားစေရန် ဟိုဖက် ဒီဖက် အနည်းငယ် စောင်းပေးပါ
  • တဖက်ကို ၂ မိနစ်လောက် အရည်ခွံ မာတယ်ဆိုရုံလေး အပူပေးပါ
  • ဇွန်းအပြားကြီးကြီးနှင့် ထိုးကလော်၍ လက်တဖက်က ထိမ်းပြီး အထက်အောက် လှန်ပေးပါ
  • ငါးအရည်ခွံ နှစ်ဖက်လုံး ခပ်မာမာလေး ဖြစ်တာနဲ့ ပန်းကန်ပြား တခုထဲ ဆယ်ထုတ်ပေးထားပါ
  • ထိုအိုးထဲမှာဘဲ လက်ကျန်ဆီနှင့် ချင်းနှင့်ကြက်သွန်ဖြူကိုထည့်ကာ နှစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော တို့ဟူးနှင့် ခရမ်းချဉ်သီးထည့်၍ ၂ မိနစ်လောက် ကြော်ပေးပါ
  • ငရုတ်သီးစိမ်းနှင့် ပဲငါးပိထည့်၍ မိနစ်ဝက်လောက်ကြော်ပေးပါ
  • ပဲငံပြာရည်အကျဲ ဆား အချိုမှုန့်နှင့်ရေထည့်ကာ ဟင်းရည်အိုး ဆူလာအောင် တည်ပေးပါ
  • ဟင်းရည် ဆူလာတာနဲ့ ကြော်ထားသော ငါးကိုထည့်ပြီး ငါးအပေါ်ပိုင်းကို အရသာဝင်အောင် ဇွန်းဖြင့် ဟင်းရည်များကိုခပ်ပြီး လောင်းပေးပါ
  • ပြီးတာနဲ့ အိုးအဖုံး ဖုံးကာ ၁၅မိနစ်ခန့် တည်ပေးပါ
  • ဟင်းအိုးတည်ထားစဉ် အိုးအဖုံးကိုဖွင့်ပြီး ငါးအငေပ်ါပိုင်းကို ဟင်းရည်ခပ်ပြီး သုံးလေးခါလောက် လောင်းပေးပါ
  • ငါးကျက်ပြီဆိုတာနဲ့ ငါးကို ဇွန်းအပြားကြီးကြီးနှင့် ကော်ပြီး ပန်းကန်ပြားထဲကို ပြောင်းထည့်ပါ
  • ငါးဆယ်ပြီး ကျန်တဲ့ဟင်းရည်အိုးထဲကို ကော်ရည်ကိုလောင်းထည့်ကာ လှီးထားသော ကြပ်သွန်မိတ်ထည့်ပြီး တမိနစ်လောက်မွှေကာ ငါးအပေါ်ကိုလောင်းချပြီး ငါးပဲငပိဟင်းကို စားသုံးရန် ပြင်နိုင်ပါပြီ။

Tuesday 19 July 2016

အိန္နိယစတိုင်လ် ကြက်ဥချဉ်ရည်ဟင်း



​ကြက်ဥချဉ်ရည်ဟင်းလေး ချက်မယ်လို့ စိတ်ကူးမိတော့ အရင်ချက်နေကျ အိမ်မှာချက်နေကျ ချက်နည်းတွေက ပြောင်းထွက်ပြီး ဘယ်လိုလေး ချက်ရင်ကောင်းမလဲ စဉ်းစားကာ ချက်နည်းအသစ်လေး ဘာလေး တွေ့လိုတွေ့ညား ယူကျူ့မှာ လိုက်ကြည့်ပြီး အိန္ဒိယစတိုင် ချက်နည်းတွေ့တာနဲ့ ချက်နည်းယူကာ ချက်လိုက်ပါတယ်။

ချက်ကြည့်ပြီး စားလို့ကောင်းတဲ့အတွက် ချက်နည်းလေးကို ပြန်လည်ပြီး မျှေ၀လိုက်ပါတယ် မူရင်းချက်နည်းကိုတော့ face book မှာ share ပေးထားပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ၅လုံး
  2. အာလူး - အနေတော် ၄လုံး
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ခရမ်းချဉ်သီး - ready made လှီးပြီးသားဗူး  200 ml (သို့မဟုတ်)
  5. ခရမ်းချဉ်သီး - အနေတော် ၅လုံး
  6. နံနံစေ့ - လက်ဖက်ရည်ဇွန်း တစ်၀က်က
  7. ကရဝေးရွက် - ၂ရွက်င
  8. ရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. Ghee ကုလားထောပတ် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. မုန့်ညှင်းစေ့ - လက်ဖက်ရည်ဇွန်း တစ်၀က်
  13. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. ငရုတ်သီးအခြောက်တောင့် - ၅တောင့်
  15. ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၃တောင့်
  16. နံနံပင် - အနည်းငယ်
  17. ဒိန်ချဉ် - ထမင်းစားဇွန်း ၂ဇွန်း
  18. ဆီ  ထမင်းစားဇွန်း ၃ ဇွန်း 
  19. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  20. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  21. ရေ - နှစ်ခွက်ခွဲ

ပြင်ဆင်ပုံ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာကာ ပါတ်ပါတ်လည် ၄ချက်လောက် မွှန်းထားပါ
  • အာလူးကို နူးအောင်ပြုပ်ပြီး အခွံခွာကာ အနေတော် အတုံးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ 
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးကို သုံးမည်ဆိုပါက နူးအောင်ပြုပ်ပြီး အခြံခြါကာ ခပ်သေးသေးလေးတွေ လှီးထားပါ
  • Ready made လှီးပြီးသား ခရမ်းချဉ်သီး ဗူးသုံးပါက အဆင်သင့် ပြင်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော်အရွယ် လှီးထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးမှာ ဆီနှင့် ကုလားထောပတ်ကို ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာလျှင် နံနံစေ့ ဇီယာစေ့ နှင့် မုန်ညင်းစေ့တို့ကို ထည့်ပေးပြီး အနည်းငယ် အပူပေးပါ
  • အစေ့အဆံများ ဆီအိုးထဲမွာ အနည်းငယ် ပေါက်လာတာနဲ့ နနွင်းမှုန့် နှင့် ကရဝေးရွက်ကို ထည့်ပြီး ၃ချက်လောက် မွှေပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကိုထည့်၍ နွမ်းသွားတဲ့အထိ မွှေကြော်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ငရုတ်သီး အရောင်တင်မှုန့်နှင့် ခရမ်းချဉ်သီးတို့ ထည့်ပေးကာ ခရမ်းချဉ်သီးများ နွမ်းသွားအောင် မွှေပေးပါ
  • ခရမ်းချဉ်သီးများ နွမ်းလာတာနဲ့ ဒိန်ချဉ်ထည့်ပြီး  တစ်မိနစ်ခန့် မွှေပေးပါ
  • ပြီးတာနဲ့ ငရုတ်သီး အခြောက်တောင့် ရေ အချိုမှုန့်နှင့် ဆားတို့ထည့်ကာ အိုးအဖုံး ဖုံးပြီး ရေဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ လှီးထားသော အာလူးပြုပ်နှင့် ကြက်ဥပြုတ်တို့ ထည့်ပေးကာ အိုးအဖုံး ဖုံးပြီး ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နံနံပင်ထည့်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်၍ အိန္ဒိယစတိုင်လ် ဒိန်ချဉ်ကြက်ဥ ချဉ်ရည်ဟင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ဆင်နိူင်ပါပြီ။