Sunday 3 July 2016

ငါးပြေမအချဉ် အိုးကပ်ဟင်း


ဆောင်းတွင်းအချိန်ဆို ငါးပြေမက အင်မတန် စားလို့ကောင်းပါတယ် စားလို့လေးလေးပင်ပင်ရှိပြီး အရသာ ဆူဖြိုးတဲ့အတွက် မကျည်းမှည့် အချဉ်အိုးကပ်ဟင်းလေး ချက်ဖြစ်သွားတာနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးပြေမ- 500 g
  2. ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  3. ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၃တောင့်
  8. ကြက်သွန်နီ - အလုံးသေးသေး ၅ဥ
  9. နံနံပင် - နှစ်သက်သလောက်
  10. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  12. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  13. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ငါးအရသာနယ်ရန်
  • သန့်စင်ပြီး ရေစင်အောင်ဆေးထားသောငါးပြေမကို ဇလုံကျယ်ကျယ်ထဲထဲ့ပါ
  • ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်သာသာနှင့်ငံပြာရည် ထမင်းစားဇွန်းတဇွန်းတို့ထဲ့ပါ
  • နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတပုံနှင့် အရသာမှုန့် ငရုတ်ကောင်းမှုန့်တို့ထဲ့ပါ
  • အားလုံးထဲ့ပြီးပါက အရသာဝင်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့ကိုအရင်ထဲ့ပြီး ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို ၂မိနစ်လောက် မွှေးလာတဲ့ထိထဲ့မွှေပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားမာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
  • ငါးအသားမာတာနဲ့ရေမြုပ်အောင်ထဲ့၍ ကြက်သွန်နီ ဥလေးများ ကို အခွံခွာပြီး ရေဆေးကာ ငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်းထဲ့ပြီး အိုးအဖုံးအုပ်ပြီးတည်ပေးပါ
  • ရေဆူလာတာနဲ့မကျီးမှည့်အနှစ် ငရုတ်သီးစိမ်းတောင့်တို့ကိုထဲ့ပြီး ဆီပြန်ပြီး အရည်ခမ်းကာ အိုးကပ်တဲ့အထိတည်ပေးပါ
  • ဆီပြန်လာပါက အရသာမြည်းပြီး နံနံပင်အုပ် မီးပိတ်ပေးပါ
  • နံနံပင်နံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ်အရသာကောင်းတဲ့ ငါးပြေမအိုးကပ်ဟင်းလေးရပါပြီ

No comments:

Post a Comment