Friday, 29 July 2016

အမဲသားထောင်းကင် မွှေးမွှေးလေး












အိမ်မှာ စားလေ့စားထမရှိပေမဲ့ မိတ်ဆွေတယောက်အိမ်ကို ယူသွားချင်လို့ ချက်ဖြစ်သွားတဲ့ အမဲသားထောင်းလေးပါ စပ်စပ်လေးနဲ့မွှေးနေပြီး အရသာကောင်းလွန်းကာ စားကောင်းလွန်းတဲ့ အမဲသားထောင်းဟင်းတမယ် ပြင်ဆင်ချက်ပြုပ်နိုင်အောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား - 1kg
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်ဖြူအမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ချင်းအမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နံနံပင် အခြောက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • နာနတ်ပွင့် - ခပ်သေးသေး တပွင့်
  • နံနံစေ့ - လက်ဖက်ရည်ဇွန်း တ၀က်
  • ခရုဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း 
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • ရေ  - 1/3cups
အရသာနယ်ရန်နှင့် ပြင်ဆင်ပုံ
  • အမဲသား အတုံးလိုက်ကို ရေစင်အောင် ဆေးပါ
  • ရေဆေးပြီးမှ လက်တလုံးလောက် အထူမှန်းပြီး အရှည်လိုက် လှီးချပါ
  • ကန့်လန့်ဖြတ် မလှီးမိအောင် သတိထားပါ
  • ကန့်လန့်ဖြတ်လှီးမိပါက အသားအမျှင်လေးများ မရဘဲ တိုပြတ်ပြတ်လေး ဖြစ်သွားပြီး ဟင်းပွဲပြင်ရင် မလှနိုင်ပါ
  • ပြီးမှ အရှည်လိုက် လှီးထားသော အသားတုံးကို အလယ်မှ ထက်ဝက်လှီးပေးပါ
  • နာနတ်ပွင့်နှင့် နံနံစေ့ကို ညက်အောင်ထောင်းထားပါ
  • အဆင်သင့်ဖြစ်တာနဲ့ ဇလုံတခုထဲမှာ ပါဝင်ပစ္စည်း အကုန်ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • အရသာနယ်ပြီးတာနဲ့ အသားထည့်ပြီး အရသာနယ်ထားသော ဇလုံကို cling wrapဖြင့် လုံအောင်အုပ်ပြီး ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၆မှ၈နာရီကြာအောင် ထည့်ထားပါ
  • အသားနှပ်ချိန်ပြည့်တာနဲ့ အိုးတလုံးကို အပူပေးပါ
  • အိုးပူလာတာနဲ့ အရသာနှပ်ထားသော အသားကို ထည့်ပြီး ၄မိနစ်ခန့် တည်ပေးပြီး မွှေမွှေပေးပါ
  • အသားများ အရောင်ပြောင်းလာတာနဲ့ ရေထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ပြုပ်ထားသော ရေခမ်းလာတာနဲ့ အသားများကို ဆယ်လိုက်ပါ
  • ပြုပ်ထားသော အသားများကို တတုံးခြင်းဆီ စဥ့်နီတုန်းပေါ်တင်ပြီး ငရုတ်ကျည်ပွေ့နှင့် ထုပေးပါ
  • ထုထားသော အသားများကို ထုနေစဉ် အာဗင်ကို 110°cနှင့် ၁၅မိနစ် ကြိုပြီးဖွင့်ထားပေးပါ
  • ထုထားသော အသားများကို အမျှင်အဖတ်လေးများရအောင် ဖွပြီး နွှင်ထားပေးပါ
  • ပြီးတာနှင့် အာဗင်သုံးလို့ ရသည့် ဗန်းတခုထဲမှာ ဖွပြီးနွှင်ထားသော အသားများကို ဖြန့်ပြီးထည့်ပေးပါ
  • အဆင်သင့်ဖြစ်တာနဲ့ အပူပေးထားသော အာဗင်ထဲမှာ ထည့်ပြီး မိနစ်၃၀မှ မိနစ် ၆၀ခန့် အတွင်း ကင်ပေးပါ
  • ကင်နေစဉ် မိနစ် ၃၀ပြည့်တာနဲ့ အပြင်ခနထုတ်ပြီး အထက်အောက် သမအောင်မွှေပြီး အာဗင်ထဲ ပြန်ထည့်ပေးပါ
  • အာဗင်ထဲ ထည့်ချိန်ပြည့်တာနဲ့ အပြင်ထုတ်ပေးကာ မွှေးပျံ့သော အမဲသားထောင်းကင်ကို စားသုံးနိုင်ပါပြီ

No comments:

Post a Comment