Friday, 1 July 2016

ကြက်အသည်းအမြစ်သုပ် ချဉ်ငံစပ်



ထမင်းဝိုင်းလေးမှာ အသုပ်လေးတမယ်ပါရင် ထမင်းစားမိန်တဲ့အတွက် အသုပ်တမျိုးကို ကြံဖန်ပြီး သုပ်တတ်ပါတယ် ဒီနေ့တော့ လွယ်ကူမြန်ဆန် စားမိန်ဖွယ်ရာ ကြက်အသည်းအမြစ် ချဉ်ငံစပ်တမယ် သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်အသည်းအမြစ် - 250g
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ချင်း - လက်တဆစ်ခန့်
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်နီ - အနေတော် တလုံး
  • ဂေါ်ဖီ - တစိတ်
  • နံနံပင် - နှစ်သက်သလောက်
  • သံပုရာသီး - တစိတ်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • သခွားသီး - အနေတော် တလုံး
  • ငရုတ်ဆီအချဉ် - ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီချက်ချက်ရန် - ဆီ လက်ဖက်ရည်အကြမ်းပန်းပန် ၂လုံးစာ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ
  • ဆီချက်ချက်ရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်သီးအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
ကြက်တောင်ပံပြုပ်ရန်
  1. ကြက်အသည်းများကို ရေစင်အောင်ဆေးပြီး ခနောကြက်သားမှုန့်နှင့်နယ်၍ ချင်းကို ခပ်ပါးပါးလှီးပြီးထည့်ကာ အရသာဝင်အောင်နယ်၍ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  2. ရေခမ်းပါက အအေးခံထားပြီး အနေတော် လှီးထားပါ
ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါးလှီးထားပါ
  • ဒယ်အိုးတလုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
  • ကြက်သွန်ဖြူများ အ၀ါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ
  • ဆီကိုအအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်များကို ရောပေးပါ
ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  2. ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  3. သခွားသီးကို ရေဆေးပြီး ပါးပါးလှီးထားပါ
  4. ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ
  5. နံနံပင်ကို အနေတော် လှီးထားပါ
  6. လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  7. ပြုပ်ထားသော ကြက်တောင်ပံများကို အအေးခံပြီး အနေတော် ခုတ်ထားပါ
  8. ဇလုံတလုံးထဲမှာ ကြက်အသည်းအမြစ်များ ကြက်သွန် ဂေါ်ဖီ နံနံပင် ဆီချက် ငရုတ်သီးစိမ်း သခွားသီး အချိုမှုန့် ငရုတ်ဆီအချဉ် ငံပြာရည် ငရုတ်သီးအကျက်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး ကြက်အသည်းအမြစ် ချဉ်ငံစပ်အသုပ်ကို ခပ်ဖွဖွနယ်ကာ အသုပ်ပွဲကို ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment