Wednesday 6 July 2016

ကြက်​သားနီချက်​ မွှေးမွှေးလေး


ကြက်သားနီချက်ဆိုလို့ ထူးဆန်းနေကြမယ် ထင်ပါတယ် ၀က်သားမစားတဲ့ သူတွေအတွက် ကြက်သားကို အစားထိုးပြီး ချက်ထားခြင်းပါ။
အဆီတ၀င်းဝင်းနဲ့ ၀က်သားသုံးထပ်သားအစား ကြက်ရင်ပုံသားကို အစားထိုးပြီး ချက်လိုက်ပေမဲ့ အရသာကတော့ ၀က်သားတုံးကြီး အလားပေါ့။

သကြားကို နီညိုရောင်သန်းလာအောင် ကြော်ပြီးမှ ကြက်သားကိုထည့်ပြီး လုံးချက် ချက်ပေးရပါတယ် သကြားကြော်ချိန်မှာလဲ အပွင့်သေးတဲ့ သကြားကို မသုံးဘဲ အပွင့်ကြီးတဲ့ သကြားကို သုံးစေချင်ပါတယ် အပွင့်သေးတဲ့ သကြားကိုသုံးရင် သကြားဆီသတ်ချိန်မှာ ခနလေးပျော်ပြီး အရောင်မည်းသွားတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 500g
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား - အပွင့်ကြီးကြီး ထမင်းစားဇွန်း မောက်မောက် ၂ဇွန်း
  • ဆီ - စားပွဲတင်ဇွန်းကြီး ၂ဇွန်း
  • မန်ကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း တ၀က်
  • ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တ၀က်သာသာ (အနံ့မကြိုက်လျှင် မထည့်လဲရ)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - အနေတော် ၃လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
 ပြင်ဆင်ပုံ

  1. ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပြီး ဆား နနွင်းမှုန့် ကြက်သွန်နီ ကြက်သွန်ဖြူတို့နဲ့ အရသာဝင်အောင် နယ်ထားပြီး မိနစ်၂၀လောက် နှပ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ( ကြက်သားနှပ်ထဲ ထည့်ရန်)
  3. ကြက်သွန်နီတလုံးကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ( ကြက်သားနှပ်ထဲ ထည့်ရန်)
  4. ကြက်သွန်နီနှစ်လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ တလုံးကို ၈စိတ်စိတ်ထားပါ
  5. အလုံးသေးသော ကြက်သွန်နီကို သုံးပါက အလုံးလိုက် ထည့်ချက်ပါ
  6. ကျန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ချက်ပြုတ်ရန် ပြင်ဆင်ပုံ

  1. ဇောက်နက်သော ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာလျှင် သကြားများထည့်ကာ သကြားနီညှိရောင်သန်း လာသည်အထိ ကြော်ပေးပါ။
  2. ကြော်နေစဉ် အဆက်မပြတ် မွှေပေးပါ
  3. သကြား နီညှိရောင်သန်းလာတာနဲ့ ငရုတ်သီးအရောင်တင်မှုန့်နှင့် နှပ်ထားသော ကြက်သားများကို ထည့်ကာ ၃မိနစ်ခန့် လုံးချက်ပေးပါ
  4. လုံးချက်ချက်ပြီးတာနဲ့  ပုဇွန်ငါးပိကိုထည့်ပြီ  ရောမွှေပေးပါ
  5. တမိနစ်လောက် ရတာနဲ့ ဒယ်အိုးထဲ ကြပ်သားမြုပ်အောင် ရေထည့်ကာ အဖုံးအုပ်ကာ ချက်ပေးပါ
  6. ရေမခမ်းခင် အဖတ်လေးများရအောင် စိတ်ထားသော ကြက်သွန်နီနှင့် မကျည်းသီးမှည့် အနှစ်ကို ထည့်ချက်ပေးပါ
  7. ကြက်သွန်နီများ အရမ်းမနူးခင် ဆီပြန်ပြီဆိုတာနဲ့ မီးပိတ်ပေးပြီး ကြက်သားနီချက် မွှေးမွှေးလေးကို စားသုံးရန် စားပွဲပြင်နိုင်ပါပြီ။




No comments:

Post a Comment