Thursday 21 July 2016

ငါးအသားလွှာ ဖက်ထုတ်ကင်









ဒီနေ့တော့ ဘာဆာငါး ၆ကီလိုတပုံး  မကုန်မချင်း ဘာဆာငါးကို ကြက်သွန်မိတ် ငရုတ်သီးစိမ်း ချင်းတို့နဲ့ စပ်စပ်မွှေးမွှေးလေး ကင်ဖြစ်လို့ ကင်နည်းလေး မျှဝေလိုက်ပါတယ် ၀ါးရွက်တွေ ၀ယ်ထားတာ မကုန်မချင်း ငါးတွေ မကုန်သရွေ့တော့ တမျိုးပြီးတမျိုး လုပ်စားနေမိမယ် ထင်ပါရဲ့နော်။

ဝါးရွက်အခြောက်အစား ၀ါးရွက်အစို ငှက်ပျောရွက်တို့ကို ခပ်ထူထူခင်းပြီး ကင်နိုင်သလို ငါးကိုလဲ အသားထူတဲ့ မည်သည့်ငါးနှင့်မဆို ကင်စားနိုင်တဲ့ အကင်တမျိုးဖြစ်လို့ အဆင်ပြေသလို ကင်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးအသားလွှာ - 500 g
  2. ချင်း - တစ်လက်မခန့်
  3. ကြက်သွန်မိတ် - 125 ml
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ဆန်အစိမ်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီးစိမ်း - ၄တောင့်
  7. အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ၀ါးရွက် - ၁၀ရွက်
  10. ၀ါးရွက်အခြောက်မရှိပါက ၀ါးရွက်အစိုနှင့် ငှက်ပျောရွက်ကို သုံးနိုင်ပါတယ်

ပြင်ဆင်ပုံ
  • ချင်း ကြက်သွန်မိတ် ငရုတ်သီးစိမ်းတို့ကို ခပ်ကြမ်းကြမ်း အနေအထားရအောင် ပုံပါအတိုင်း လှီးပေးပါ
  • ငါးအသားလွှာကို လက်၂လုံးလောက်အနေ လှီးထားပေးပါ
  • ၀ါးရွက်အခြောက်ကို သုံးပါက ရေနွေးပူပူနှင့် အနည်းဆုံး ၄နာရီလောက် စိမ်ထားပေးပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ ဆန်စိမ်းမှုန့် အချိုမှုန့် ခပ်ကြမ်းကြမ်းလှီးထားသော အစာများ ငံပြာရည် ငါးနှင့်ဆီတို့ရောကာ အရသာဝင်အောင်နယ်ပြီး မိနစ်၂၀လောက် နှပ်ထားပေးပါ
  • ၀ါးရွက်ကို ဖြန့်ခင်းပေးပြီး အစာထည့်ပြီး ထုတ်သောအခါ ပေါက်ပြဲပြီး မထွက်စေရန်နှင့် ကင်သောအခါ ၀ါးရွက်များ မီးကျွမ်းလွယ်ပြီး ပေါက်မထွက်စေရန် တရွက်နှင့်တရွက် ခပ်ထူထူ ၅ရွက်လောက် ထပ်ပြီးခင်းပေးပါ
  • ခပ်ထူထူ ထပ်ပြီးခင်းထားသော ၀ါးရွက်ပေါ်မှာ အရသာ စပ်ထားသော ငါးအရသာနယ်ကို တ၀က်စီ ခွဲထည့်ပေးပြီး အစာများကို အုပ်ကာ ၀ါးရွက်ကို ကျစ်နေအောင် အဆင်ပြေသလို ထုတ်ပေးပါ
  • ထုတ်ထားသော ငါးထုတ် ပြေမသွားစေရန် ဒုတ်တံနှင့် ထိုးပေးထားပါ
  • အဆင်သင့်ဖြစ်တာနဲ့ grill pan ကို အပူပေးပြီး မီးအားအပူဆုံးနှင့် တဖက်ကို ၁၅မိနစ်စီ ကင်ပေးပါ
  • Grill pan မရှိပါက ဒယ်အိုးအောက်ခြေထူသော အိုးကို အသုံးပြုနိုင်သလို မီးသွေးမီးဖိုပေါ်မှာ ကင်ပြစ်ပေါ်တင်ပြီး မီးအေးအေးနဲ့ ကင်နိုင်ပါတယ်
  • တစ်ဖက်ကျက်တာနဲ့ နောက်တဖက်ကိုလှည့်ပြီး ၁၅မိနစ် ကင်ပေးပါ
  • နှစ်ဖက်လုံး ကျက်တာနဲ့ ၀ါးရွက်ကိုဖြည်ကာ ငါးဖက်ထုတ်ကင် စပ်စပ်မွှေးမွှေးလေးကို ပူပူလူလူ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment