Thursday 28 July 2016

အသုပျစုံ


ကိုယ်စားနေကျ မဟုတ်တဲ့ ပေါ့လျံလျံအစာတွေနဲ့ နပမ်းလုံးလာခဲ့ရတဲ့ အစာတွေစားပြီး နေတွေလဲ မကောင်းချင်သလိုလိုနဲ့ အိမ်ပြန်ရောက်တာနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ထမင်းနဲ့ပဲကြာဇံအရောလေး ချဉ်ပြီး ငံစပ်နေအောင် သုပ်စားဖြစ်လို့ တစ်ခါထဲ ဗိုက်ဝစေမဲ့ လွယ်ကူမြန်ဆန် ချဉ်ငံစပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  1. ပဲကြာဇံ အခြောက် - 50 g
  2. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတပုံ (ဆီချက်ချက်ရန်)
  6. ဆီ - လိုသလောက် သုံးပေးပါ
  7. အရသာမှုန့် - လိုသလောက်
  8. ကြက်သွန်ဖြူ ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  9. မကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
  10. ငါးငံပြာရည် - လိုသလောက်
  11. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  12. ကြက်သွန်ဖြူ (၁၃မွှာ ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  13. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငရုတ်ကောင်းမှုန့် ငါးစေ့ခန့်
  15. ဂေါ်ဖီ - အနည်းငယ်
ထမင်းချက်ရန်
  1. ဆန်ကိုရေနှစ်ထပ်ခန့်ဆေးကာ ပုံမှန်ထမင်းချက်သည့်အတိုင်း ချက်ပေးပါ
  2. ထမင်းကျက်တာနဲ့ အအေးခံထားပါ
အာလူးပြုပ်ရန်
  1. အာလူးကို ရေဆေးပြီး ဇောက်နက်သော အနေတော် အိုးထဲမှာ ထည့်ပေးပါ
  2. ပြီးတာနဲ့ အာလူးကို ရေမြုပ်အောင်ထည့်ပြီး အာလူးနူးအောင် ပြုပ်ပေးပါ
  3. အာလူးနူးတာနဲ့ အခွံခွာပြီး မထူမပါူလေးတွေ လှီးပေးပါ

ကြာဇံပြုပ်ရန်
  • ပဲကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားကာ ရေစစ်ထားပြီး ဇလုံတစ်လုံးထဲမှာ ထည့်ပေးထားပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစစ်ထားသော ကြာဇံဇလုံထဲကို ရနွေးပူပူ လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် သုံးမိနစ်လောက်ကြာတာနဲ့ ရေနွေးကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
ဆီချက် ချက်ရန်
  • ကြက်သွန်ဖြူငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထမင်းစားဇွန်း ဇွန်းနှစ်ဆယ်စာလောက်ထည့်ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ ဆီထဲကို နနွင်းမှုန့်ထည့်ပေးကာ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြက်သွန်ဖြူများ အ၀ါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  • ဆီကိုလဲ အအေးခံကာ ဆီချက်အေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်ကာ မီးအေးအေးနှင့် တည်ထားပါ
အသုပ် တစ်ပွဲစာပြင်ရန်
  • အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာနှင့် စိမ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ထမင်း ဂေါ်ဖီ အာလူးနှင့် ပဲကြာဇံတို့ကို တစ်ပွဲစာ ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ မကျည်းရည် ထမင်းစားဇွန်း တစ်ဝက်သာသာ တို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • ပဲကြာဇံထမင်းသုပ် အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment