Monday 18 July 2016

ငှက်ပျော ကောက်ညှင်းထုတ်












အရမ်းကိုလွယ်ပြီး ရိုးရှင်းလွန်းတဲ့ ငှက်ပျောသီး ကောက်ညှင်းထုတ်ပါ အလှူတစ်ခုကို ယူသွားဖို့ ပြင်ဆင်ရင်း blog လာ မိတ်ဆွေများ ထုတ်စားနိုင်အောင် ကောက်ညှင်းထုတ် ထုတ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ငှက်ပျောရွက်က အလွယ်တကူ မရလေတော့ ငှက်ပျောရွက်အစား ၀ါးရွက်ကိုဘဲ သုံးထားပေမဲ့
ငှက်ပျောရွက်လိုဘဲ အရမ်းစားလို့ကောင်းတဲ့အတွက် မာမာထုတ်ထားတဲ့ ကောက်ညှင်းထုတ် ထုတ်နည်းအတိုင်း ထုတ်စားကြည့်စေချင်ပါတယ်။

ကောက်ညှင်းဆန် တစ်ကီလိုကို ၂ဖူးပေါင်းတထုတ် ၅ထုတ်ရပါတယ် ငှက်ပျောသီးကိုလဲ သီးမွှေးအစား ဖီးကြမ်းသို့မဟုတ် ရခိုင်ငှက်ပျောသီး မှည့်ပျော်နေတာကို သုံးပါက ပိုချိုပြီး အရောင်ရဲရဲလေး ရပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - 1 kg
  2. သီးမွှေးငှက်ပျောသီး - အလုံးကြီးကြီး ငါးလုံး
  3. ၀ါးရွက် သို့မဟုတ် ငှက်ပျောရွက် - လိုသလောက်
  4. Aluminium Foil - လိုသလောက်
  5. အုန်းသီး - တစ်ခြမ်း
  6. ဆား - အနည်းငယ်

ကောက်ညှင်းဆန် ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ၁၂နာရီလောက် ရေစိမ်ထားပါ
  • ကောက်ညှင်းထုတ် ထုတ်ခါနီးပြီဆိုပါက ဇကာတခုထဲ သွန်ချကာ ရေစစ်ထားပါ
ထုတ်မည့်အရွက် ပြင်ဆင်ပုံ
  • ငှက်ပျောရွက် သုံးမယ်ဆိုပါက တပေပါတ်လည် အရွယ်တူ ဖြတ်ပြီး မီးနှင့်မထိဘဲ ခပ်ဝေးဝေးကနေ ကင်ပြီး အ၀တ်သန့်သန့်နှင့် သုပ်ထားပါ
  • ၀ါးရွက်အစိုကိုသုံးလျှင် အ၀တ်သန့်သန့်နှင့် သုပ်ထားပါ
  • ၀ါးရွက်အခြောက်ကို သုံးပါက ရေနွေးဆူအောင်ကျိုပြီး ၀ါးရွက်များ မြုပ်အောင်ထည့်၍ တညစိမ်ထားပေးပါ
  • ကောက်ညှင်းထုတ် မထုတ်ခင် ၀ါးရွက်ကို ရေခြောက်အောင် သုပ်ထားပါ
အုန်းသီးခြစ်ရန်
  • အုန်းသီးတခြမ်းကို အသားခပ်ထူထူရအောင် ခြစ်ထားပြီး ဆားနှင့်ခပ်ဖွဖွ နယ်ထားပါ
ငှက်ပျောသီး ပြင်ဆင်ရန်
  • ငှက်ပျောသီးကို အခွံခွာပြီး ထက်ဝက်ပိုင်းကာ ထက်ခြမ်းထပ်ပြီး ခြမ်းထားပေးပါ
  • ငှက်ပျောသီး အရမ်းမမှည့်ပါက ဆားအနည်းငယ်ထည့်ပြီး လက်နှင့်အနည်းငယ် ဖိညှစ်ပေးပါ
ကောက်ညှင်းထုတ်ရန် ပြင်ဆင်ပုံ
  • Aluminium Foil ကို တပေလောက် အရှည်ဖြတ်ပြီး ဖြန့်ခင်းကာ ထိုအပေါ်မှ ၀ါးရွက် ၂ရွက်ကို တရွက်နှင့်တရွက် လက်နှစ်လုံးလောက်စီ ထပ်တင်ပေးပါ
  • ထိုဝါးရွက်ပေါ်မှာ ကောက်ညှင်းဆန်ကို ထမင်းစားဇွန်းခန့် ဖြန့်ခင်းပေးပါ
  • ကောက်ညှင်းဆန်အပေါ်မှ ငှက်ပျောသီး နှစ်ခြမ်းကို ဖြန့်တင်ပေးပါ
  • ငှက်ပျောသီးအပေါ်မှ ကောင်ညှင်းဆန် အနည်းငယ် ထပ်အုပ်ပေးပြီး အပေါ်မှ ၀ါးရွက်တရွက် ထပ်အုပ်ပေးပါ
  • ဘေးနှစ်ဖက်စီမှ အစကို တခုပေါ်တခု ထပ်ပြီးအုပ်ပေးကာ အောက်ဖက်မှ အစကို အပေါ်သို့ ခေါက်ပေးပါ
  • ထိုသို့ ခေါက်ပြီးပါက ခေါက်ထားသောအစကို အောက်ဖက်မှာထားပြီး ကောက်ညှင်းထုတ်ကို ထောင်ပြီး ဖင်ဘက်မှ အောက်ကို သုံးချက်လောက် စောင့်လိုက်ပါ
  • ကောက်ညှင်းများ ပွမနေစေရန် ထိုကဲ့သို့ စောင့်ပြီးပါက အပေါ်ဖက်မှ ၀ါးရွက်ကို ဇွန်းရှည်ရှည်နှင့် အသာဟပေးပြီး ကောက်ညှင်းထုတ်ထဲမှာ ပေါ်နေသည့် ငှက်ပျောသီးကို အုပ်သွားစေရန် ကောက်ညှင်းဆန်ကို ထမင်းစားဇွန်း တဇွန်းခွဲလောက် ထပ်ထည့်ပေးပါ
  • ကောက်ညှင်းဆန် ထည့်ပြီးတာနဲ့ အောက်ဖက်မှ ခေါက်ထားသော ခဲပါတ်နှင့် ၀ါးရွက်ထိပ်အစကို ထုတ်လို့ကောင်းစေရန် ခပ်ညီညီလေး ဖြစ်အောင် ကပ်ကြေးနှင့် ညှပ်ပေးပါ
  • နောက်တဖက်ကိုလဲ အောက်ဖက်မှ ခေါက်ထားသော အရွက်ကို အုပ်မိစေရုံဘဲထားပြီး ပိုနေသောအစကို ညှပ်ထုတ်ပြစ်ပါ
  • ပြီးတာနဲ့ တခုနှင့်တခု ထပ်ပြီးအုပ်ကာ ကောက်ညှင်းဆန် ကုန်တဲ့အထိ ထုတ်ပေးထားပါ
  • ကောက်ညှင်းအားလုံးကုန်တာနဲ့ ကောက်ညှင်းထုတ်ကို နှစ်လွှာပူးပြီး ကြိုးနှင့် ၃ထပ်လောက် တင်းနေအောင် ပုံပါအတိုင်း အထက်အောက် ၂ချက် ခပ်တင်းတင်း ခြည်ပေးပါ
  • ခြည်သောကြိုးများကို တင်းနိုင်သမျှ တင်းအောင် စည်းပေးပါ
  • ကြိုးခြည်တာ မတင်းပါက ကောက်ညှင်းထုတ်ထဲမှ ကောက်ညှင်းများကက စေးမနေဘဲ ဖွယ်တယ်တယ်ကြီး ဖြစ်နေတတ်ပါတယ်
  • ငှက်ပျောရွက်နှင့် ထုတ်မည်ဆိုပါက Aluminium Foilမခံဘဲ ဤနည်းအတိုင်း ထုတ်ပေးပါ
ကောက်ညှင်းထုတ်ပေါင်းရန်
  • ပေါင်းအိုးဇကာထဲမှာ ကောက်ညှင်းထုတ်ကို ရသလောက် စီပြီးထည့်ပါ
  • ပေါင်းအိုးအောက်ခံအိုးကို ရေတ၀က်သာသာထည့်ပြီး ရေဆူအောင် တည်ပေးပါ
  • ရေဆူတာနဲ့ ပေါင်းဇကာကိုတင်ပြီး အဖုံးအုပ်ကာ ကောက်ညှင်းထုတ်ကြီးလျှင် တနာရီခွဲသာသာ  ပေါင်းပေးပါ
  • ကောက်ညှင်းထုတ်သေးလျှင် တနာရီပေါင်းပေးပါ
  • ပေါင်းအိုးနှင့် မပေါင်းချင်ပါက အိုးတလုံးထဲမှာ ကောက်ညှင်းထုတ်များကို ကျပ်နေအောင် စီထည်ပြီး ရေမြုပ်နေအောင်ထည့်ကာ တနာရီလောက် ပြုပ်ပေးပါ
  • ပြုပ်နေစဉ် ရေလျှော့သွားပါက ရေထပ်ဖြည့်ပေးပါ
  • တစ်နာရီလောက်ဆို စေးထန်းပြီး ချိုမွှေးနေသော ငှက်ပျောသီး ကောက်ညှင်းထုတ် ရပါပြီ
  • အခွံခွာ၍ အုန်းသီးမှုန့်ဖြူးကာ စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။
ကောက်ညှင်းထုတ်ရန် ငှက်ပျောသီးကို သုံးပါက ဖီးကြမ်းငှက်ပျောနှင့်ရခိုင်င်ငှက်ပျောသီးကို သုံးပါက အရောင် နီရဲရဲလေး ရပါတယ် မာမာကတော့ ရခိုင်ငှက်ပျော ဖီးကြမ်းငှက်ပျော မရလို့ သီးမွှေးငှက်ပျောသီးနဲ့ဘဲ ထုတ်လိုက်ပါကာ သဘာဝအရောင်ကိုဘဲ သုံးထားလို့ အရောင်ဖြူနေပေမဲ့ စားလို့အရသာကောင်းပါတယ်။

No comments:

Post a Comment