Friday 8 July 2016

ငါးခေါင်း မျှစ်ချဉ်ဟင်း


မျှစ်ချဉ်လို့ပြောလိုက်တာနဲ့ သွေးတိုးပါ့မယ်ဟယ် အကြောတက်ပါ့မယ်ဟယ်လို့ ပြောတတ်ကြတာ ပါးစပ်ရာဇ၀င် တခုလိုဖြစ်နေပေမဲ့ ဘယ်သူတွေ ဘာဘဲပြောပြော မျှစ်ချဉ်ကတော့ အင်မတန် စားလို့ကောင်းတဲ့ စားဖွယ်ရာ တခုပါဘဲ။

နောက်တခုက မျှစ်ချဉ်လို့ပြောလိုက်တာနဲ့ အနံ့က နံလိုက်တာလို့ နှာခေါင်းပိတ်သူတွေက ပိတ်တတ်ကြပါတယ် ကြိုက်တဲ့သူတွေ ကျပြန်တော့ မျှစ်ချဉ်လေးက သင်းပြီးမွှေးနေတာဘဲ ကောင်းလိုက်တာ နတ်သုဒ္ဓါ တမျှပါဘဲဆိုပြီး မိန်ရည်ယှက်ရည် စားကြပြန်ပါတယ် လူတကိုယ် အကြိုက်တမျိုးပေါ့။

ပါးစပ်ရာဇ၀င်တွေထဲကလို မျှစ်ချဉ်စားလို့ အကြောလဲမတက် သွေးလဲမတိုးတတ်တော့ ပါးစပ်ရာဇ၀င်လေး ဘေးခနချထားပြီး မာမာကတော့ ဒီနေ့ ငါးခေါင်းတွေနဲ့ မျှစ်ချဉ်ကို တအိုးကြီးချက်ပြီး မီးအပူရှိန် ပူတယ်ဆိုရုံလေးနဲ့ တနေကုန်တည်ထားပြီး တစိမ့်စိမ့်စားဖို့ ချက်လိုက်မိပြန်ပါပြီ။

ပါဝင်ပစ္စည်းများ

  1. မျှစ်ချဉ် - တကီလို
  2. ငါးခေါင်း - အနေတော် ၇ခု
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ကြက်သွန်နီ - အနေတော် တလုံး
  5. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  10. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  11. ဆန်ဆေးရည် - မျှစ်ချဉ်မြုပ်လောက်အောင် ယူထားပါ

ပြင်ဆင်ပုံ
  • ငါးခေါင်းများကို ပါးဟက်များဖယ်ပြီး ရေများများနှင့် ဆေးထားပါ
  • ရေဆေးထားသော ငါးခေါင်းများကို ဇလုံတလုံးထဲထည့်ပြီး ဆား ငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့နှင့် အရသာ နယ်ထားပါ
  • မျှစ်ချဉ်ကို အချဉ်ပေါ့စေရန် ဆန်ဆေးရည်နှင့် မြုပ်အောင်ထည့်၍ တနာရီလောက် စိမ်ထားပြီးမှ ရေဆေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ငါးခေါင်းကိုထည့်ပြီး ဆီသတ်ပါ
  • ငါးခေါင်းထည့်ပြီးပြီးခြင်း အထက်အောက် အရသာမျှအောင် သုံးလေးချက်လောက် မွှေပေးပါ
  • ငါးခေါင်းများ လုံးမိစေရန်နှင့် ငါးခေါင်းများ ကျေမသွားစေရန် အိုးကို တချက်တလေ လှုပ်ပေးပါ
  • ငါးခေါင်းများ လုံးမိပြီဆိုတာနဲ့ မျှစ်ချဉ်များထည့်ပြီး ၂ချက်လောက် သမအောင် မွှေလိုက်ပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ
  • ရေပွက်ပွက်ဆူတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • မျှစ်ချဉ်က အငံများတဲ့အတွက် အငံအရသာကို ချင့်ချိန်ပြီးထည့်ပေးပါ
  • မျှစ်ချဉ်ဟင်းရည် ပထမတရည်ခမ်းအောင် တည်လိုက်ပြီး နောက်တရဘ် မြုပ်အောင် ထပ်ထည့်ပြီး တည်ပါ
  • ဟင်းရည် ပွက်ပွက်ဆူလာပြီဆိုတာနဲ့မျှစ်ချဉ်ငါးခေါင်းဟင်းကို စားသုံးနိုင်သလို မီးကိုလျှော့လိုက်ပြီး မီးမျှင်းမျှင်းနဲ့ တနေကုန် တည်ထားပြီး စားပါက ပိုပြီးစားကောင်းတဲ့ ငါးခေါင်းမျှစ်ချဉ်ဟင်းကို အရသာကောင်းကောင်းနဲ့ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment