ရွှေတောင်ခေါက်ဆွဲလို့ပြောလိုက်တာနဲ့ မြန်မာပြည်ပြန်တုံးက စားခဲ့တာလေးတွေကို ပြေးပြီး သတိရမိသွားတယ် ၀ယ်စားဖြစ်တဲ့ ဆိုင်တိုင်းက ပြင်ဆင်ပေးပုံလေးတွေ မတူလေတော့ ဘယ်ဟာက ရွှေတောင်စာ အစစ်လဲလို့ သံသယ ဖြစ်မိသွားတယ်။
တဆိုင်စားတိုင်း အရသာက တမျိုးထွက်ပြီး မုန့်ပွဲပြင်တော့လဲ အထဲထည့်တဲ့ အစာတွေက လွဲနေတတ်ပြန်ပါတယ် တချို့ဆိုင်က ပဲပင်ပေါက် ထည့်ကြပြီး တချို့ဆိုင်က ကြက်သွန်နီ လှီးပြီးသားလေးတွေ ထည့်ကြပြန်ရော။
အတိအကျကတော့ ရွှေတောင်သူစစ်စစ် ချက်မှဘဲ ရွှေတောင်ခေါက်ဆွဲ စစ်စစ်ရမယ် ထင်ပါတယ် အခုလဲ မြန်မာပြည်ကို လွမ်းမိတော့ စိတ်ထဲပေါ်လာတဲ့ ရွှေတောင်ခေါက်ဆွဲ ချက်နည်းကို တူနိုင်သမျှတူအောင် ချက်စားဖြစ်လို့ မာမာ ချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ် ရွှေတောင်သူ မဟုတ်တဲ့အတွက် တစုံတရာ လိုအပ် လွဲမှားခဲ့ရင် သည်းခံပေးကြစေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲအစို - တကီလို (လက်တဆုတ်စာကို အကြွတ်ကြော်ပါ)
- ကြက်ရင်ပုံသား - 450g
- ကြက်ရိုး - 150g
- ပဲအကျက်မှုန့် - 80g
- အုန်းသီး - ၁လုံး (သို့ ) ready made အုန်းနို့ဗူးကြီး တဗူး
- ကြက်သွန်နီ - အနေတော် နှစ်လုံး (ဆီသတ်ရန်)
- ကြက်သွန်နီ - ဥသေးသေး ၅လုံး (ဟင်းရည်ထဲထည့်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ (ဆီသတ်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ(ဆီချက်ချက်ရန် )
- ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း လေးဇွန်း
- ဂေါ်ဖီ - လိုသလောက်
- နံနံပင် - လိုသလောက်
- သံပုရာသီး - လိုသလောက်
- ဆီ - လိုသလောက်
- နနွင်းမှုန့် - လိုသလောက်
- အချိုမှုန့် - လိုသလောက်
- ဆား - လိုသလောက်
- ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း(ကြက်သားဆီသတ်ရန်)
ပြင်ဆင်ပုံ
အုန်းဆီချက်ရန်
- အုန်းသီးကို သုံးပါက အုန်းသီးကို ခြစ်နဲ့ခြစ်ပြီး အုန်းသီးမှုန့်များကို ရေနွေးပူပူလေး နဲနဲခြင်းလောင်းပြီး နယ်ပါ
- ရေနွေးကို နည်းနည်းခြင်းဘဲ ထည့်ပြီးနယ်လိုက် အရည်ယူလိုက် လုပ်ပါ
- ရေအရမ်းများစေရန် သတိထားပြီးနယ်ပါ ရေများပါက အုန်းဆီချက်လျှင် ကြာတတ်ပါတယ်
- အုန်းနို့များ ထွက်လာပါက အဖတ်များ မပါအောင် အ၀တ်ပါးထဲ ထည့်ပြီး ညှစ်ချပါ
- ရလာသော အုန်းနို့ကို ဆီထမင်းစားဇွန်း ၅ဇွန်းခန့်ထည့်ပြီး အုန်းဆီဖတ်လေး ရတဲ့အထိ အုန်းဆီချက်ပေးထားပါ
- Ready made ဗူးသုံးပါက အုန်းနို့ကို အိုးထဲပြောင်းထည့်ပြီး ဆီထမင်းစားဇွန်း ၅ဇွန်းထည့်ပြီး အုန်းဆီဖတ်လေးများ ရတဲ့အထိ ချက်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ထားပါ
ကြက်သားဟင်းချက်ရန်
- ကြက်ရင်ပုံသားကို ဆား လက်ဖက်ရည်ဇွန်းတ၀က် အချိုမှုန့်လက်ဖက်ရည်ဇွန်းတ၀က် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံထည့်ပြီး အရသာဝင်အောင်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ရေခမ်းပါက အအေးခံပြီး အသားအမျှင်ဖတ်များ ရအောင် နွှင်ထားပါ
- ကြက်သွန်နီ၂လုံးနှင့် ကြက်သွန်ဖြူ၃မွှာကို ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီးထောင်းထားပါ
- ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
- ဆီသတ်နံ့မွှေးလာတာနဲ့ နွှင်ထားသော ကြက်သားများကို ထည့်ပြီးဆီသတ်ပါ
- ကြက်သားက ကျက်ပြီးသားဖြစ်တဲ့အတွက် ဆီသတ်နံ့မွှေးလာလျှင် ပန်းကန်ထဲ ပြောင်းထည့်ထားပါ
ပဲအရည်ကျိုရန်
- ဇောက်နက်သော အိုးတလုံးထဲမှာ ပဲအကျက်မှုန့်ကို ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး နှစ်လုံးစာနှင့် အရည်ဖျော်ပေးပါ
- ကြက်သွန်နီ ဥသေးလေးများကို အခွံခွာပြီး ရေဆေးထားပါ
- ပဲရည်ကို ဆား လက်ဖက်ရည်ဇွန်း တဇွန်း အချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားဆီသတ် အနည်းငယ်နှင့် ကြက်သွန်ဥလေးများထည့်ပြီး မီးအနေတော်နှင့် ကျိုပေးပါ
- ကြက်သွန်ဥလေးများ နူးလာပြီး ပဲရည်မပျစ်မကျဲ အနေအထားရရင် မီးအေးအေးနဲ့ တင်ထားပါ
- ငရုတ်သီးလုံးခြမ်းခွဲများကို ပြင်ထားပါ
- မီးအလယ်အလတ်လောက်နှင့် ဒယ်အိုးထဲ ဆီထမင်းစားဇွန်း ၂ဇွန်းလောက်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ငရုတ်သီးမှုန့်များထည့်၍ ကြော်ပေးပါ
- အိုးထဲမှာ မွှေးရုံလေးဘဲကြော်ပြီး ပန်းကန်ထဲ ပြောင်းထည့်ထားပါ
- ကြက်သွန်ဖြူများကို အခွံခွာပြီး မညက်တညက် ထောင်းထားပါ
- ဒယ်အိုးတလုံးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
- ဆီအငွေ့တက်လာတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ကြော်ပါ
- ၀ါရောင်သန်းပြီး ကြွတ်လာတာနဲ့ ဆယ်ပြီးအအေးခံထားပါ
- ၂ခုစလုံး အေးသွားပြီးမှ ကြက်သွန်ကြော်နှင့် ဆီကို ပြန်ရောပေးပြီး ပန်းကန်တလုံးထဲ ထည့်ပေးထားပါ
ခေါက်ဆွဲကြော်ရန်
- ခေါက်ဆွဲဖတ်အစိုကို အကြွတ် ကြော်ရန်အတွက် လက်တဆုတ်စာလောက် ဖယ်ထားပါ
- ဇောက်နက်သော အိုးတလုံးမှာ ဆီစားပွဲတင်ဇွန်းကြီး ၂ဇွန်းစာခန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ခေါက်ဆွဲဖတ် နည်းနည်းခြင်းဆီကို ကြွတ်လာတဲ့အထိ ကြော်ပေးပြီး ဆီစစ်ထားပါ
- ခေါက်ဆွဲဖတ်ထည့်ထည့်ခြင်း ဆီများဝေကျတတ်သောကြောင့် ဇောက်နက်တဲ့ အိုးကိုသာသုံးပါ
ကြက်ရိုးဟင်းချိုချက်ရန်
- ကြက်ရိုးများကို ချင်း ခပ်ပါးပါး ၃ပြား ဆား အချိုမှုန့်ထည့်နယ်ကာ ရေအနည်းငယ်ထည့်ပြီး ပြုပ်ပေးပါ
- ရေခမ်းတာနဲ့ တရုတ်ဟင်းရည်သောက်ပန်းကန် အလတ် ၂လုံးစာထည့်ပြီး ရေဆူအောင်တည်ကာ အရသာမြည်းပြီး ငရုတ်ကောင်းမှုန့်ခပ်၍ လိုသလို ပြင်ထားပါ
တွဲဖက်စားရန် လိုအပ်တာတွေပြင်ပေးပါ
- နံနံပင်ကို ရေဆေးပြီး လှီးထားပါ
- ဂေါ်ဖီကို ခပ်ပါးပါးလှီးထားပါ
- သံပုရာသီးကို လှီးထားပါ
စားပွဲပြင်ရန်
- မုန့်ပွဲပြင်မည့် ပန်းကန်ထဲသို့ခေါက်ဆွဲဖတ် တပွဲစာထည့်ပါ
- ခေါက်ဆွဲဖတ်နှင့်အတူ ကြက်သားဆီသတ် ဂေါ်ဖီ အုန်းနို့ဆီချက် ကြက်သွန်ဖြူဆီချက် ငရုတ်သီးကြော် နံနံပင် သံပုရာသီးစိတ် ပဲဟင်းရည်အနည်းငယ်တို့ထည့်ပြီး ပြင်ပေးပါ
- ကြက်ရိုးဟင်းခါးပူပူလေးနှင့် သုံးဆောင်ရန် အသင့်ဖြစ်နေတဲ့ ရွှေတောင်ခေါက်ဆွဲရပါပြီ။
No comments:
Post a Comment