Saturday 2 July 2016

ငါးအူအချဉ်​ဆီပြန် မွှေးမွှေးလေး


ငါးတွေ လက်ဆောင်ရတော့ ပင်လယ်ငါး လတ်လတ်ဆတ်ဆတ်တွေမို့လို့ အူတွေလွှင့်ပြစ်ရမှာ သမျှောတာနဲ့အချဉ်ဆီပြန် ချက်ဖြစ်သွားပါတယ် မြန်မာပြည်မှာဆိုရင်တော့ ငါးရံ့အူ ငါးပါတ်အူ ငါးသလောက်အူတွေက ဈေးကောင်းပေးပြီးမှ ၀ယ်ချက်ရတဲ့ ဟင်းမျိုးပါ။

လက်ဆောင်ရတဲ့ငါးတွေက အသားက ငါးသလောက် အရသာနဲ့ဆင်ပြီး အနံ့ပြင်းပါတယ် ချက်နေရင် ယဉ်ကောင်တွေ အုံနဲ့ကျင်းနဲ့ ခြင်လုံဇကာမှာ တွယ်ကပ်နေတတ်ပြီး အိမ်ထဲကို ရတဲ့နည်းနဲ့ဝင်ဖို့ ကျိုးစားကြတတ်တဲ့ အနံ့စူးရှတဲ့ ငါးဟင်းမျိုးပါ။

ဒါပေမဲ့ ဟင်းမွှေးမဆလာ နိုင်နိုင်နဲ့ ချက်ပြီးရင်တော့ ငါးသလောက်နီးပါး ကောင်းပါတယ် ဒါကြောင့်မို့ ဟင်းမွှေးအရသာ နိုင်နိုင်နဲ့ ချက်တတ်ရင် ငါးအသားလိုဘဲ စားကောင်းတဲ့ ငါးအူချက်နည်း မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးအူအစုံလိုက် - ၄တွဲ
  2. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. စပါးလင် - နှစ်လက်မလောက်
  6. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  8. ချင်း - တစ်လက်မခန့်
  9. ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. မကျည်းသီးမှည့် - လိုသလောက်
  12. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ၇ဇွန်း

ငါးအူဆေးနည်း
  • ငါးအူကိုစိတ်ရှည်လက်ရှည် ဓါးသေးသေးနဲ့ အရှည်လိုက်ခွဲကာ အထဲမှ အစာအိတ်နှင့် မလိုတာတွေဖယ်ကာ သည်းခြေအိတ်ကို ဖယ်ပေးပါ
  • အူအထဲမှ အစာများကို ကုန်စင်အောင် သေသေချာချာ ခြစ်ထုတ်ပေးပါ
  • ဇလုံတလုံးထဲမှာ ငါးအူများကို ဆား ထမင်းစားဇွန်း တဇွန်း နနွင်းအနည်းငယ် မကျည်းသီးမှည့် ကွမ်းသီးဆံလောက်ထည့်ပြီး နယ်ပေးပါ
  • ၂မိနစ်လောက် နယ်ပြီးပါက အချွဲများ ထွက်လာတာနဲ့ ရေများများနှင့် စင်အောင်ဆေးပါ
  • ရေဆေးပြီးသား ငါးအူများကို အနံ့ပျောက်စေရန် ဗီနီကာ အနည်းငယ်ထည့်ပြီး လှုပ်ဆေးပြီး  ရေစင်အောင် ပြန်ဆေးထားပါ

ပြင်ဆင်ပုံ
  • ငါးအူများကို ငံပြာရည် အချိုမှုန့် ဆား နနွင်းထည့်ပြီး အရသာနယ်ထားပါ
  • ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်နီးကို ညက်နေအောင် ထောင်းထားပါ
  • စပါးလင်နှင့်ချင်းကို ညက်နေအောင် ထောင်းထားပါ
  • မကျည်းမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  • အဆင်သင့်ဖြစ်ပြီဆို ဒယ်အိုးကိုဆီထည့်ပြီ မီးအပူပေးပါ ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပါ
  • အနံ့မွှေးလာပါက အရသာနယ်ထားသော ငါးအူများကိုထည့်ပြီး မွှေပေးပါ ငါးအူများ မာပြီး အရောင်ပြောင်းလာတဲ့ထိ ဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် ငါးအူများ ကြေမသွားစေရန် မမွှေတော့ဘဲ အိုးကို ကိုင်ပြီးလှုပ်ပေးပါ
  • ငါးအူများ မာလာပါက ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ရေအနည်းငယ် ခမ်းလာပါက ရေစိမ်ထားသော မကျည်းမှည့်ကို အဖတ်များ ဖယ်၍ အနှစ်ထည့်ပြီး  ဆီပြန်အောင် တည်ပေးပါ
  • ဆီပြန်ကာနီး မဆလာအုပ်၍ အိုးကို လှုပ်လှုပ်ပေးကာ အောက်ခြေမကပ်အောင် သတိထားပြီး တည်ပေးပါ
  • ဆီပြန်လာပါက မဆလာနံ့ မွှေးမွှေးလေးနှင့် ငါးအူ ချဉ်ငံစပ် ဆီပြန်ဟင်းကို သုံးဆောင်ရန်ရပါပြီ။

No comments:

Post a Comment