Saturday, 30 July 2016

ကြက်​တောင်ပံရိုး ချဉ်စပ်ဟင်းရည်



ခရီးသွားကအပြန် ပဒဲကောတွေ တနင့်တပိုး ၀ယ်လာပြီး ဘာချက်ရမလဲ စဉ်းစားနေမိရာက ခရီးပန်းကာ ပင်ပန်းတာရော ဖျားတာရော ရောပြီးသကာလ ခံတွင်းတွေပျက် အရသာတွေ မဲ့နေလေတော့ ချဉ်ငံစပ်လေး သောက်ချင်တာနဲ့ ထိုင်းအစာကို အခြေခံပြီး ပြင်ဆင်လိုက်တဲ့ ချဉ်ငံပူစပ် အရည်သောက်ဆမ်း ဟင်းတပွဲအတွက် လွယ်ကူမြန်ဆန် ချက်ပြုပ်နိုင်ဖို့ ပြင်ဆင်ပုံလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ - 500g
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • စပါးလင် - ၂လက်မအရွယ် ၂ချောင်း
  • ကြက်သွန်ပင်အမြစ် - ၂လက်မအရွယ် ၄ခု
  • နံနံပင်အမြစ် - ၂ခု
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ပဒဲကော - တလက်မခွဲခန့် 
  • ငရုတ်သီး လုံးခြမ်းကွဲ - စားနိုင်သလောက်
  • သံပုရာသီး - နှစ်သက်သလောက်
  • ရေ - 6cups (ဟင်းရည်ချက်ရန်)
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ရေတ၀က်လောက်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ
  • ပွက်ပွက်ဆူနေသော ရေနွေးထဲမှာ သန့်စင်အောင် ဆေးထားသော ကြက်တောင်ပံများကို ၃မိနစ်လောက် ပြုပ်ကာ ရေသွန်ပေးထားပါ
  • ဟင်းရည် ကြည်ကြည်လေးရအောင် ပထမပြုပ်ရည်များကို သွန်ပေးရပါမယ်
  • အိုးအသစ် နောက်တလုံးထဲကို ကြက်တောင်ပံအရိုးများ ဆယ်ပြီး ပြောင်းထည့်ပေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ထုထားပါ
  • နံနံပင်အမြစ်ကို ရေဆေးပြီး ထုထားပါ
  • ကြက်သွန်ပင်အမြစ်ကို ရေစင်အောင် ဆေးထားပါ
  • ပဒဲကောကို ရေဆေးပြီး ထုထားပါ
  • သံပုရာသီးကို အနေတော် စိတ်ထားပါ
  • ရေ 6cups
ကြက်တောင်ပံပြုပ်ရန်
  • အိုးပြောင်းထည့်ထားသော ကြက်တောင်ပံများကို ရေ ဆား ငံပြာရည်တို့ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ပေးပါ
  • ရေ ပွက်ပွက်ဆူလာလျှင်  ငရုတ်သီးမှုန့် စပါးလင် ကြက်သွန်ပင်အမြစ် နံနံပင်အမြစ် ပဒဲကော တို့ကို ထည့်ကာ ရေပြန်ဆူလာသည်အထိ ပြုပ်ပေးပါ
  • ရေဆူလာတာနဲ့ အချိုမှုန့်ထည့်ပေး၍ အဖုံးဖုံးကာ ၁၅မိနစ်လောက် ပြုပ်ပေးပြီး အရသာမြည်း၍ လိုသလိုပြင်ပေးပါ
  • ပြီးတာနဲ့ စားနိုင်သလောက် တပွဲစာယူပြီး သံပုရာရည်တို့ ညှစ်ကာ ချဉ်ငံပူစပ် ကြက်တောင်ပံ အရည်သောက်ဆမ်းကို  စားသုံးနိုင်ပါပြီ။
သောက်မည့်သူနည်းပါက ဤနည်းအတိုင်း အချိုးအစားအားလုံး တ၀က်ဆီပြင်ကာ  တ၀က်လောက်ဘဲ ပြုပ်ပေးပါ

No comments:

Post a Comment