Monday 4 July 2016

ငှက်ပျောသီးမုန့်










ငှက်ပျောသီးတွေ ၀ယ်ထားပြီး စားဖို့မေ့နေလေတော့ အမှည့်လွန်သွားမှာ ဆိုးတာနဲ့ ငှက်ပျောသီးမုန့်လုပ်ဖြစ်သွားပါတယ် ဖီးကြမ်းငှက်ပျောလို အရောင်မလှပေမဲ့ စားလို့တော့ အရမ်းကောင်းပါတယ်။

ငှက်ပျောသီးက သဘာဝ အချိုပါပြီးသားမို့လို့ အချိုပေါ့ပေါ့ ကြိုက်ရင်တော့ သကြားကို လျှော့ပြီး ထည့်စေချင်ပါတယ်။

ငှက်ပျောရွက်မရှိလို့ ၀ါးရွက်နဲ့ထုတ်ရတာ နည်းနည်းလေး ခက်ခဲပေမဲ့ ထုတ်ပြီးသွားလို့ ပေါင်းပြီးပြီဆိုရင်တော့ အရသာရှိတဲ့ မုန့်ကိုရမှာ ဖြစ်ပါတယ် ငှက်ပျောရွက် ရှိရင်တော့ ငှက်ပျောရွက်နဲ့ထုတ်ပြီး ပေါင်းစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငှက်ပျောသီး ခြေပြီးသား - မုန့်လုပ်ရာတွင် သုံးသော မုန့်ချင်ခွက် ၂ခွက်
  2. ဆန်မှုန့် - ၂ခွက်
  3. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  4. အုန်းသီးခြစ်ပြီးသား - တခွက်
  5. သကြား - ခွက်ဧ။် လေးပုံသုံးပုံ
  6. ငှက်ပျောရွက် သို့ ၀ါးရွက် - လိုသလောက်
  7. Aluminium Foil - လိုသလောက်
  8. အုန်းနို့ -  တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)

ပြင်ဆင်ပုံ
  1. ၀ါးရွက်အခြောက်များကို ရေစင်ဆေးပြီး ရေနွေးနှင့် ၃နာရီလောက် စိမ်ထားပါ
  2. ရေနွေးစိမ်ထားသော ၀ါးရွက်များ ပျော့လာပါက ထိပ်နှစ်ဖက်ကို ညှပ်ပလိုက်ကာ အလယ်မှ ကပ်ကြေးဖြင့် ညှပ်ပေးထားပါ
  3. Aluminium Foilကိုလဲ ၀ါးရွက် ၂ခုခင်းစာထက် ဘေး၂ဖက်ကို ၂လက်မနီးပါးစီ ပိုပြီး ဖြတ်ထားပါ ကတ်ကြေးဖြင့် ညှပ်ထားပါ
  4. အုန်းသီးကို အသားမြှောင်းရှည်ရှည် ရအောင် ခြစ်ထားပါ
  5. အလွယ်တကူ ရနိုင်သော ready made အုန်းသီးခြစ်ပြီးသားကိုလဲ သုံးနိုင်ပါတယ်
  6. အုန်းနို့ကိုလဲ ပြင်ထားပါ
  7. အုန်းသီးအဆင်သင့်ရှိက အုန်းနို့ညှစ်ယူပြီး အဆင်သင့်မရှိက ready made အုန်းနို့ဗူးကို သုံးပါ
  8. ငှက်ပျောသီးကို တလုံးခြင်း အခွံခွာပြီး ဇွန်းဖင်ဖြင့် ကျေသွားအောင် ဖိချေထားပါ
  9. အားလုံးအဆင်သင့် ဖြစ်ပြီဆို ပါဝင်ပစ္စည်းများ ပြင်ထားပါ
  10. ကျေသွားအောင် ချေထားသော ငှက်ပျောသီးဇလုံထဲမှာ ဆန်မှုန့် ဆား သကြား အုန်းနို့ အုန်းသီးခြစ်ပြီးသား  အားလုံးကို သမသွားအောင် ရောမွှေပါ
  11. ပြီးတာနဲ့ Aluminum Foil ပေါ်မှာ ၀ါးရွက်ထက်ဝက်ပိုင်း၂ခု ( သို့ ) ငှက်ပျောရွက်ကို အလယ်တည့်တည့်မှာ ခင်းပေးပါ
  12. ထိုအပေါ်မှာ အရသာစပ်ထားသော ငှက်ပျောသီးကို ထမင်းစားဇွန်း ၅ဇွန်းခန့် တင်ပြီး ထုတ်ပေးပါ
  13. ထုတ်ထားသော Aluminum Foil ကို ဘေးနှစ်ဖက်နှင့် အထက်အောက် ၂ဖက်ကို လုံခြုံစွာ ထုတ်ပေးပါ
  14. အရသာစပ်ထားသော ငှက်ပျောသီးကုန်သည်ထိ အထက်ပါ နည်းအတိုင်း ထုတ်ပေးပါ
မုန့်ပေါင်းရန်
  • အောက်ခံရေနွေးအိုးကို ရေတ၀က်သာသာထည့်ပြီး ဆူအောင်တည်ပါ
  • မုန့်ထုတ်များကို ပေါင်းဇကာထဲ စီပြီးထည့်၍ ပေါင်းရေနွေးအိုးပေါ်တင်ပြီး အဖုံးအုပ်ကာ ပေါင်းပေးပါ
  • မိနစ်၃၀မှ ၃၅မိနစ်အတွင်း ပေါင်းပေးပြီးပါက ငှက်ပျောသီးမုန့်ကို ရပါပြီ
  • မီးဖိုပေါ်မှဖယ်ကာ ငှက်ပျောရွက် သို့ ၀ါးရွက်များကိုဖယ်ကာ အုန်းသီးမှုန့် ဖြူး၍ ငှက်ပျောသီးမုန့်ကို အရသာရှိစွာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment