Sunday 24 July 2016

ငါးငရုတ်သီးစိမ်း အစပ်ချက်


ပုံမှန် တကီလိုကို $11 လောက်ရှိတဲ့ ဘာဆာငါးတွေကို တကီလို $4 လောက်နဲ့ ဈေးချတော့ ၆ကီလို ပုံးတပုံး ၀ယ်လာပြီး ချက်လိုက် ကြော်လိုက် ငါးဆားနယ် လုပ်လိုက်နဲ့ ငါးဟင်းပွဲတွေ မရိုးရအောင်ကို ချက်နေမိပါတော့တယ်။

ဆောင်းရဲ့အေးချမ်းမှုကို ကာကွယ်နိုင်ဖို့ ငါးကို ငရုတ်သီးစိမ်းနဲ့ ခပ်စပ်စပ်လေးချက်ကာ ထမင်းမိန်မိန် စားရအောင် ချက်နည်းလေး မျှဝေလိုက်ပါတယ် ဘာဆာငါးအစား ငါးမြင်း ငါးမြစ်ချင်း ငါးချင်း ငါးရံ့ ငါးပါတ် စသည့်ငါးတွေနဲ့လည်း အစားထိုးပြီး ချက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး သို့မဟုတ် အသားများသောငါး - 500 g 
  2. အစပ်လွန်သော ငရုတ်သီးစိမ်း မိုးမျှော်ငရုတ်သီး အနီရောင် - ၁၂တောင့်
  3. အစပ်နည်းသော ငရုတ်သီးစိမ်း အတောင့်ကြီးကြီး အနီရောင် - ၇တောင့် 
  4. မစပ်သော ငရုတ်သီးစိမ်း အစိမ်းရောင် အတောင့်ကြီးကြီး - ၃တောင့်(ဟင်းအိုးအုပ်ရန်)
  5. နံနံပင် - အနည်းငယ်
  6. ခရမ်းချဉ်သီး - အနေတော် ၅လုံး (လတ်လတ်ဆတ်ဆတ် သုံပါက)
  7. Ready made လှီးပြီးသားဗူး - 250 ml (ready made ဗူးသုံးပါက)
  8. ကြက်သွန်နီ - အနေတော် တခြမ်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာခန့်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ (ဟင်းအရသာနယ်ရန်နှင့် ဟင်းအိုးထဲထည့်ရန်)
  11. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအရသာနယ်ရန်နှင့် ဟင်းအိုးထဲထည့်ရန်)
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးအရသာနယ်ရန်နှင့်ဟင်းဆီသတ်ရန်)
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • ငါးကိုရေဆေးပြီး အနေတော်တုံးကာ အချိုမှုန့် နနွင်းမှုန့် ဆားတို့နဲ့ အရသာဝင်အောင် နယ်ထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းများ နံနံပင်တို့ကို ရေဆေးထားပါ
  • ကြက်သွန်နီ မစပ်သော ငရုတ်သီးစိမ်း စပ်သော မိုးမျှော်ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူကိုရောပြီး မညက်တညက် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးကိုအပူပေးကာ ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်ထောင်း ကျန်နေသော နနွင်းမှုန့် နှင့် ခရမ်းချဉ်သီးတို့ကို အိုးထဲထည့်ကာ ဆီသတ်ပေးပါ
  • ကြက်သွန် ငရုတ်သီးထောင်း အဖတ်များနွမ်းလာပါက ကျန်နေသောအချိုမှုန့် ကျန်နေသောဆားနှင့် ရေထည့်ကာ အိုးအဖုံး ဖုံးကာ ဟင်းအနှစ်များ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူလာတာနဲ့ ငရုတ်သီးစိမ်းတောင့် နှင့်အရသာ နယ်ထားသော ငါးများထည့်ကာ အထက်အောက် သမအောင်မွှေပေးပြီး ပွက်ပွက်ဆူအောင် ၇မိနစ်လောက် တည်ပေးပါ
  • ဟင်းနံ့လေး သင်းလာပြီဆိုတာနဲ့ အိုးအဖုံးဖွင့်ကာ နံနံပင်အုပ်၍ မီးပိတ်ပေးပြီး စားသုံးရန် ပြင်ဆင်နိုင်င်ပါပြီ။

No comments:

Post a Comment