Tuesday, 5 July 2016

တုန်ယမ်း ထမင်းကြော်




ချဉ်ငံစပ်ပြီး မွှေးနေတဲ့ တုံယမ်းထမင်းကြော်လေးက ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ရာသီဥတုနဲ့တော့ အကိုက်ပါဘဲ။

တုံယမ်းအနှစ်လေးရှိရုံနဲ့ အရသာက တော်တော်လေး ကောင်းနေပါပြီ ဒါပေမဲ့ ပိုပြီးအရသာပြည့်စုံကာ မွှေးနေအောင် စပါးလင် ရှောက်ခါးရွက် ပဒဲကောလို အမွှေးအကြိုင်တွေ ထပ်ဖြည့်လိုက်တော့ နတ်သုဒ္ဓါလို့ဘဲ ပြောလို့ရမှာပါ။

တကယ်လို့များ တုန်ယမ်းအနှစ်ဘဲရှိပြီး ကျန်နေတဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင်လဲ အသားတမျိုးမျိုးနဲ့ တုန်ယမ်းအနှစ်ရောပြီး ကြော်လိုက်ရင်ဘဲ တုန်ယမ်းအနှစ်ထဲမှာ အရသာအစုံပါဝင်ပြီးသား ဖြစ်တဲ့အတွက် အရသာပြည့်စုံတဲ့ ထမင်းကြော်တမယ် ရလာမှာပါ။

ပါဝင်ပစ္စည်းများ

  • ဘာစမာတီဆန်ကိုချက်ပြီး အအေးခံထားသော ထမင်းဖြူ - တရုတ်ဟင်းရည်သာက် ပန်းကန်အလတ် တလုံးစာ
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး တမွှာ
  • တုံယမ်းအနှစ် - ထမင်းစားဇွန်း တဇွန်းသာသာ
  • ကြက်သားနှင့် ကြက်အသည်းအမြစ် - 150g ( နှစ်သက်ရာ အသားထည့်သုံးနိုင်ပါတယ်)
  • စပါးလင် - တလက်မခန့်
  • ရှောက်ခါးရွက် - နှစ်ရွက်ခန့်
  • ပဒဲကော - ခပ်ပါးပါး ၂ချပ်
  • ငရုပ်သီးစိမ်း - နှစ်တောင့်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ချယ်ရီ ခရမ်းချဉ်သီး - သုံးလုံး
  • ဂေါ်ဖီ - အနည်းငယ်
  • မုံလာဥနီ - အနည်းငယ်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • ကြက်ဥ - တလုံး
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ဖျား ပါတယ်ဆိုရုံလေး


ပြင်ဆင်ပုံ

  1. ချက်ပြီးသား ထမင်းဖြူကို အအေးခံထားပါ
  2. ကြက်သားနှင့် ကြက်အသည်းအမြစ်ကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါးလှီးကာ ဆား နနွင်း အချိုမှုန့်တို့နှင့် အရသာနယ်ထားပါ
  3. ဂေါ်ဖီကို ခပ်ထူထူ လှီးထားပါ
  4. မုံလာဥနီကို ခပ်ရှည်ရှည် လှီးထားပါ
  5. ကြက်သွန်နီကို ပါးပါးလှီးထားပါ
  6. ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  7. ငရုပ်သီးစိမ်းကို အရှည်လိုက် ၄စိတ်စိတ်ပေးပါ
  8. စပါးလင်ကို အရင်းပိုင်း အတွင်းသား နုသည့်အပိုင်းကို ပါးပါးလှီးထားပါ
  9. ပဒဲကောကို အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
  10. ရှောက်ခါးရွက်ကို ခပ်ထူထူ အရှည်လိုက် လှီးထားပါ
  11. ကြက်ဥကို ခေါက်ထားပါ
  12. ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဇောက်နက်သော ဒယ်အိုးကို အပူပေးပြီး ဆီထမင်းစားဇွန်း တဇွန်းနှင့် အရသာနယ်ထားသော ကြက်သားကို အိုးကင်းပူတိုက်ပြီး ကြော်ပါ 
  • ကြော်နေစဉ် အသားမှ ထွက်လာသော အရည်များ ခမ်းလာတဲ့အထိ ကြော်ပေးပြီး ဘေးကိုတွန်းထားပါ
  • ပိုနေသော ဆီ ထမင်းစားဇွန်း ၃ဇွန်းကိုထည့်ပြီး ကြက်သွန်အနီ အဖြူကို မွှေးရုံလေး ကြော်ပေးပါ
  • ပြီးတာနဲ့ ဂေါ်ဖီ မုံလာဥနီ စပါးလင် ပဒဲကောတို့ကို တမိနစ်လောက် ထည့်ကြော်ပြီး  ဘေးကပ်ထားသော ကြက်သားကြော်နှင့် တုံယမ်းအနှစ်ကိုထည့်ပြီး ရောကြော်ပါ
  • နှစ်ချက် သုံးချက်လောက် ဆက်တိုက် မွှေပြီးတာနဲ့ အအေးခံထားသော ထမင်းဖြူနှင့် ငံပြာရည်ထည့်ပြီး အထက်အောက် သမအောင်မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ အရသာမြည်းကာ စပါးလင် ငရုတ်သီးစိမ်း ခရမ်းချဉ်သီး ရှောက်ခါးရွက် တို့ကိုထည့်ပြီး အထက်အောက် သမအောင် တချက်နှစ်ချက်မွှေပေးပါ 
  • အားလုံးသမပြီဆိုတာနဲ့ ထမင်းကြော်များကို ဘေးသို့တွန်းထားပြီး ခေါက်ထားသော ကြက်ဥထည့်၍ အိုးပူတိုက် မွှေလိုက်ပါ
  • ကြက်ဥကျက်ပြီဆိုတာနဲ့ ထမင်းကြော်နှင့် ရောမွှေကာ  အရသာရှိလွန်းတဲ့ တုံယမ်းထမင်းကြော်ကို နှစ်သက်ရာ အချဉ်နှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment