Wednesday 20 July 2016

ငါးပဲငပိဟင်း မွှေးမွှေးလေး












ဒီနေ့တော့ ငါးကိုကြော်တယ်ဆိုရုံလေး ကြော်ပြီး ပဲငပိနဲ့ပြန်ချက်ထားတဲ့ ငါးပဲငပိချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

တီလားဖီးယား ငါးမြစ်ချင်း ငါးချင်းတို့ကို အခုလို ငါးပဲငပိ ကြော်ချက်လေး ချက်စားနိုင်တဲ့အတွက် ချက်စားကြည့်စေချင်ပါတယ်။

မာမာကတော့ ပင်လယ်ငါး တမျိုးကို တရုတ်နှစ်ကူးတွေမှာ ချက်သလိုမျိုး ချက်ထားတဲ့အတွက် စားလို့အရမ်းကောင်းပြီး ချက်ချိန်လဲ သိပ်မကြာတဲ့အတွက် အဆင်ပြေရင် ချက်စားကြည့်ရအောင် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါးတကောင်  - တစ်ကီလိုခန့်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  3. ချင်း - တစ်လက်မခန့်
  4. ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
  5. တို့ဟူး - အနည်းငယ်
  6. ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး
  7. ကြက်သွန်မိတ် - အနည်းငယ်
  8. ပဲငပိ - ထမင်းစားဇွန်း ၃ဇွန်း
  9. ကော်မှုန့် potato starch - ထမင်းစားဇွန်းတစ်ဇွန်း
  10. ရေ - ထမင်းစားဇွန်း ၂ဇွန်း ( ကော်ရည်ဖျော်ရန်)
  11. ရေ - 500 ml (ဟင်းချက်ရန် )
  12. ငရုတ်သီးစိမ်း - ၃တောင့်
  13. ငံပြာရည်အကျဲ - ထမင်းစားဇွန်း ၂ဇွန်း
  14. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ငါးကို အကြေးခွန် ဆူးတောင် ပါးဟက်နှင့် ဗိုက်ထဲမှ ကလီစာများ ဖယ်ပေးပါ
  • မလိုတာတွေ ဖယ်ထားပြီးသော ငါးကိုအကောင်လိုက် ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးကာ ပုံပါအတိုင်း ၄ချက်စီ မွှန်းပေးထားပါ
  • ကြက်သွန်ဖြူကို ခပ်နုတ်နုတ် လှီးပေးထားပါ
  • ကြက်သွန်မိတ်ကို ခပ်ထူထူ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးထားပါ
  • တို့ဟူးကို လက်တဆစ်ခန့် အနေလေးတွေ လှီးထားပါ
  • ချင်းကို အခွံခွါပြီး ခပ်ပါးပါး သေးသေးရှည်ရှည်လေးတွေ လှီးပေးထားပါ
  • ခရမ်းချဉ်သီးကို အစေ့ထုတ်ကာ ခပ်ပါးပါး လှီးထားပါ
  • ပဲငပိကို အဆင်သင့် ပြင်ထားပါ
  • ဟင်းချက်ရန် လိုသောရေကို အဆင်သင့် ပြင်ထားပါ
  • ကော်မှုန့်နှင့်ရေကို ဖျော်ထားပါ
ဟင်းချက်ရန်ပြင်ဆင်ပုံ
  • အောက်ခြေ မကပ်သည့် ဒယ်အိုးကို အရမ်းပူလာအောင် မီးအားပြင်းပြင်းဖြင့် အပူပေးလိုက်ပါ
  • အိုးအရမ်း ပူလာပါက ဆီကိုထည့်ပေးပါ
  • ဆီ ပူလာပြီး အငွေ့တက်လာတာနဲ့ ငါးကိုထည့်ပေးပါ
  • ငါးအရည်ခွံများ အိုးမှာမကပ်စေရန် ငါးထည့်ပြီးပြီးချင်း ငါးကိုမလှန်ဘဲ ခနထားပေးပါ
  • ငါးကြော်အိုးကို ဆီပြန့်သွားစေရန် ဟိုဖက် ဒီဖက် အနည်းငယ် စောင်းပေးပါ
  • တဖက်ကို ၂ မိနစ်လောက် အရည်ခွံ မာတယ်ဆိုရုံလေး အပူပေးပါ
  • ဇွန်းအပြားကြီးကြီးနှင့် ထိုးကလော်၍ လက်တဖက်က ထိမ်းပြီး အထက်အောက် လှန်ပေးပါ
  • ငါးအရည်ခွံ နှစ်ဖက်လုံး ခပ်မာမာလေး ဖြစ်တာနဲ့ ပန်းကန်ပြား တခုထဲ ဆယ်ထုတ်ပေးထားပါ
  • ထိုအိုးထဲမှာဘဲ လက်ကျန်ဆီနှင့် ချင်းနှင့်ကြက်သွန်ဖြူကိုထည့်ကာ နှစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော တို့ဟူးနှင့် ခရမ်းချဉ်သီးထည့်၍ ၂ မိနစ်လောက် ကြော်ပေးပါ
  • ငရုတ်သီးစိမ်းနှင့် ပဲငါးပိထည့်၍ မိနစ်ဝက်လောက်ကြော်ပေးပါ
  • ပဲငံပြာရည်အကျဲ ဆား အချိုမှုန့်နှင့်ရေထည့်ကာ ဟင်းရည်အိုး ဆူလာအောင် တည်ပေးပါ
  • ဟင်းရည် ဆူလာတာနဲ့ ကြော်ထားသော ငါးကိုထည့်ပြီး ငါးအပေါ်ပိုင်းကို အရသာဝင်အောင် ဇွန်းဖြင့် ဟင်းရည်များကိုခပ်ပြီး လောင်းပေးပါ
  • ပြီးတာနဲ့ အိုးအဖုံး ဖုံးကာ ၁၅မိနစ်ခန့် တည်ပေးပါ
  • ဟင်းအိုးတည်ထားစဉ် အိုးအဖုံးကိုဖွင့်ပြီး ငါးအငေပ်ါပိုင်းကို ဟင်းရည်ခပ်ပြီး သုံးလေးခါလောက် လောင်းပေးပါ
  • ငါးကျက်ပြီဆိုတာနဲ့ ငါးကို ဇွန်းအပြားကြီးကြီးနှင့် ကော်ပြီး ပန်းကန်ပြားထဲကို ပြောင်းထည့်ပါ
  • ငါးဆယ်ပြီး ကျန်တဲ့ဟင်းရည်အိုးထဲကို ကော်ရည်ကိုလောင်းထည့်ကာ လှီးထားသော ကြပ်သွန်မိတ်ထည့်ပြီး တမိနစ်လောက်မွှေကာ ငါးအပေါ်ကိုလောင်းချပြီး ငါးပဲငပိဟင်းကို စားသုံးရန် ပြင်နိုင်ပါပြီ။

No comments:

Post a Comment