Monday, 11 July 2016

ကြက်သားကော်ရည်




ဒီနေ့တော့ စိတ်ကူးရသလို ကော်ရည်ကျဲလေးကျိုပြီး ငါးပိထောင်းလေးနဲ့ သောက်ကြမယ် ကိုယ့်စိတ်တိုင်းကျ ပြင်ဆင်တော့လဲ မာမာ့လက်ရာပေါ့နော် စိတ်ကူးရသလို ကျိုလိုက်ပေမဲ့ စားကောင်း သောက်ကောင်း ရာသီဥတု အေးအေးလေးမှာ သောက်ချင်စဖွယ်လေးမို့လို့ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲပြုပ်ပြီးသား - 500g
  • ကြက်အရိုးအသား - 500g 
  • မှိုခြောက် - ၇ပွင့်
  • ပဲလိပ် - အနည်းငယ်
  • ကြက်ဥ - ၁လုံး 
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • သကြား - ထမင်းစားဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တဇွန်းသာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • ကော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း ၅ဇွန်း
  • ငရုတ်သီးစိမ်း - စားနိုင်သလောက် လှော်ထားပါ
  • ငရုတ်သီး - အလှော်မှုန့် ထမင်းစားဇွန်း တဇွန်းခန့်
ကြက်သားပြုပ်ရန်
  • ကြက်သားကို ရေဆေးပြီး ဆားအနည်းငယ်ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး အသားနူးအောင် ပြုပ်ပေးပါ
  • အသားနူးတာနဲ့ အသားများကို အနေတော် အမျှင်အတုံးလေးများ ထွင်ထားပါ
  • အရိုးများကို ဖယ်ပလိုက်ပါ
  • ခေါက်ဆွဲဖတ်ကို ပြင်ထားပါ
  • ကြက်သွန်မိတ်ကို ခပ်နုတ်နုတ်လှီးထားပါ
  • ကြက်ဥကို ခလောက်ထားပါ
  • ပဲလိပ် မှိုခြောက်တို့ကို ရေမြုပ်အောင်ထည့်ပြီး တနာရီလောက် ရေစိမ်ထားပြီး ရေဆေးထားပါ
  • ကော်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက အသားထွင်ထားသော ကြက်သားကို ဟင်းရည်ပြင်မည့်အိုးထဲသို့ ထည့်ပေးပါ
  • ထိုအိုးထဲကို ရေ တရုတ်ဟင်းပြင်ပန်းကန် ၃လုံးသာသာ ထည့်ပြီး ဆူအောင်တည်ပေးပါ 
  • ရေဆူလာတာနဲ့ ကော်ရည်ကိုထည့်ပြီး အဆက်မပြတ် မွှေပေးပါ
  • ကော်ရည်ထည့်နေစဉ် ကော်ရည် ခဲမသွားစေရန် ဆက်တိုက် မွှေပေးပါ
  • အရမ်းပျစ်ပျစ် မကြိုက်ပါက ရေထပ်ထည့်ပေးပါ
  • ကော်ရည်ပျစ်လာတာနဲ့ ခလောက်ထားသော ကြက်ဥကို ဇကာစိတ်စိတ်လေးခံကာ နည်းနည်းခြင်းထည့်၍ လက်သန်ရာဘက်သို့ တဖက်ထဲ လှည့်ပြီးမွှေပေးပါ
  • ကြက်ဥကျက်တာနဲ့မှိုခြောက် ပဲလိပ် ပဲငံပြာရည် ဆား သကြား ထည့်မွှေပါ
  • ကော်ရည်ပွက်ပွက် ဆူပြီးတာနဲ့ငရုတ်ကောင်းမှုန့်ကို ထည့်ပြီးမွှေပါ
  • အရသာမြည်းပြီး ဆား သကြားအရသာ လိုသလိုပြင်ကာ မီးအေးအေးနှင့်မီးဖိုပေါ်မှာ တင်ထားပေးပါ
ကော်ရည်နှင့် တွဲပြီးစားရန် ငါးပိထောင် ထောင်းရန်
  • ပုဇွန်ငါးပိကို မွှေးလာအောင် ကင်လိုက်ပြီး ကြက်သွန်ဖြူ ငရုတ်သီးအလှော်မှုန့် ငရုတ်သီးစိမ်းလှော်တို့နှင့် ရောပြီးထောင်းပါ
  • ငါးပိထောင်းထဲကို သံပုရာရည်ညှစ်ပြီး နှံ့အောင်မွှေလိုက်ပါ
ကော်ရည်ပွဲပြင်ရန်
  • ပန်းကန်လုံး တလုံးထဲမှာ ခေါက်ဆွဲဖတ်ကို စားနိုင်သလောက်ထည့်ပြီး အပေါ်မှ ကော်ရည်ပူပူကို လောင်းထည့်ကာ ကြက်သွန်မိတ်ဖြူးပြီး ပြင်ပေးပါ
  • ကော်ရည်စားပွဲ တပွဲစာပြင်ပြီး ငါးပိထောင်းနှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment