Saturday 23 July 2016

အမဲသား အမွကြော်









ဒီနေ့တော့ အလှူတစ်ခုကို ယူသွားဖို့ အမဲသားအမွကြော်လေး ကြော်ဖြစ်ပါတယ် မွရွနေပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို ကြော်စားချင် သူတွေအတွက် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. အမဲသား - 1000 g
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ကြက်သွန်နီ - အလုံးကြီးကြီး ငါးလုံး
  4. ချင်း - တစ်လက်မခန့်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အသားအရသာနယ်ရန်နှင့် ကြက်သွန်ကြော်ရန် တစ်ဝက်ဆီခွဲသုံးပါ)
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆီ - လိုသလောက် သုံးပေးပါ
  8. ရေ - 2 cups

ပြင်ဆင်ပုံ
  • အမဲသားကို ရေဆေးပြီး အမဲသားကို အရှည်လိုက် ပုံပါအတိုင်း အတုံးလေးတွေ တုံးပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလေးတွေ လှီးပေးပါ
  • ခပ်ပါးပါး လှီးထားသော ကြက်သွန်နီများကို လက်နှင့် ဆုတ်ဆုတ်ချေပြီး ဖွထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ချင်းပြား အမဲသား ဆား နနွင်းမှုန့် အရသာမှုန့်တို့နှင့် အရသာဝင်အောင် နယ်ထားပြီး အနည်းဆုံး တစ်နာရီလောက် နှပ်ထားပါ
  • ပြီးတာနဲ့ အရသာ နှပ်ထားသော အိုးထဲကို ရေမြုပ်အောင်ထည့်၍ အဖုံးဖုံးကာ မီးအနေတော်နဲ့ တည်ထားပေးပါ
  • အသားအိုး တည်ထားစဉ် အရသာဝင်စေရန်နှင့် အသားအကျက်ညီစေရန် နှစ်ခါသုံးခါလောက် လှန်ပေးပါ
  • ရေတစ်ဝက်လောက် ခမ်းသွားတာနဲ့ မီးကို အနည်းငယ် ထပ်လျှော့ပေးပြီး ရေခမ်းတဲ့အထိ တည်ပေးထားပါ
  • ရေခမ်းကာနီးပါက ဟင်းအိုးတူးပြီး ကပ်စေနိုင်တဲ့အတွက် သတိထားပြီး ကြည့်ပေးပါ
  • ရေအကုန်လုံး ခမ်းသွားတာနဲ့ အသားများကို အအေးခံပေးထားပါ
  • အသားများ အေးသွားတာနဲ့ ချင်းဖတ်များနှင့်အတူ အသားများကို ငရုတ်ဆုံထဲထည့်ပြီး  မွသွားအောင် သေသေချာချာ ထုပေးပါ
  • အသားများကို ထုပြီးတာနဲ့ အသားအမြောင်းလေးများ ဖြစ်လာအောင်  ဖွထားပေးပါ
  • ကြက်သွန်နီကြော်ရန် အိုးတစ်လုံးထဲ ဆီများများထည့်၍ အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး ကြက်သွန်ကို တစ်ဝက်ဆီထည့်ပြီ ရွှေဝါရောင် သန်းလာတဲ့အထိ ကြော်ပေးပြီး ဆယ်၍ ဆီစစ်ထားပါ
  • ကျန်နေသော ကြက်သွန်နီကိုလဲ အထက်ပါနည်းအတိုင်း ကြော်ပြီး ဆီစစ်ထားပါ
  • ထိုဆီအိုးထဲမှာဘဲ ဖွထားမွထားသော အမဲသားကို မီးအနေတော်လောက်နှင့် ၁၅မိနစ်လောက် ကြော်ပေးပြီး ကြွတ်လာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ကြက်သွန်ကြော်နှင့် အမဲသားကြော် နှစ်မျိုးလုံး အေးသွားပြီ ဆိုတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ရောပြီးမွှေပေးပါ
  • မွှေးပြီးချိုနေသော အမဲသား အမွကြော်ကို ပေါင်မုန့် ထမင်းတို့နဲ့ နှစ်သက်သလို စားနိုင်အောင် ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment